Wednesday, June 04, 2025

ကမ္ဘာ့အံ့ဘွယ် Machu Picchu မြေသို့

 သွားလာလည်ပတ်စရာနေရာအနှံ့ကမ္ဘာတဝှမ်းမှာရှိပေမဲ့ ဒီနေရာကိုရွေးရတဲ့အကြောင်းရှိပါတယ်။ မြန်မာနိုင်ငံကိုအပ် ကြောင်းထပ်အောင်လည်ပတ်ကြသူကျွန်တော်တို့မြန်မာတွေအနေနဲ့ ခုချိန်ဖြစ်ပျက် နေတဲ့စိတ်ပျက်စရာများစွာနဲ့ကြုံ နေကြရချိန်မှာ မြန်မာပြည်မှာမွေးပြီး မြန်မာနိုင်ငံမှာ (အနည်းဆုံး)လူလားမြောက်လာ ကြသူကျွန်တော်တို့အားလုံးဟာ သွားလည်သင့်မလည်သင့်ဆိုတာကို နှစ်ခါပြန်စဉ်းစားကြ ရတဲ့အချိန်ရောက်နေပါပြီ။ ကိုယ်တည်းခိုနေထိုင်ချိန်မှာအများ အားဖြင့် မိတ်ဆွေသားချင်းတွေနဲ့တပျော်တပါးနေချင်ပေမဲ့ အိမ်ရှင်တွေကိုယ်တိုင်ဒုက္ခပတ်လည်ဝိုင်းချိန်မှာ ကိုယ်ကဝန်ထုပ် ဝန်ပိုးဖြစ်မဖြစ်ဆိုတာမသေခြာသလို၊ နေ့စဉ်ညစဉ် ကိုယ်လည်ပတ်ချိန်မှာအိမ်ရှေ့ကတံခါးခေါက်သံ လိုရင်ထိတ်စရာတွေနဲ့ အခြားလိုအပ်ချက်တွေ ပတ်လည်ဝိုင်းနေကြသူရှေ့တွေမှာ ကိုယ့်လိုအင်ကိုဦးစားပေးနေရရင်ကတော့မနိပ်သေးတဲ့ ကျင့်ဝတ် ကြီးဖြစ်နေပါတယ် မသွားမဖြစ်ကြ သူ သက်ကြီးရွယ်အိုများကို(နောက်ဆုံးအနေနဲ့ဖြစ်ဖြစ်) တွေ့ချင်ကြသူတွေကိုတော့ မဆိုလိုပါဘူး။ သက်စွန့်ဆံဖြားပျော်ပါး” ရတယ်ဆိုတာကတော့ မဖြစ်သင့်ဘူးပေါ့။  

Machu Picchu ဟာကမ္ဘာ့အံ့ဘွယ်(၇)ခုထဲက UNESCO အသိအမှတ်ပြုစာရင်းဝင်ပါ။ အမေရိကလိုနိုင်ငံမှာအခြေချနေထိုင် တာကာလကြာပြီဆိုရင် ဒီဒေသရဲ့သမိုင်းနောက်ကြောင်းခံနဲ့အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်မှုလိုအပ်ချက်ကိုသွားလေ့ လာသင့်ပါတယ်။ နောက်တချက်က စရိတ်စကအလွန်သက်သာပါတယ်။ အမေရိကနိုင်ငံတွင်းအထင်ကရနေရာတွေကို သွား လည်ပတ်တာထက် သာလွန်စွာသက်သာ တယ်ဆိုရင်ယုံနိုင်ကြမလား။ ဥပမာတခုအနေနဲ့ အမေရိကမြို့ကြီးတခုခုမှာ စုံတွဲ လင်မယားအတွက် ကုန်ကျမဲ့ sit down dinner လိုစားသောက်ဆိုင်ကြီးတခုမှာ ဒေါ်လာ(၁၀၀)ကျော်ဟာအသာလေးပေမဲ့၊ မြို့တော် Lima ကထိပ်တန်းစားသောက်ဆိုင်မှာ (ဒေါ်လာ ၃၀-၄၀)မကျော်ပါဘူး။ မောင်မိုးညိုတို့ ပွဲတွေ့ ခဲ့တဲ့နေရာ ပေါ့။ ဒီဒေသရဲ့အံ့ဘွယ်ထူးခြားမှုအကြောင်းအရာတွေကို အင်တာနက်လိုနေရာတွေမှာမမြင်ချင်ဆုံးရှာတွေ့နိုင်ပါတယ်။ ဒီဆောင်းပါးရဲ့ရည်ရွယ်ရင်းက တောင်အမေရိကတိုက်ရဲ့နိုင်ငံကြီးတခုကို မြန်မာလူမျိုးတယောက်အနေနဲ့သွားလာလည် ပတ်ရင် အသုံးဝင်မဲ့အချက်အလက်တွေကိုမျှဝေလိုတဲ့ဆန္ဒပါဘဲ။ (၁၅)ရာစုကစခဲ့တယ်လို့သမိုင်းကထောက်ပြထားသလို “Lost City” လို့တင်စားခံရတဲ့ (ရွှေသတ္တုအလျံပယ်ထွက်ရှိခဲ့တဲ့ကောဠာဟလရှိခဲ့ပေမဲ့ ခုထိတော့ရှာမတွေ့ကြောင်းဆိုကြ။) 

