Friday, March 02, 2018

အရေးပေါ် ဆေးကုသရခဲ့သော် - ကျန်းမာရေးအာမခံတို့၏သဘော



ပြီးခဲ့တဲ့လများက အမေရိကရောက်မြန်မာတို့အတွက် စိမ်ခေါ်မှုများစွာကြုံကြိုက်ကြရတဲ့ အာမခံအမျိုးအစား များထဲက ကျန်းမာရေးအာမခံနဲ့ ယာဉ်မတော်တဆတိုက်ခိုက်မှုတို့အကြောင်းနဲ့ပါတ်သက်ပြီး၊ အရေးကြီးတဲ့အ ခြေခံအချက် အလက်တွေကို မီးမောင်းထိုးပြခဲ့ပါတယ်။ ခက်တာက တိုးတက်ဆန်းသစ်လာတဲ့နည်းပညာတွေ နဲ့ရှုတ်ထွေးလာတဲ့လူနေမှုသဘာဝတွေနဲ့လိုက်လျောညီထွေမှုရှိမဲ့အာမခံစနစ်ကို အာမခံကုမ္ပဏီကြီးငယ်တို့က ပြုပြင်ပြောင်းလဲလာခဲ့ပါတယ်။ အာမခံကုမ္ပဏီများလို့ဆိုတဲ့အတွက်ကြောင့် မိမိတို့ကအာမခံပေးရသူတွေအပေါ် လွှမ်းခြုံကာကွယ်မှုတွေပေးကြရသလို၊ အကျိုးအမြတ်ပေါ်ထွက်လာရေးကိုလည်းအမြဲမျက်ခြေမပြတ်ပြုကြလေ့ ရှိပါတယ်။ အာမခံကုမ္ပဏီတွေက ဈေးတိုးတက်ကောက်ခံမှုတွေလုပ်တာကို၊ ထိမ်းကွပ်ဖို့အတွက် အမေရိက ပြည်ထောင်စုပြည်နယ်တိုင်းမှာရှိတဲ့အစိုးရတွေကလေ့လာစောင့်ကြပ်ကြရပါတယ်။ ဈေးကွက်(market competition) နဲ့စားသုံးသူလူထုရဲ့ ကုန်ကျခံနိုင်မှုအင်အား (affordability/portability) ကိုအမြဲချိန်ထိုး နေကြ ရပါတယ်။ အဲ့ဒါတွေကိုစောင့်ကြပ်ဘို့ insurance commissioners တွေကတာဝန်ယူကြရပါတယ်။ ဒီရာထူးများ ဟာ ရွေးကောက်ခံရာထူးများဆိုသော်လည်း၊ အာမခံငွေရေးကြေးရေးနယ်ပယ်မှာကျွမ်းကျင်ကြတဲ့ပညာရှင်များ သာဖြစ်လေ့ရှိကြပါတယ်။ ဘယ်လိုဘဲစောင့်ကြည့်တယ်ဘဲပြောပြော တနေ့တနေ့ပြောင်းလဲလာတဲ့စီးပွားရေး၊ အတက်အကျနဲ့ငွေကြေးဖေါင်းပွမှုနဲ့တရိပ်ရိပ်မြင့်မားလာတဲ့ဈေးနှုန်းတွေက အာမခံပရီမီယံကြေးတွေကိုတွန်း တင်ပေးနေပါတယ်။ အာမခံကုမ္ပစီတွေရဲ့ရပ်တည်နိုင်မှု၊ စီးပွားဖြစ်ထွန်းမှုတို့ဟာပရီမီယံပေါ်မှာလုံးလုံးလျားလျား တည်နေတာမို့၊ ပရီမီယံကြေးအတက်အကျပြင်ဆင်သတ်မှတ်ခြင်းဟာ၊ အာမခံ plans တွေရဲ့လွှမ်းခြုံပေးနိုင်မှု အတိုင်းအတာ (coverage levels)တွေကိုပြောင်းလဲစေပါတယ်။
