Saturday, October 28, 2017

အဘယ်ကြောင့် မြန်မာတွေပြည်ပထွက်ဆေးကုခံနေကြသနည်း

“နေကောင်းလား” ဟူသောစကား မြန်မာ့လူမှုဆက်ဆံရေးနယ်ပယ်တွင် ချစ်စဖွယ်ပဋိသန္တာရ မိတ်ဝတ်စကား အဖြစ်လည်းကောင်း၊ မိမိတို့နှင့်ခင်မင်းရင်းစွဲမရှိခဲ့သူတို့ကိုပင် ကနဦးတွေ့ဆုံကြရာတွင် မိတ်ဆက်ဝတ်စကား အဖြစ် လည်းကောင်း အသုံးပြုခဲ့သည်မှာ နှစ်ပရိစ္ဆေဒအတော်ကြာပြီဖြစ်သည်။ စာရေးသူတို့ငယ်စဉ်က နံမည် ကြီး စာရေးဆရာကြီးတစ်ဦး၏ဖေါ်ညွှန်းချက်အရဆိုလျင်၊ လူမျိုးတိုင်းတို့သည် မိမိတို့၏မိတ်ဝတ် ကနဦး နှုတ်ဆက်စကားတို့က မိမိတို့လူမျိုးတို့၏လိုလားတောင့်တချက်ကို လှစ်ဟဖေါ်ပြနေသည်ဟု အဆိုရှိခဲ့သည်ကို မှတ်သားမိ ပါသည်။ Good morning ဟူသော လောက၀တ်စကားကိုဦးစွာပြောလေ့ရှိသော အင်္ဂလန်/ဥရော ပဒေသသားတို့၏ မနက်ခင်းလောကနေရောင်ခြည်ကိုလိုလားတောင့်တချက်ကိုဖေါ်ကျူးနေသကဲ့သို့ပင်။
ကျန်းမာရေးနှင့်ပါတ်သက်လျင် လူသားတို့အစိုးမရသော ကိစ္စအဖြစ် ဆင်းရဲချမ်းသာမရွေးတို့က ကောင်းစွာ နားလည်ကြသည်။ သို့အတွက်ကြောင့်လည်း “ကျန်းမာရေးသည်လာဘ်ကြီးတပါး” ဟုဆိုကြသည် မဟုတ် ပါလား။ ကိုယ်တိုင်လည်းဆရာဝန်ဖြစ်၊ လူနာလည်းဖြစ်ခဲ့သောဘ၀တွေကိုဖြတ်သန်းခဲ့ရသည်မို့၊ အနာရောဂါ ဖိစီးလာပါက၊ သမား/သူနာပြုတို့ကိုကြီးစွာသောအားကိုးခြင်းကားလူသားတို့၏ဓမ္မတာတစ်ရပ်ပင်။ စာရေးသူ ဆရာဝန် ၀န်ထမ်းဘ၀အဖြစ်မြန်မာနိုင်ငံဒေသအချို့တွင်တာဝန်ထမ်းဆောင်စဉ်က၊ ဒေသခံများက ပြောသော လိုလားချက်ဆန္ဒများကိုအထူးသတိပြုမိပါသည်။ “ဆရာတို့ကဘဲ အတတ်နိုင်ဆုံးနဲ့အကောင်းဆုံးဖြစ်အောင်ကု ပေးကြပါ။ မြို့ကြီးပြကြီးဆေးရုံကြီးများကိုတော့မလွှဲပါနဲ့” ဟူသောရင်ထဲကအာသီသများကို ပေါ်ပေါ်ထင်ထင် တင်ပြကြသည်ကိုကြားယောင်မိသည်။ မြို့ကြီပြကြီးဆိုသည့်အတိုင်း နေထိုင်တည်းခိုရေးကအစ ဆေးရုံဝန်ထမ်း များနှင့်ဆက်ဆံပြောဆိုရမည့်အပြင် မမြင်နိုင်သောကုန်ကျမှုများကိုထိတ်လန့်ကြသည်။ “သေချင်သေပေ့စေ၊ ကိုယ့်မြို့ကိုယ့်ရွာ၊ ကိုယ်အိမ်မှာဘဲ အသေခံမယ်”ဟုဘူးခံကြသောခေတ်သည်ရှိခဲ့၊ ရှိဆဲပင်။