Machu Picchu ဟာ (၁၉၁၁)ခုနှစ်မှာ အမေရိကန်လူမျိုး သုတေသီပညာရှင် Hiram Bingham III က အမှတ်မထင်ရှာဖွေ တွေ့ရှိရာကနေ ကမ္ဘာ့တန်းဝင် နှစ်စဉ်လူသောင်းသိန်းချီလာရောက်လေ့လာတဲ့ အထင်ကရနေရာဖြစ်နေပါပြီ။ Inca ရှေး ဟောင်းလူမျိုးစုကြီး  (Pre-Colombian age) ကို UNESCOအဖွဲ့ကြီးက (၁၉၈၃)ခုနှစ်မှာသမိုင်းအမွေအနှစ်ရှေးဟောင်းမြို့ (World’s Heritage Site) အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ခုချိန်Peru နိုင်ငံရဲ့နိုင်ငံခြားဝင်ငွေသဲ့ယူရရှိတဲ့နေရာဖြစ်နေပါပြီ။

 

ဘယ်လိုပုံစံနဲ့သွားမလဲ?

ဒီနေရာမှာ (အရင်ခရီးသွားဆောင်းပါးတွေမှာ ကျွန်တော်တင်ပြခဲ့သလို) ဘယ်ပုံစံနဲ့ခရီးသွားချင်လဲ။ တာဝန်ငြိမ်းခရီးစဉ် (tours package) နဲ့လား၊ ဒါမှမဟုတ်ကိုယ့်ဖာသာစိတ်ကြိုက်ခရီးစဉ်ဆွဲသွားချင်လား(individual personal/private tours) ဆိုတဲ့အပေါ်မူတည်ပါတယ်။ မောင်မိုးညိုကတော့ဖြစ်နိုင်သမျှ ဒုတိယနည်းကိုခရီးသွားတိုင်းသုံးတယ်လို့ဝန်ခံပါရစေ။ ရည်ရွယ်ချက်ကတော့ အချိန်ကုန်သက်သာခြင်း၊ စရိတ်သက်သာစေခြင်း၊ မလိုလားအပ်တဲ့ ခရီးစဉ်အတွင်း အရောင်းဆိုင် တွေမှာဝင်ရောက်ပြီးပစ္စည်းရောင်းချရန်တွန်းတွန်းတိုက်တိုက်ဖြစ်ရပ်မျိုးကိုရှောင်ရှားလိုခြင်း (package tours တိုင်းလိုလိုပါ ပါတယ်။)၊ တမြို့ထဲတွင်းဆိုရင်တော့ ဟိုတယ်မှာလာကြိုပို့လုပ်ပေးပေမဲ့ ရထား/လေယာဉ်ခရိးစဉ်လိုရင်တော့ ကိုယ့်လာကြို မဲ့taxi ကအစကိုယ့်ဖာသာစီစဉ်ရခြင်း၊ အထင်ကရနေရာများတွင်လေ့လာကြည့်ရှုရန်အချိန်မပေးခြင်း၊ စသည်တို့ဟာ ကိုယ့် အတွက်ကြီးမားတဲ့အနှောင်အဖွဲ့တွေဖြစ်သလို ပေးရတဲ့တန်ဘိုးနဲ့မတန်မရာဖြစ်လေ့ရှိတတ်ပါတယ်။ ဒါပေမဲ့ အချို့သော tours တွေဟာဒီနည်းနဲ့မှမသွားရင် စီစဉ်ဘို့မဖြစ်နိုင်ပါဘူး။ Machu Picchu ဒေသ(သက်သက်)ကိုသွားရင်တော့ tour package နဲ့သွားရပါမယ်။ Peru နိုင်ငံရဲ့မြို့တော် Lima နဲ့ Lima ကတဆင့် အဲ့ဒီဒေသရှိတဲ့မြို့ဖြစ်တဲ့ Cusco မြို့ကိုလေယာဉ် (၁)နာရီကျော်ခရီးစဉ်တွေကို ကိုယ့်ဖာသာလုပ်သင့်ပါတယ်။ ဒါပေမဲ့ Cusco ကတဆင့် Machu Picchu ကိုတော့ tour company တခုခုနဲ့ချိတ်ဆက်သွားဘို့လိုပါတယ်။ မိုင်(၅၀)ကျော်ဝေးတာမို့  ကား/ရထားအဆင့်ဆင့်နဲ့ထပ်ခရီးဆက်ရလို့ပါ။ ကိုဗစ်ကပ်ရောဂါကြီးမဖြစ်ခင်အထိက Machu Picchu ဝင်ပေါက်မြို့ဖြစ်တဲ့ (Agua Calientes) မြို့ကနေညအိပ်လမ်း လျှောက်ခရီးသွားရပါတယ်။ သမီးကြီးကအရင်ရောက်ခဲ့တဲ့ခရီးစဉ်မှာ စခန်းချညအိပ်တောလမ်းခရီးအကြောင်းဖေါက်သယ် ချတာကိုပြန်မြင်ယောင်မိပါတယ်။ ခုတော့ Machu Picchu မြို့ဟောင်းအဝအထိက ယာဉ်စီးခရီးပေါက်နေပါပြီ။ များစွာ သော tours ခရီးစဉ်တွေကို viator.com မှာရှာနိုင်ပေမဲ့ ကျွန်တော်ကတော့ ဒေသခံ tour company တခုနဲ့တိုက်ရိုက်ချိတ်ဆက်ပြီး package ကိုဝယ်လိုက်ပါတယ်။ လျှော့ဈေးပေးတဲ့အပြင်၊ ခရီးစဉ်ကိုတိုက်ရိုက်ကိုင်တွယ်တဲ့ tour operating company မို့အလွန်အဆင်ပြေကြောင်းပါ။ သေသေခြာခြာလေ့လာကြည့်ရင် viator လိုအထင်ကရထိပ်တန်းကုမ္ပဏီတွေက အဲ့ဒီ ဒေသခံကုမ္ပဏီတွေကိုအသုံးချကြရပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ဆောင်းပါးက မြန်မာတွေအတွက်ကောင်း ကောင်းကြီးထောက်အကူပြုမိမှာတော့အမှန်ပါ။ဒါကျွန်တော်အသုံးပြုခဲ့တဲ့tour operator ပါ - https://www.flycuscoperu.com/en

 

Machu Picchu ဒေသခရီးစဉ်အတွက်သိသင်တဲ့အချက်တွေ -

(က) အနည်းဆုံး (၂-၃ ရက်)အထိ အဲ့ဒီ ခရီးကြောင်းကိုအချိန်ပေးသင့်ကြောင်းပါ။ Machu Picchu  ဟာဘဝတသက်တာရဲ့ မေ့ပျောက်မရတဲ့ခရီးစဉ်ဖြစ်တာမို့ပါ။ ပင်လယ်ရေမြက်နှာပြင်အထက်ပေ(၈၀၀၀)ကျော်မှာတည်ရှိတာမို့ altitude sickness ရနိုင်ပါတယ်။ (ကိုယ့်တွေ့ပါ။) ဒါပေမဲ့စိုးရိမ်စရာမလိုပါ။ တည်ရာမြို့ဟာ ပေ(၁၁၀၀၀)ရှိတဲ့ Cusco ထက်စာရင်ပြဿနာ မရှိ ပါ။ Cusco ကနေ Machu Picchu ဒေသရောက်ရင် အဲ့ဒီခံစားရမှုလက္ခဏာပျောက်လေ့ရှိကြပါတယ်။ Lima ကနေ Cusco ကိုသွားတဲ့လေယာဉ်ခရီးစဉ်မှာ luggage ပညတ်ချက်ရှိပါတယ်။ အဲ့ဒါကြောင့်ခရီးစဉ်တခုလုံးအတွက်မလိုအပ်ဘဲ အဝတ် အစားအများအပြားမယူကြပါနဲ့