အဲ့ဒီအထဲမှာ အများဆုံးသက်ရောက်မှူရှိတဲ့ကျန်းမာရေးစောင့်ရှောက်မှုကိစ္စတွေကတော့ ဆရာဝန်များရဲ့စမ်းသပ် ကုသမှုနဲ့အရေးပေါ်ကုသမှုတွေပါဘဲ။ ဒီလမှာတော့ မြန်မာတိုင်းတနည်းမဟုတ်တနည်း၊ တနေ့မဟုတ်တနေ့၊ မိမိကိုယ်တိုင်သော်၎င်း၊ မိမိသားချင်းမိတ်ဆွေတစ်ဦးဦးကသော်၎င်း၊ ကြုံတွေ့ကြရတဲ့ အရေးပေါ်ကုသရမှု အ ကြောင်းတစေ့တစောင်းကြည့်ကြရအောင်။
အရေးပေါ်ဆိုတဲ့အတိုင်း မိမိကျန်းမာရေးချို့ယွင်းမှုဟာ ဘယ်အချိန်ဘယ်ကာလမှာဖြစ်လာမယ်ဆိုတာ၊ သိနိုင် စရာအကြောင်းမရှိတဲ့အတွက်၊ လူတိုင်းဟာဆောက်တည်ရာမရဖြစ်ကြပြီး၊ အဓိကကျတဲ့အာမခံပိုင်းဆိုင်ရာကိစ္စ တွေမှာလွဲချော်မှုတွေဖြစ်တတ်ကြပါတယ်။ တဖက်ကျန်းမာရေးကြောင့်ပူပန်ရတဲ့ဒုက္ခပေါ်မှာ၊ ကုသမှုဆိုင်ရာ အာမခံစာရွက်စာတမ်းများနဲ့ ဖုံးပေါ်မှာအပြန်အလှန်ငြင်းခုံစကားပြောရမှုတွေကစိတ်ထိခိုက်မှုအတိုင်းအတာကို တိုးသွားစေပါတယ်။ စည်းကမ်းကလနားနဲ့စာရွက်စာတမ်းကြောက်တတ်ကြတဲ့မြန်မာတွေအတွက် အဲ့ဒီဒုက္ခက ပိုဆိုးစေပါတယ်။ တချို့ကလည်းဒီနားမလည်မှုကြောင့်စိတ်ဖိစီးရမှုကို ရှက်စရာကိစ္စလို့လွဲမှားစွာသဘောထားမိ ပြီး၊ တိုင်ပင်သင့်သူ၊ အသိပေးသင့်သူတွေကိုအသိမပေးဘဲဖြစ်ချင်ရာဖြစ်၊ ထားရာကနေမရှုနိုင်မကယ်နိုင်နဲ့ ငွေရေး ကြေးရေးဒုက္ခတွေရောက်လာပါတယ်။ အဲ့ဒီလွဲချော်တဲ့အယူအဆကို ကျွန်တော်တို့မြန်မာတွေရှောင်ရှား ကြဘို့ လိုပါပြီ။ အာမခံမရှိတာဟာ မိမိရဲ့ပေါ့ဆမှုကြောင့်ဖြစ်နိုင်သလို၊ သဘောသဘာဝကိုကောင်းစွာနား မလည်ကြ သူတွေကပိုများတာကိုဝမ်းနည်းဘွယ်တွေ့ရပါတယ်။ ပိုဆိုးတာက ဒီလိုအခက်အခဲဖြစ်လာရင်၊ ဖေးမသူထက်၊ ပြစ်တင်ကြသူတွေများတဲ့မြန်မာ့လူနေမှုစရိုက်က ပိုလို့တောင်အော့နှလုံးနာစရာပါ။ ကိုယ်ကနားလည်ရင်ရှင်း လင်းပြပြီး၊ နားမလည်ရင်နားလည်နိုင်မဲ့သူဆီလမ်းညွှန်ဘို့စိတ်ကူးမရှိကြတာက ရှက်စရာကောင်းတဲ့ဆက်ဆံ ရေးစနစ်တခုပါ။
မိမိသော်၎င်း၊ မိမိသားချင်းမိတ်ဆွေသော်၎င်း အရေးပေါ်ကျန်းမာရေးချို့တဲ့မှုဖြစ်လို့ဆေးရုံဆေးခန်းတွေ မှာပြသ ကြရပြီဆိုရင်သိသင့်တဲ့အချက်အချို့ကို တင်ပြပါ့မယ်။