သို့သော်ငြားလည်း မြန်မာနိုင်ငံသားတို့၏ လူနေမှုဘ၀တို့သည်၊ ပြီးခဲ့သောဆယ်စုနှစ်ခုလောက်ကစတင်ပြီး အပြောင်းလဲကြီးပြောင်းလဲခဲ့သည်။ တံခါးဖွင့်စီးပွားရေးဝါဒနှင့်အတူ အိမ်နီးချင်းနိုင်ငံများသာမက၊ အမေရိကနှင့် ဥရောပသို့ ခြေဆန့်ခဲ့ကြသည်မှာ၊ ယနေ့ဆိုလျင် ပျားပန်းခတ်နေပြီ။ ယခင်နှစ်များစွာက နိုင်ငံရပ်ခြားအခြေချနေ ထိုင်ကြသူ မြန်မာများက မြန်မာပြည်ကိုပြန်၍ဆွေမျိုးသားချင်းမိတ်ဆွေများကိုတွေ့သည့်ခေတ်မှာသည်၊ ပြည် တွင်းနေမြန်မာတို့က ကမ္ဘာကိုအတန်တန်ခြေဆန့်ကြလေပြီ။ နိုင်ငံခြားသို့သွားဖူး၊ ရောက်ဖူးချင်းကား ထူးဆန်း သောအရာမဟုတ်တော့၊ မြို့ရောတောနေလူတန်းစားတို့အတွက်ထမင်းစားရေးသောက်ပင်ဖြစ်နေပေပြီ။ ပြည်ပရောက်မြန်မာတို့ယခုအခါအခြားနိုင်ငံများသို့ခြေဆန့်ရန်ခြေတုံချတုံဖြစ်နေကြရချိန်တွင်၊ မြန်မာပြည် သားများက၊ ပြည်ပနိုင်ငံများသို့ အခေါက်ခေါက်အခါခါသွားလာနိုင်ကြသောခေတ်ကိုရင်သတ်ရှုမော မြင်နေ ကြရပေပြီ။
ဤသို့ဆိုလျင် ပြည်တွင်းတွင်နေကြသူတွေကြသူတွေ ယခုအခါပြည်ပတွင်ဆေးစစ်ခြင်း၊ ဆေးကုသခြင်းများရော လုပ်နေကြပြီလားဟုအမေးရှိခဲ့သော်၊ “ခင်ဗျားနဲ့နှော်၊ ခေတ်နောက်ကျန်လှချေလား” ဟုအပြောခံရမည်မှာ သေခြာသည်။ လွန်ခဲ့သောလမ်းစဉ်ပါတီခေတ်ကြီးတွင် “ပြည်တွင်း၏အား၊ ပြည်တွင်းမျာရှိသည်”ဟုကြွေးကြော် ကြသူလက်ဆုပ်စာ နိုင်ငံခေါင်းဆောင်အကြီးအကဲများသာပြည်ပနိုင်ငံကြီးများတွင်ဆေးစစ်၊ ဆေးကုသခြင်း တည်းဟူသောခေတ်တစ်ခုရှိခဲ့ဘူးသည်။ ပြည်သူအများက အစိုးရမှချပေးသောမရှိမဲ့ရှိမဲ့ဆေးဝါးများဖြင့်ပြီးပြည့် စုံသော၊ ဆေးရုံများတွင်သာ၊ သက်ဆိုင်ရာဆရာဝန်သူနာပြုတို့၏၊ တတ်ကျွမ်းမှုအခြေအနေအရသာ၊ ဆေးကုသ ခွင့်ရှိခဲ့ သည်။ (၁၉၈၈)တပ်မတော်အစိုးရတက်လာချိန်တွင်ပြဌာန်းလိုက်သောတံခါးဖွင့်စီးပွားရေးမူဝါဒက ပြည် တွင်းနေ ကြေးရေတတ်များနှင့် နီးစပ်ရာဆွေမျိုးသားချင်းများကိုပြည်ပတွင်မြေစမ်းခရမ်းပျိုး ဆေးကုသခြင်း ဆေးစစ်ခြင်း၊ ကိစ္စအ၀၀၏အရသာထူးများကိုစတင်ခံစားခွင့်ရှိလာကြသည်။ ယင်းမှတဆင့် ငွေကြေးကြွယ်ဝချမ်း သာလာကြ သူတွေလည်း ထစ်ကနဲရှိ ဘန်ကောက်/စင်္ကာပူလောက်ကတော့အနည်းဆုံးသွားရောက် ဆေးကု သခံကြသည်။ ယခုအခါတွင်မူ ဘန်ကောက်၊ စင်္ကာပူ၊ အိန္ဒိယစသောနိုင်ငံများတွင်သာမက၊ ဂျပန်၊ ဥရောပ၊ အမေရိက နိုင်ငံ များသို့ (မိမိတို့တတ်နိုင်ရင်တတ်နိုင်သလို) ဆေးဝါးကုသခြင်း၊ ဆေးစစ်ခြင်းကိစ္စအထွေထွေ ကိုတာဝန်ယူချိတ် ဆက်ပေးသော၊ ပွဲစားကုမ္ပဏီများအလျှိုလျှိုပေါ်လာပြီဟုသိရသည်။ ချမ်းသာကြသူတွေကံ ကောင်းပြီး ကံကောင်းရင်းဟုဆိုရမည်လား။ ယင်းဆေးရုံများသို့ လေယာဉ်စင်းလုံးငှား၍သွားကုနိုင်သောအဆင့် အထိပင်ရောက်နေကြပြီဟုကြားသောအခါ မောင်မိုးညိုတယောက် ကိုယ်နားကိုယ်မယုံနိုင်အောင်ပင် ဖြစ်ရသည်။ တတ်နိုင်ကြပါပေ့။
ထူးခြားချက်ကား ဤသို့ပြည်ပသို့ထွက်ဆေးကုဆေးစစ်ခံကြသူတွေမှာ၊ အစိုးရထိပ်ဆုံးပိုင်းအရာရှိကြီးများ၊ ငွေကြေးချမ်းသာကြသူများသာမက၊ သာမာန်လူတန်းစားများပင်ခြေလှမ်းနေကြပြီဟူသောအချက်ပင်။ အဘယ်ကြောင့်နည်း။ စာရေးသူသက်တမ်းထက်ဝက်မျှဆေးလောကတွင်ကျင်လည်ခဲ့သည်မို့၊ မြန်မာဆရာဝန် များ၏ဆေးကုသမှုအရည်အသွေးကိုအတော်အထင်ကြီးမိသည်။ မြန်မာပြည်ပေါက်ဆရာဝန်များလောက် လူနာနှင့်ထိတွေ့မှု၊ အတွေ့အကြုံရှိမှုကို၊ အခြားနိုင်ငံကြီးများရှိဆရာဝန်များကမမှီသည်မှာသေခြာသည်။ ဆေးရုံသာမ general practice မှာပါနေ့တဓူဝရှိသည်မို့၊ အတွေ့အကြုံကသေးနိုင်ဘွယ်မရှိသည်မှာထင်ရှားလှ သည်။ ပြည်ပတွင်ပြောင်းရွှေ့အခြေချသော မြန်မာသမားတော်ခွဲစိတ်ဆရာဝန်ကြီးတစ်ဦး၏ ဖေါက်သည်ချမှုကို သွားသတိရသည်။ သူတာဝန်ကျသောမွေးကင်းစကလေးခွဲစိတ်ဆောင်ရှိ ပါမောက္ခသမားတော်ကြီးက၊ သူ့ထက် အဆင့်များစွာနိမ့်သောတာဝန်ထမ်းဆောင်နေရသောအဆိုပါမြန်မာဆရာဝန်၏ ရင်ချင်းဆက်ခွဲစိတ်ကုသအောင် မြင်မှုကို၊ မယုံတ၀က်၊ ယုံတ၀က်နှင့်ရင်သပ်ရှုမောနားထောင်သည်ဟူသတတ်။ အဆိုပါ ပါမောက္ခကြီးဆိုလျင် ယင်းခွဲစိတ်မှုမျိုးကို ကိုယ်တိုင်လုပ်ဘို့ဝေးရော၊ မြင်တောင်မမြင်ဘူးဟုဆိုသည်။ အဆိုပါမြန်မာဆရာဝန်ကြီး၏ မိမိထက် experience နဲသူပါမောက္ခလက်အောက်တွင်ခေါင်းငုံ့ခံပြီး၊ လုပ်ခဲ့ရသော ရင်နင့်ဘွယ်ဘ၀စမြုံပြန်ခဲ့ သည်ကို ပြန်ပြောင်းသတိရမိသည်။