(ခ) high altitude sickness ဟာ Lima ကတဆင့် Cusco ကိုလေယာဉ်အမြင့်ရုတ်ခြည်ပြောင်းလဲမှုကြောင့် အောက်ဆီဂျင်ယုတ်လျော့မှုဖြစ်လို့ ဖြစ်ရပါတယ်။ Cusco လေဆိပ်ရောက်ပြီးမကြာခင်နာရီပိုင်းအတွင်းခံစားရနိုင်ပါတယ်။ ကြမ်းတမ်းတဲ့အမြင့်တက်ခြင်း၊ လမ်းလျှောက်များခြင်းမလုပ်သင့်ပါ။ ရောက်တာနဲ့ ဟော်တယ်မှာအနားယူသင့်ပါတယ်။ ဦးနှောက်မကြည်လင်မှု၊ မောသလိုခံစားရရင် ဟော်တယ်တွေမှာ oxygen tanks တွေအခမဲ့ထားတာမို့ အားမနာတမ်း တောင်းယူအသုံး ပြုနိုင်ပါတယ်။ နောက်တခုက ခရီးမထွက်ခင်ကိုယ့်ဆရာဝန်ဆီက (Diamox) ကဲ့သို့ဆေးတောင်းယူဆောင် ထားနိုင်ပါတယ်။ အဲ့ဒီမြို့တွေအားလုံးရဲ့နေရာအနှံ့ကုန်စုံဆိုင်တွေမှာ (Florida Water) လို့ရှူဆေးရည်ပုလင်း (တပုလင်း ၅-ဒေါ်လာသာ) ချက်ချင်းဝယ်ယူစေချင်ပါတယ်။ ဆေးရည်ကရေမွေးလိုပါဘဲ။ လက်ဝါးထဲလောင်းထဲ့ပြီးပွတ်ပြီးရှူလိုက်တာနဲ့ ယူပြစ်လိုက်သလို ခေါင်းကိုက်ဝေဒနာပျောက်သွားနိုင်တာ ကိုယ်တွေ့ပါလို့။

(ဂ) Machu Picchu မှာ သတ်မှတ်ထားတဲ့လမ်းကြောင်း (၃)ခုအဓိကရှိပါတယ်။ လူကြိုက်များပြီးလများစွာကနည်းက reservation လုပ်သင့်တဲ့လမ်းကြောင်း (circuit/route) က ( Circuit – 2) ပါ။ ရဘို့အလွန်ခက်သလိုခရီးသွားကာလတွေမှာ ဝယ်ရအလွန်ခက်ပါတယ်။ လမ်းကြောင်းက မြို့ဟောင်းရဲ့အထက်စီးနဲ့မြေပြင်နှစ်ခုလုံးနဲ့အထင်ကရ မကြည့်မဖြစ်နေရာအား လုံးလိုလိုကိုပို့ပေးတာမို့ပါ။ ကျွန်တော်အထက်မှာဖေါ်ပြထားတဲ့ tour operator ကတော့အဲ့ဒီဒေသအုပ်ချုပ်ရေးနဲ့တိုက်ရိုက် ဆက်စပ်လုပ်ကိုင်နေတာမို့အလွန်စိတ်ချအကူအညီပေးပါတယ်။

(ဃ) Machu Picchu ကိုသွားရောက်လေ့လာသင့်တဲ့အချိန်ကတော့ ဧပြီကစပြီးအောက်တိုဘာအထိပါ။ မောင်မိုးညိုတို့သွား ချိန်က မတ်လထဲမှာတောင်အထင်ကရ sites တွေမှာတိုးဝှေ့ကြည့်ကြရကြောင်းပါ။ ဒါတောင် tour guide ကခရီးသွားဦးရေ နည်းပါးတယ်ပြောပါတယ်။