(က) ကျန်းမာရေးအာမခံနဲ့ပါတ်သက်တဲ့အသိအမှတ်ပြုကတ်ပြားဟာမိမိကိုယ်နဲ့မကွာအမြဲရှိပါစေ။ (အိမ်မှာနေ ချိန်ကလွဲရင်ပါ။) အသိအမှတ်ပြုကတ်ပြားလို့ဆိုတာကြောင့် မိမိကုသမှုခံယူတဲ့နှစ်ကာလ policy term မှာ အကြုံးဝင်တဲ့ကတ်ဖြစ်ဖို့လိုပါတယ်။ Medi-Caid/Medicare ၀င်ဖြစ်ရင်တော့ သက်ဆိုင်ရာဆေးရုံဆေးခန်းအုပ်စု (Medical Group) ရဲ့အသိအမှတ်ပြုကတ်ပြားပါပူးတွဲရှိနေရပါမယ်။
(ခ) အရေးပေါ်ကြောင့်ဆေးရုံ(သို့မဟုတ်)လူနာတင်ယာဉ်ပေါ်ရောက်ပြီဆိုတာနဲ့ အာမခံရှိကြောင်းမရှိကြောင်း မေးရင်၊ အမှန်ကိုအမှန်အတိုင်းပြောပြဘို့လိုပါတယ်။ အသက်ငယ်ရွယ်သူကလေးငယ်များနဲ့ အသက်(၆၅)နှစ် အထက်ရှိကြသူတွေအတွက်သက်ဆိုင်တဲ့အာမခံလွှမ်းခြုံမှုကိုချက်ချင်းထုတ်ပေးနိုင်တဲ့ ဆေးလူမှုဆက်ဆံရေး တာဝန်ရှိသူများ (သို့မဟုတ်) ဆေးရုံ accounting ဌာနမှပုဂ္ဂိုလ်များကအချက်အလက်များလာရောက်တောင်း ခံလေ့ရှိပါတယ်။
(ဂ) ဒီနေရာမှာ အာမခံကတ်ပြားပေးလိုက်ခြင်းသည်၊ သက်ဆိုင်ရာဆေးရုံ/လူနာတင်ယာဉ်တို့က ဆက်ပြီး တာဝန်ယူဆောင်ရွက်သွားမယ်လို့ တထစ်ချယုံလို့မရပါဘူး။ မိမိအရေးပေါ်ရောက်ရှိနေတဲ့ဆေးရုံဌာနတို့ဟာ မိမိအာမခံရဲ့လွှမ်းခြုံမှုအောက်မှာအကြုံးဝင်တဲ့နေရာမဟုတ်ရင် အထူးသတိချပ်ရမဲ့ကိစ္စက၊ မိမိအာမခံကုမ္ပဏီကို ဖုံးပြန်ခေါ်ဘို့လိုအပ်ပါတယ်။ ကတ်ပြားလေးလက်ကမ်းပေးလိုက်ခြင်းကကိစ္စကိုပြီးမြောက်မသွားစေပါဘူး။ မိမိကဖုံးပေါ်မှာသော်၎င်း၊ လက်မှတ်ထို၍သော်၎င်းမိမိကခွင့်ပြုခြင်း(authorization) မပြုသရွေ့၊ claims process ကခရီးဆက်မသွားပါဘူး။ အများအားဖြင့် မိမိကုသခွင့်လွှမ်းခြုံဒေသထဲမှာရှိတဲ့ဆေးရုံဆေးခန်း မဟုတ် ခဲ့ရင် အဲ့ဒီဆေးရုံမှာကုသမှုခံယူကြောင်းလက်မှတ်ထိုးဘို့လိုသလို၊ မိမိအာမခံကုမ္ပဏီထံမှာလည်းဖုံးခေါ်ပြီးဘဲဖြစ် ဖြစ်ခွင့်ပြုကြောင်းလက်မှတ်ထိုးရင်ဘဲဖြစ်ဖြစ် (၂)နေရာလုံးမှာလုပ်ပေးဘို့တာဝန်ရှိကြောင်းသတိချပ်ပါ။ အရေး ပေါ် ဖြစ်စဉ်က သတိမထားမိသော်လည်း၊ မိမိကိစ္စမိမိဖြေးရှင်းရေးမှာ မိမိတာဝန်သာဖြစ်သည်ကိုသတိချပ်ပါ။