သို့ဆိုလျင်အဘယ်ကြောင့် မြန်မာတွေ မိမိတို့နိုင်ငံဆရာဝန်များ၏လုပ်သက်အတွေ့အကြုံကြိးမားမှုကို မျက် ကွယ်ပြုပြီး ပြည်ပနိုင်ငံများသို့ခြေဆန့်ပြီး ဆေးကုသမှုကိုလုပ်လာကြပြီနည်း။ ဖြစ်နိုင်သည်မှာ လူတို့၏သဘာ ၀ အတိုင်း ကိုယ့်အိမ်ကကြက်ကိုကိုယ်မစားလိုသော သဘောကိုယိုးစွပ်ရမည်လား။ ပြီးခဲ့သောကာလအပိုင်း အခြားများအတွင်းက၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ခေါင်းဆောင်အချို့တို့ ပြည်တွင်းဆေးရုံများတွင်သာ ဆေးဝါးကုသမှုခံယူသောသတင်းများကြားရသည်။ မိမိပြည်တွင်းကဆေးရုံ၊ ဆရာဝန်များကိုအားကိုးစေလိုသော အာသီသကိုပြလိုရင်းကြောင့်ဟုယူဆရသည်။ ထစ်ကနဲရှိပြည်ပထွက်ဆေးကုခံလိုကြသူတွေကို၊ နိုင်ငံအကြီး အကဲတို့က ဘရိတ်အုတ်ချင်ပုံရသည်။ သို့သော်လည်းသွားရောက်ကြသူတွေထဲဆရာဝန်များပင်ပါယုံမက၊ ပြည်ပ ဆေးဝါးကုသမှုကိုသာအားကိုးယုံကြည်လာသောဦးရေကား ဒီရေအလား တနေ့တခြားတိုးပွားလာ သည်ကို တွေ့ရသည်။ ယင်းတို့၏ကြောင်းခြင်းရာကိုလေ့လာကြည့်ရာတွင်အောက်ပါအချက်များကိုတွေ့ရသည်။
(က) မြန်မာ့ဆေးကုသမှူလောကတွင် guidelines နှင့် monitoring system ကင်းမဲ့ခြင်း။
(ခ) တနေ့တခြားအပြိုင်အဆိုင်ဖြစ်လာသော အထူးကုသမှုဆိုင်ရာဆရာဝန်များ၏အချင်းချင်းပြိုင်ဆိုင်မှု၊
(ဂ) မြန်မာနိုင်ငံဆရာဝန်အသင်းမှာလည်းသာရေးနာရေးအဆင့်သာသာလုပ်ငန်းလည်ပါတ်မှုများသာ ပြုလုပ်နိုင်မှု၊ စဉ်ဆက်မပြတ်ပညာသင်ဖွံ့ဖြိုးရေးသင်တန်းများသည်လည်း အတိုင်းအတာတခုအထိသာ ရှိနေသေးသည်။ ကျယ်ပြန့်ခြင်းမရှိ။ ပင်စင်စားဆရာဝန်ကြီးများကဦးဆောင်ကြသည်မို့ခေတ်အမြင်တွင် နောက်ကျနေကြပြီလောဟုမသိနိုင်။
(ဃ) ကိုယ်ပိုင်ဆေးကုဂေဟာဆေးရုံများနှင့်ပါတ်သက်သော ဥပဒေပြဌာန်းချက်များသက်ဝင်မှုအလျင်းမရှိမှု၊ ယင်းပုဂ္ဂလိကဆေးရုံများသည်ပင်လျင်ဖွင့်ခါစတွင်အရည်အသွေးကောင်းများရှိသော်လည်းအချိန်ကာလကြာသည်နှင့်အမျှအစိုးရဆေးရုံများကဲ့သို့ အရည်အသွေးများတရိပ်ရိပ်ကျဆင်းကြသည်။
(င) ဆေးဝါးနှင့်ရောဂါရှာဖွေရေးဓါတ်ခွဲလုပ်ငန်းများ၏ဥပဒေများအသက်ကင်းမဲ့မှု၊
(စ) ပြင်ပပုဂ္ဂလိကဆေးရုံဆေးခန်းများသာမကအစိုးရဆေးရုံများ၏ ကုသမှုဆိုင်ရာကိစ္စများကိုကိုင်တွယ်ရန် တာဝန်ရာတွင်တန်းတူစစ်ဆေးအရေးယူခြင်းမရှိယုံမက၊ အလေးထားခြင်းမရှိမှု၊ အမှုအခင်းဖြစ်မှအရေးယူခြင်း သာရှိပြီး၊ ပုံမှန်ကွင်းဆင်းစစ်ဆေးခြင်း၊ ကာကွယ်ရေးအစီအမံများသက်ဝင်မှုမရှိခြင်း။