(င) မိမိတို့မှာပါတဲ့ခရီးသွားသေတ္တာluggage နဲ့အသုံးအဆောင်ပစ္စည်း(၂-၃)ရက်စာထက်မပိုပါစေနဲ့။  ခွဲယူပါ။ ရှိသမျှမသယ် ပါနဲ့။ Cusco ကဟော်တယ်မှာအပ်နှံထားခဲ့လို့ရပါတယ်။ ဒါမှမဟုတ် Cusco က tour company မှာအခမဲ့အပ်ထားခဲ့လို့ ရပါတယ်။ Machu Picchu ထဲကိုအဝင်မှာလုံခြုံရေးအလွန်တင်းကြပ်သလို လေဆိပ်တွေမှာလိုစစ်ပါတယ်။ ပစ္စည်းတွေယူ သွားခွင့်မရှိပါဘူး။ ပစ္စည်းအပ်ခဈေးကြီးပါတယ်။ ဝန်လည်းကျယ်ပါတယ်။ လမ်းအများကြီးလျှောက်ရတာမို့ ကျော်ပိုးအိပ် တောင်မပါမဖြစ်ပစ္စည်းတွေသာထဲ့ပါ။ အေးတဲ့ဒေသဖြစ်ပေမဲ့ချွေးပြန်ပါမယ်လို့ကြိုအသိပေးပါရစေ။ 

(စ) Passport မပါရင်ဝင်ခွင့်မပေးတာမို့ passport မကျန်ခဲ့ပါစေနဲ့။ လှည့်ပြန်ကြရသူတွေတွေ့ခဲ့လို့ပါ။ အလွန်တင်းကြပ် ပါတယ်။

(ဆ) ကြည့်သင့်တဲ့အထင်ကရ sites တွေကတော့ - Temple of the Sun, Royal Tomb, Sacred Square, Temple of Three Windows, Condor Temple, Cave of the Sun, House of the Terrace Caretaker. ထူးခြားအံ့သြဘွယ်မြင် ကွင်းများနဲ့ သဘာဝတောတောင်တွေကို တိမ်ခိုးတွေကြားက ရုတ်တရက်ပေါ်ပေါက်လာတာကိုမြင်တွေ့ကြရပါမယ်။  terraces လို့ခေါ်တဲ့အဆင့်ဆင့်သောမြေမျက်နှာပြင်တွေပေါ်မှာ ရှေးဟောင်းအဆောက်အဦတွေမျိုးစုံပေါင်း(၄၀)ကျော် ရှိပါတယ်။ (၁၅)ရာစုမတိုင်မှီက Inca လူမျိုးစုတွေရဲ့လူနေမှုစနစ်နဲ့ စနစ်ကျလှတဲ့သမိုင်းမတင်မှီ အဆောက်အဦတွေရဲ့ ဗိသုကာလက်ရာမြောက်မှုတွေ၊ ငလျင်ဒါဏ်ကိုကြံ့ကြံ့ခံနိုင်တဲ့ နည်းပညာအသုံးချမှုတွေကို တအံ့တသြလေ့လာခွင့်ရကြ ပါမယ်။ 

(ဇ) Machu Picchu tour package မှာ အတူယှဉ်တွဲပါလေ့ရှိတဲ့ ခရီးစဉ်တခုကတော့ “Sacred Valley” ဖြစ်ပါတယ်။ အဲ့ဒီခရီးလမ်းကြောင်းဟာလည်းသမိုင်းဝင်ရှေးဟောင်းအဆောက်အဦနဲ့မြို့ဟောင်းလက္ခဏာတွေနဲ့ပြည့်နှက်နေပါတယ်။ ပါဝင်သင့်တဲ့နေရာတွေကတော့ - Chinchero မျိုးနွယ်စုရဲ့ အထည်ယက်လက်မှုလုပ်ငန်း၊  Maras Salt Mines, Moray Archeological site (ထူးဆန်းအံ့ဘွယ်အသွင်လက္ခဏာရှိတဲ့အဆင့်ဆင့်သောစိုက်ခင်းလွင်ပြင်နိမ့်မြင့်ရဲ့ လျှို့ဝှက်ချက်တွေ), Olantaytambo  ကရှေးဟောင်းအဆောက်အဦနဲ့မြေသားဖြစ်တည်မှုနဲ့လှပသာယာတဲ့ချိုင့်ဝှမ်းဒေသ)  နဲ့ ခရီးစဉ်မှာမဖြစ် မနေအသုံးပြုရတဲ့ (၁)နာရီကျော်ကြာခရီးစဉ်ကို လှပတဲ့တောတောင်ရေမြေသဘောဝတွေနဲ့အပျင်းပြေနိုင်စေမဲ့ရှုခင်းတွေကို အပြည့်အဝခံစားနိုင်မဲ့ ရထားကိုစီးသင့်ပါတယ်။ (Glass-dome panoramic train) ရထားပေါ်မှာလည်းအက၊ သီချင်း၊ အစားအသောက်တို့နဲ့ဧည့်ခံပြီး၊ ခရီးသည်တွေကိုယ်တိုင်ပါဝင်ကကြလေ့ရှိပါတယ်။ ရိုးရာသီချင်းများနဲ့အကတွေဟာတမူထူး တာတွေကိုရထားစီးရင်းခံစားနိုင်မှာပါ။