(ဃ) ဆရာဝန်၊ သူနာပြုတို့ကလာရောက်ပြောဆိုသောစကားကိုနားမလည်ဘူးဆိုတဲ့စောဒကကိုချက်ချင်း မတင် မိကြဘို့လိုပါတယ်။ စကားပြန်များမှတဆင့်စကားပြောနိုင်သော်လည်း၊ များသောအားဖြင့် ဆေးဘက်ဆိုင် ရာဝေါ ဟာရကိုနားလည်နိုင်သော မြန်မာစကားပြန်အလွန်ရှားပါတယ်။ အတွေ့အကြုံအရ၊ နားလည်မှုလွဲမှား ခြင်းများ ကြုံတွေ့ဘူးပါတယ်။  HIPPA (Health Insurance Portability and Accountability Act) မှာပြဆိုထားတဲ့ ကျန်းမာရေးဆိုင်ရာ ပုဂ္ဂလိကမှတ်တမ်းများလျှို့ဝှက်တားမြစ်ချက်များကြောင့်၊ ကာယကံရှင်ကိုယ်တိုင်ကဆေးဝန် ထမ်းကိုတိုက်ရိုက်ပြောဆိုရန်လိုသည်ဆိုတဲ့အချက်ကို သတိပြုသင့်ပါတယ်။ နားမလည်လျင်နားလည်အောင် ရှင်းပြရန်ဆေးဝန်ထမ်းတို့မှာတာဝန်ရှိကြတာမို့၊ ဆေးဝန်ထမ်းတို့နှင့်ဘာသာ စကားကျွမ်းဝင်ခြင်းမရှိသောမြန်မာ တို့အခက်အခဲများကိုတွေ့ကြုံတတ်ကြရပါတယ်။ ဒါပေမဲ့ နားလည်မှုလွဲ မှားခြင်းကြောင့်အမှားကြီးများကြုံရ ခြင်းအလွန်နည်းပါတယ်။
(င) ကိုယ်ခံစားရသောဝေဒနာကို အမှန်ကိုအမှန်အတိုင်းပြောပါ။ မထိမ်ချန်ပါနဲ့ပါတယ်။ ရောဂါခံစားရမှု လက္ခဏာ(၂၄)နာရီပြည့်တဲ့အထိဆရာဝန်များကစောင့်ကြည့်ပြီးမှအိမ်ပြန်လွှတ်လေ့ရှိတာမို့၊ ကိုယ့်ရဲ့ရောဂါခံ စားရမှု အခြေအနေတင်ပြချက်က အခရာကျလို့နေပါတယ်။ အိမ်ပြန်ရောက်ပြီးမှ အရေးပေါ်ပြန်ပြရတာမျိုး တွေကြုံဘူးလို့ပါ။
(စ) အမေရိကမှာရှိတဲ့လူနာတွေကိုအိမ်ကလူနာကလိုက်ပြီးစောင့်အိပ်တာမျိုးကို ခွင့်မပြုကြပါဘူး။ အသည်း အသန်လူနာဆိုရင်တောင်၊ လူနာစောင့်ခန်သီးသန့်မှာနေကြရပါတယ်။ အဲ့ဒီအတွက် လူနာဖြစ်သူကာယကံရှင် တွေအနေနဲ့ ကိုယ့်အားကိုယ်ကိုးကြဘို့အလေ့အကျင့်ပြုကြဘို့လိုပါတယ်။ လူနာစောင့်မရှိလို့အားငယ်ရမယ်ဆို တဲ့နိုင်ငံမဟုတ်ကြောင်းပါ။ မိမိရဲ့လက်တကမ်းအတွင်းမှာရှိတဲ့ ဆေးရုံကိရိယာတန်ဆာပလာများကို လေ့လာပြီး အသုံးပြုတတ်အောင်လေ့လာပါ၊ လေ့ကျင့်ပါ။