(ဆ) မြန်မာနိုင်ငံဆေးကောင်စီ နှင့် Medical ethic council ကဲ့သို့သောအဖွဲ့များမှာ တိုင်ကြားမှုကိုသာအရေး ယူခြင်း၊ ၀န်ထမ်းရေးရာလမ်းကြောင်းဖြင့်အရေးယူမှုသာရှိပြီး၊ အမည်ခံသက်သက်အဆင့်သာရှိနေသေးမှု။
(ဇ) ဆေးပညာနှင့်နှီးနွှယ်အဖွဲ့အစည်းများတွင်ပါဝင်နေကြသူများမှာ ပွဲတက် celebrity အဆင့်သာရှိနေသေးပြီး၊ အဖွဲ့ဝင်များကိုယ်တိုင်ပင်၊ အဖွဲ့၏သဘောတရားလုပ်ငန်းစဉ်များကိုကြေညက်နားလည်ခြင်းကင်းမဲ့မှု၊
(ဈ) နေ့ညမစဲတသဲသဲသောဆွေးနွေးပွဲများ၊ workshop/seminar များတွင်ဆွေးနွေးချက်များသည်၊ စာတမ်း စာအုပ်များအတွင်းသာ ကျန်ရှိပြီးလက်တွေ့လောကတွင် သက်ဝင်မှုအလျင်းမရှိမှု၊
(ည) ဌာနဆိုင်ရာကျန်းမာရေးလုပ်ငန်းစဉ်များက ကျဘန်းကိစ္စရပ်များပေါ်တွင်အခြေခံပြီး၊ အစီအမံများက ဘေးသို့ရောက်မှန်းမသိရောက်နေသည်ကိုလျစ်လျူရှုနေကြမှု၊
(ဋ) အထူးနှီးနွယ်လာသာဆိုင်ရာဆရာဝန်ပညာရှင်များအချင်းချင်း case study discussion အလျင်းမရှိ ကင်းမဲ့ ခြင်း။ မိမိတာဝန်ယူရသောလူနာနှင့်ပါတသက်၍အထူးပြုဘာသာရပ်ဆရာဝန်များအချင်းချင်း ညှိနှိုင်းဆွေးနွေး သောစနစ် (inter-specialty consultation system) လုံးဝမရှိခြင်း။
ဤအချက်များသည် လက်ရှိမြန်မာ့ဆေးလောက professionals များကိုတိုက်ရိုက်သော်လည်းကောင်း သွယ် ၀ိုက်၍သော်လည်းကောင်း ထိုးနှက်ဖျက်ဆီးနေသောအကြောင်းချင်းရာများပင်။
လက်ရှိဆေးလောကသားတို့တွင်အစိုးရဆေးရုံဆေးခန်းများတွင်တာဝန်ယူကြသူတွေမှာ ပါမောက္ခ/ကထိက ဟူသော လူရိုသေရှင်ရိုသေဂုဏ်ထူးဝိသေသများကို အစိုးရကပေးအပ်ထားခြင်းကား၊ ပြည်သူတို့အပေါ်သင့် တင့်လျောက်ပါတ်သော ကုသမှုပေးရန်လိုအပ်သလို၊ မိမိတို့တာဝန်ကျရာဆေးရုံဆေးခန်းများတွင်အင်အား ပြည့်/အချိန်ပြည့်တာဝန်ထမ်းကြဘို့လိုပါသည်။ ပြည်သူ့ဘဏ္ဍာရိက္ခာကရသောလစာနည်းသည်ပင်ဖြစ်စေကာမူ၊ မိမိတို့၏ “သမားတော်”ဟူသောဂုဏ်ဒြပ်ကိုပြန်ငဲ့ကွက်ကြဘို့တော့လိုမည်ထင်ပါသည်။ ခက်သည်ကား ကုသမှု ဆိုင်ရာကျန်းမာရေးဌာနကြီးတခုယခုအခါရှိနေပါလျက်၊ ဆေးဝါး၊၀န်ထမ်းရေးရာ၊ အထောက်အပံ့များ စီမံခန့်ခွဲ ခြင်းမှလွဲ၍အဆိုပါဌာနကြီးက၊ ဆရာဝန်များ၊ ဆေးဝန်ထမ်းများ၏ကုသမှုဆိုင်ရာguidelines/ monitoring ပြုလုပ်ရန် ပျက်ကွက်နေခြင်းလော၊ အမုန်းခံလုပ်ကြရမည်ကိုသိသဖြင့်တမင်မသိကျိုးကျွံ နေနေ သည်လောဟူသည့်အချက်ကို၊ တာဝန်ရှိသူတို့ကိုယ်တိုင်သာသိပါလိမ့်မည်။ ဆေးဝါးကုထုံးဆိုင်ရာလမ်းညွှန် တည့်မတ်မှုယန္တရားကြီးကားမြန်မာနိုင်ငံတွင်အထိန်းအကွပ်မဲ့ပျက်ယွင်းခြင်းမကပျက်ယွင်းနေသည်ကို၊ ဤပြည်ပ ထွက်ဆေးကသမှုခံယူကြသူတွေ တနေ့တခြားတို့ပွားလာခြင်းက၊ အထင်အရှားသက်သေထူ နေ သည်ကား ငြင်း၍မရပါ။ မိမိတို့နှင့်နီးစပ်ရာဆရာဝန်များ၊ ကျန်းမာရေးဌာနဆိုင်ရာအကြီးအကဲများပင်လျင် အချင်းချင်း လက်တို့၍ ပြည်ပသွားဆေးစစ်/ကုကြဘို့ တိုးတိုးတမျိုး ဗြောင်တဖုံပြောဆိုနေကြသည်မှာမဖုံးနိုင် မဖိနိုင်ဘ၀သို့ ဆိုက်ဆိုင်မြိုက်မြိုက်ကြီးရောက်နေပေပြီ။
ဒါဆိုလျင်ပြည်ပဆေးရုံများတွင်ဆေးကုသခြင်းကဘာအကျိုးထူးများရှိသနည်း။
(က) ငွေကုန်ကြေးကျလုပ်နိုင်လျင် တိကျသောကုထုံး guided treatment plan ကိုရရှိပါမည်။
(ခ) မနေနိုင်မထိုင်နိုင်လက်ဆောင်ပေးချင်သည်ကလွဲ၍ အဆက်အသွယ်ရှာရခြင်း၊ လာဘ်ပေးရ ခြင်းဒုက္ခမှ ကင်းပါသည်။
(ဂ) ဆရာဝန်၏ကုသမှုဆိုင်ရာဆွေးနွေးခွင့်ကိုအပြည့်အ၀ရရှိပါမည်။
(ဃ) ကုသမှုတိုင်းအတွက်ပညာရပ်ဆိုင်ရာ specialty ချင်းညှိနှိုင်းမှု၊ ကွင်းဆက်မပြတ်ခြင်းကြောင့်၊ ကုထုံး နှင့်ပါတ်သက်၍၀ိဝါဒဖြစ်နိုင်ခြေအလွန်နည်းပါသည်။
(င) ဆေးရုံးအသုံအဆောင်ပစ္စည်းဆေးဝါးမှန်ကန်တိကျမှုနှင့်ပါတ်သက်၍ဆိုဘွယ်ကိစ္စမရှိခြင်း။
(စ) ဟိုဆရာဝန်ကြီးကောင်းနိုးနိုး၊ ဒီဆရာဝန်ကြီးကောင်းနိုးနိုးဟူသောရင်မောရသော၏ဒုက္ခကင်းခြင်း။
ဆရာဝန်များကိုကြိကြပ်အုပ်ချုပ်ရသော မြန်မာ့ကျန်းမာရေးဌာနကြီးမှ ဆရာဝန်များအပေါ်စီမံအရေးယူရ ခြင်း မည်မျှခက်ခဲရကြောင်းထိုအစိုးရမင်းအရာရှိတို့ကောင်းစွာသိကြပါ၏။ သို့အတွက်ကြောင့်လည်းဌာနတာဝန် ယူကြသူတို့အစပိုင်းတွင် လက်ဝါးစောင်းထက်လိုကြသော်လည်း၊ ကာလကြာသည်နှင့်အမျှ အမုန်းမခံကြတော့။ ယခုခေတ်အခါတွင်ဆရာဝန်များကြောက်ရသော ကိစ္စကြီး(၂) ခုသာရှိပါသည်။