(စ်) အဝတ်အစားအသုံးအဆောင်ပစ္စည်းကိုမလိုအပ်တာအပိုယူမသွားကြပါနဲ့။ မြို့ကြီးတွေမှာ laundry service (မနက်အဝတ်ဟောင်းပေးထားခဲ့ပြီး၊ အသင့်ခေါက်ပြီးအဝတ်အစားတွေနေ့ချင်းပြန်ရွေးယူနိုင်တဲ့ services) တွေနေရာအနှံ့ရှိကြသလို၊ အလွန်သန့်ပြန့်ပါတယ်။ ၃-၄ ပေါင်ထီးကို ဒေါ်လာနဲ့ (၁၀)အောက်ဘဲရှိပါတယ် လျှော်ပါလေ့ပေါ့။ မိုးကာကတော့မပါမဖြစ်ပါ။

 

ကြိုတင်ပြင်ဆင်သင့်တဲ့အခြားအချက်တွေ

(၁) booking.com ဟာလေယာဉ်ခရီးစဉ်နဲ့ဟိုတယ်ခရီးစဉ်တွေ reservation လုပ်ဖို့အကောင်းဆုံးနေရာဖြစ်သလို၊ ခရီးစဉ် အပြောင်းအလဲလည်းလွယ်ကူလှပါတယ်။ အမေရိကန်နိုင်ငံသားတွေအနေနဲ့ ဗီဇာမလိုပါဘူး။ လေဆိပ်ကနေဆိုင်ရာဟော် တယ်တွေအတွက် taxi တွေပါကြိုတင်စီစဉ်နိုင်ပါတယ်။

(၂) နေရာအတော်များများလိုလိုမှာ credit card လက်ခံပါတယ်။ Costco Anywhere VISA card ဟာ နေရာအားလုံးလိုလို မှာလက်ခံသလို၊ international transaction နဲ့ conversion fees မရှိတာမို့စိတ်ချလုံခြုံစွာသုံးသင့်ပါတယ်။ ဒေါ်လာကို ဟော်တယ်၊ tour guides တွေမှာ tips ပေးဘို့အနည်းငယ်ယူဆောင်သွားသင့်ပါတယ်။ အဲ့ဒီအပြင် Peru နိုင်ငံသုံးငွေဖြစ်တဲ့ Sols (PEN) အဖြစ်မြို့ထဲကဆိုင်တွေမှာစိတ်ချလက်ချလဲလှယ်အသုံးပြုနိုင်ပါတယ်။ (လက်ရှိလဲလှယ်နှုန်း = ၁ဒေါ်လာလျင် ၃.၆၅ Sols) ဒါ့အပြင် Sacred Valley tours ဟာ Machu Picchu ခရီးကြောင်းမှာပူးတွဲပါလေ့ရှိပြီး Sols နဲ့ပေးသွင်းရတာမို့ ငွေလဲထားသင့်ပါတယ်။