(ဆ) မိမိရောဂါခံစားရမှုကြောင့်သူနာပြုကိုခေါ်ရတာဝန်မလေးကြပါနဲ့။ သူနာပြုများရဲ့ပဓါနတာဝန်တွေထဲမှာ၊ လူနာနဲ့ဆရာဝန်ကြားအချိန်မလပ်ကူးလူးဆက်သွယ်ပေးရမဲ့တာဝန်ရှိတာမို့ မရှူနိုင်မကယ်နိုင်ခံစားရမှ သူနာပြုဆီ ပြေးရတာမဖြစ်ပါစေနဲ့။
(ဇ) အရေးပေါ်လို့ဆိုတာကြောင့် မိမိရဲ့နေ့တဓူဝလုပ်နေကျလှုပ်ရှားသွားလာမှုကိုတမဟုတ်ခြင်းရပ်ဆိုင်းသွားစေ မဲ့အရေးပေါ်ကိစ္စများကိုဆိုလိုတယ်ဆိုတာကိုသတိပြုပါ။ အရေးပေါ်ကျန်းမာရေးချို့ယွင်းမှုမဟုတ်ဘဲ အရေးပေါ် ဌာနကိုအသုံးပြုမိလို့ဒါဏ်ကြေးပေးကြရသူမျိုးတွေတွေ့မိပါတယ်။
(ဈ) သည်းခံပါ။ အခက်ခဲဆုံးကိစ္စပါဘဲ။ ဒါပေမဲ့ဆေးရုံအရေးပေါ်ဌာနတွေဟာ လူများပြည့်နှက်တတ်တာမို့ စိတ်မရှည်နိုင်စရာကြုံတတ်ကြရပါတယ်။ မိမိရဲ့အသက်အန္တရာယ်ကိုသော်၎င်း၊ လုပ်နေကျကိစ္စတွေမလုပ်နိုင်ဘဲ ရပ်ဆိုင်းသွားစေတယ်ဆိုရင် (911) လူနာတင်ယာဉ်ကိုခေါ်ဘို့လက်မနှေးကြပါနဲ့။ လူနာတင်ယာဉ်လာလမ်းကို ကြိုတင်ရှင်းလင်းထားပေးဘို့လဲလိုပါတယ်။
(ည) မိမိရောဂါအခြေအနေကိုစောင့်ကြည့်ပြီး (observation) ပြင်ပလူနာဌာနကနေ ဆေးကုသဘို့လိုအပ်ရင်၊ ဆေးရုံ (triage) ကိုတင်လေ့ရှိတာမို့၊ ပြင်ပလူနာဌာနအရေးပေါ်ကုသခြင်း (Emergency Room ER) နဲ့ ဆေးရုံတင်ကုသခြင်း (Hospitalization) မတူသလို ပေးသွင်းရမဲ့ အာမခံကြေး co-payment (သို့မဟုတ်) deductible လဲမတူဘူးဆိုတာသတိချပ်ပါ။ သေခြာတာကတော့ (၂)ခုလုံးအတွက်မပေးသွင်းမိစေဘို့ပါဘဲ။
ဝေဒနာကြောင့်စိအတိဒုက္ခရောက်ရတဲ့အထဲ အာမခံစနစ်နဲ့ဆေးရုံလည်ပါတ်မှုစနစ်တို့ရဲ့သဘောကို နားမလည် ခြင်းက ပိုပြီးစိတ်ဖိစီးနေရာရောက်ပါတယ်။ အရေးပေါ်သော်၊ ကျန်းမာရေးအာမခံဗဟုသုတသက်လုံကောင်း နိုင်အောင်၊ မျက်စေ့ဖွင့်နားစွင့်ကြဘို့လိုကြောင်းအမေရိကားရောက်မြန်မာမိသားစုများကိုနှိုးဆော်လိုက်ရပါ တယ်။

No comments:

Post a Comment