(၁) Facebook အပါအ၀င်လူမှုကွန်ယက်များတွင် မိမိတို့ဆေးဝါးကုသမှုဆေးရုံများနှင့်ပါတ်သက်သော ကလောင်သွက်မှုများကိုကြောက်ရသောဒုက္ခ၊ နှင့်
(၂) မိမိတို့အထက်အရာရှိမင်းအဆင့်ဆင့်တို့က ညိုညင်အရေးယူမှုမှကင်းဝေးရေးအတွက် နေ့စဉ်နှင့်အမျှ လေ့လာအကဲခတ် နေရသော ဒုက္ခ ဟူ၍သာရှိပါသည်။ ကျန်သည်ကတော့ “ငါမြင်းငါစိုင်း၊ စစ်ကိုင်းရောက် ရောက်”ပင်။
မြန်မာနိုင်ငံသည် တံခါးဖွင့်ဝါဒနှင့်အတူ ဒီမိုကရေစီရေးလမ်းကြောင်းဖေါက်ခဲ့သည်မှာ (၁၉၉၀)နောက်ပိုင်း တည်းကဖြစ်သည်။ တစ်သွေးတစ်သံတစ်မိန့်လွှမ်းခဲ့သောကနဦးကာလတခုရှိခဲ့သော်လည်း၊ မိမိကြမ္မာမိမိချယ် လှယ်ခွင့်ရပြီဖြစ်သည်။ နိုင်ငံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ တာဝန်ရှိဌာနအကြီးအကဲများကို လူထုဘ၀အဆင့်မြှင့်တင်ရေးအတွက်အဏာကုန်ပေးထားပြီးဖြစ်သည်။ တာဝန်ရှိသူတို့ လုပ်ရမည့်အလုပ် တစ်ခုသာရှိသည်ဟုမြင်ပါသည်။ အမုန်းခံပြီးရဲရဲလုပ်ကြရေးဖြစ်သည်။ မြန်မာ့ဆေးလောက၏အပြစ်အနာအဆာ တို့သည် နေ့ချင်းညချင်းနှစ်ပေါက်မကပင်ကြာပါလိမ့်မည်။ သို့သော် လူထုက ခုကတည်းကအစပျိုးလုပ်နေပြီ ဆိုသည်ကိုမြင်ချင်ကြပြီ။ ဆေးဝါးကုသခြင်းကိစ္စအ၀၀ကိုကြပ်မတ်နေမည့် Health Maintenance Organization များပေါ်ထွက်လာရေးသည်သာ တစ်ခုတည်းသော ထွက်ပေါက်ဖြစ်သည်။ နိုင်ငံတကာ တွင်စံပြုရသော အဆောက်အအုံမျိုးဖြစ်သည်။ ပို၍အရေးကြီးသည်မှာအစိုးရက ထိုအဖွဲ့အစည်းမျိုးတွင် ၀င်ရောက်ချယ်လှယ်ခြင်းမှလက်ရှောင်ကြဘို့ပို၍ပင်အရေးကြီးပါသည်။
အစိုးရဆိုသည်မှာ လူထု၏လူမှုရေးတည်းဟူသောအဆောက်အအုံစနစ်ကြီးကိုပျိုးထောင်ကာကွယ်ပေးရန် (၁၀၀%) တာဝန်ရှိပါသည်။ လူမှုရေးဟူသည်မှာကျန်းမာရေး/ပညာရေးကအစ မိသားစုဘ၀လုံခြုံရေး (social
security) ကိုဆိုလိုသည်။ ဆင်ချေပေးရမည့်ကိစ္စ၊ အချိန်မဟုတ်တော့ပါ။ ဝေးဝေးကြည့်ရန်မလိုပါ။ မိမိတို့အိမ်နီး ချင်းနိုင်ငံများ၏ကျန်းမာရေးစောင့်ရှောက်မှုအဆောက်အအုံကိုကြည့်ကြပါ။
လူထုက အားကိုးရသော guiding priciples များနှင့်ပြီးပြည့်စုံသောဆေးကုသမှုစံနစ်ကြီးတခုကိုတောင့်တ ခြင်းများစွာဖြင့် မျှော်မှန်းဝေဖန်ရေးသားပါသည်။ အမှန်အတိုင်းဝေဖန်ထားသည်မို့ စိတ်ခုခြင်းကင်းကြပါစေ။

No comments:

Post a Comment