(၃) cell phone SIM cards ကိုလေဆိပ်(သို့်မဟုတ်)တည်းခိုမဲ့မြို့မှာဝယ်ယူရယူနိုင်ပါတယ်။ “ENTEL” ဟာနံမယ်ကြီးပြီး ရက်(၃၀)(phone calls, texts & data unlimited) ကို (၄)ဒေါ်လာနဲ့စရိတ်ငြိမ်းမို့အလွန်သက်သာပေါ့။  အရေးကြီးတာက ကိုယ့်ဖုံးက unlock ဖြစ်ဖို့ပါ။ ကွမ်းယာဆိုင်တွေလိုနေရာအနှံ့မှာရောင်းပါတယ်။ ဒါပေမဲ့ authorized ဆိုင်တွေဖြစ်ပါစေ။ နောက်တခုက  SIM ကို activate လုပ်ဖို့ ကိုယ့် passports အသီးသီးကိုဆိုင်ကိုယူသွားဖို့လိုပါတယ်။ အခြား SIM အမျိုး အစားတွေကတော့ “Movistar” နဲ့ “Claro” တို့ဖြစ်ကြပါတယ်။

(၅) တည်းခိုသင့်တဲ့နေရာတွေကတော့ -

            - Lima မြို့ - Miraflores ကအစည်ကားဆုံးနဲ့အချက်အခြာကျပါတယ်။ လေဆိပ်ကနေ(၁)နာရီနီးပါး taxi စီးရပါတယ်။ ဒါပေမဲ့ ကားလမ်းတွေဟာအမြဲလိုလိုကြပ်တာမို့ ဘယ်သွားချင်သွားချင် ကြိုထွက်ပါ။ taxi ကိုကြိုမှာပါ။

            - Cusco မြို့ - Plaza de Armas လို့ခေါ်တဲ့မြို့လယ်ခေါင်ကဟော်တယ်တွေကသန့်ပြန့်ကောင်းမွန်ပါတယ်။

(မောင်မိုးညိုတို့ကတော့ “Tierra Viva Miraflores Centro” နဲ့ “Tierra Viva Cusco Saphy” လို့ခေါ်တဲ့ ဟော်တယ် ပိုင်ကုမ္ပဏီတခုရဲ့နေရာတွေမှာတည်းပါတယ်။ အလွန်ဖေါ်ရွေပြီးအကူအညီမေးခွန်းတွေဖြေပေးတဲ့အပြင် မနက်စာ buffet breakfasts တွေကအဆင့်မြင့်ပါတယ်။ ဈေးလည်းချိုပါ့။)

(၆) အလွန်အသုံးတည့်ပြီး  ဟော်တယ်နဲ့အခြားအထင်ကရနေရာတွေကိုလမ်းလျှောက်သွားရာမှာသော်၎င်း၊ ကား taxi tours တို့နဲ့ သွားရာမှာသော်၎င်း သုံးသင့်တဲ့ App တခုကတော့ “Google Maps” ပါ။

(၇) သောက်သုံးရေအနေနဲ့ bottle water ကိုသာသုံးပါလို့တိုက်တွန်းပါရစေ။

(၈) ဒေသသုံးအစားအသောက်အမျိုးစားအနေနဲ့ Sangucheria sandwitch (ဝက်သားကြော်), Guinea pig ပါတဲ့ grills, Lima Miraflores က “Sieta Soupes” (Seven kinds of soups)ဟာ မြန်မာအုန်းနို့ခေါက်ဆွဲနဲ့ဆင်တူအစားမို့ စမ်းစား ကြည့်ကြပါ။ ဒါ့အပြင် calle de gallina ဝက်သားတုတ်ထိုး၊ ဖျော်ရည်မျိုးစုံ၊ သီးနှံစုံ သင်္ဘော၊ သခွား၊ စသဖြင့်တွေကလည်း လတ်ဆတ်ပါတယ်။ ဟော်တယ်တွေမှာအလျှံပယ်ပါ။ အမေရိကန်အစာဆိုင်တွေဖြစ်တဲ့ Burger King, Starbucks စသည် တို့ကိုလည်းတွေ့နိုင်ပါတယ်။

 

Lima မြို့မှာလေ့လာကြည့်ရှုရမဲ့နေရာတွေ

(က) Plaza de Armas မြို့လယ်ခေါင်က အတိပ် Inca Empire ရဲ့နန်းတော်တဖြစ်လဲ Spanish အဆောက်အဦဟာခုချိန်ထိ အစိုးရရဲ့ရုံးစိုက်နေဆဲနေရာပါ။

(ခ) Huaca Pucclana ရှေးဟောင်းမြို့ကို ရွှံ့အစရှိတဲ့အုတ်နဲ့ဆောက်လုပ်ထားတဲ့နေရာ။

(ဂ) Cathedral of Lima, San Domingo Convent ကျောင်း၊ St Francis of Assisi မှာ စပိန်နဲ့ Inca လူမျိုးတို့ရဲ့သမိုင်းဝင် အထောက်အထားတွေပြသထားတဲ့ ကက်သလစ်ဘုရားကျောင်းတော်။

(ဃ) Pachacamac’s Inca Pyramids မြို့ဟောင်းခံတပ်နေရာ။

(င) Miraflores မြို့လယ်ခေါင်က Love Park, Parque Kennedy ကကြောင်များထားရှိတဲ့ Stray-cats sanctuary နဲ့စားသောက်ဆိုင်နဲ့ ခေတ်မှီ Larcomar shopping center Mall ရဲ့ပင်လယ်ဆိပ်ကမ်း ရှုခင်းအလှအပများ။

(စ) မဖြစ်မနေသွားကြည့်သင့်တဲ့ Inca နဲ့ Spanish cultural museum “Larco” (Pre-Colombian သမိုင်းဝင်ပစ္စည်းအများ ဆုံးတစုတစည်းထဲတွေ့ရှိလေ့လာနိုင်မဲ့နေရာပါ။)

(ဆ) Barranco မြို့ကိုလည်းရထား/ကားနဲ့သွားလေ့လာသင့်ပြီး၊ အဲ့ဒီမြို့လယ်ခေါင်ကစိတ်ဝင်စားဘွယ် murals တွေနဲ့ Bridge of Sighs လို့ခေါ်တဲ့ ဆုတောင်းပြည့်တံတားမှာအသက်အောင့်လမ်းဖြတ်လျှောက်ရင်းဆုဆောင်းနိုင်ကြပါတယ်။

            

Cusco မြို့မှာလေ့လာကြည့်ရှုရမဲ့နေရာတွေ

(က) Quoricancha, Sacsayhuaman ရှေးဟောင်းအဆောက်အဦနဲ့အနုလက်ရာများ၊ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းတွေ ကိုတစုတစည်းထဲ အချိန်ပေးကြည့်သင့်ပါတယ်။ ဗိသုကာအယူအဆတွေကိုသေခြာခြာပြထားသလို၊ ငလျင်ဒါဏ်ခံနိုင်ရေ ရှိအောင်အသုံးပြုတဲ့နည်းပညာက အံ့မခန်းပါ။

(ခ) San Cristobal Basilica Cathedral Church ကမြို့လယ်ခေါင် Plaza de Armas လူစည်ကားရာနေရာမှာ တည်ရှိပြီး အချက်အခြာကျပါတယ်။ အနုလက်ရာလွန်စွာပြောင်မြောက်ပြီး၊ တအံ့တသြဖြစ်စေနိုင်တဲ့ ဘုရားကျောင်းရဲ့ နောက်ခံ(၁၅) ရာစုကသမိုင်းနဲ့ ကျောင်းအောက်က သင်းချိုင်းကြီးပါ။ Inca လူ့အဖွဲ့အစည်းရဲ့အုတ်မြစ်ချရာနေရာပါ။ “Black Christ” ရဲ့စိတ်ဝင်စားဘွယ်နောက်ကြောင်းခံအပြင်၊ ငလျင်ဒါဏ်ကြိမ်ဖန်များစွာခံစားရတဲ့ Peru နိုင်ငံကိုကာကွယ်ပေးတဲ့ ယေဇူး ရုပ်ပွားတော်ကိုဖူးတွေ့ခွင့်ရနိုင်ပါတယ်။

(ဂ) Inca Museum ဟာလည်းရှေးဟောင်းအမွေအနှစ်တွေမြောက်မြားစွာပြသထားတဲ့နေရာပါ။

(ဃ) မြို့လယ်ခေါင်နားက “Twelve-Angle Stone” နဲ့ Spanish construction ကိုနှိုင်းယှဉ်လေ့လာနိုင်ပါတယ်။

(င) Rainbow Mountain ဟာ Cusco မြို့ရဲ့အရှေ့တောင်ဖက် မိုင်(၉၀)ကျော်မှာတည်ရှိပြီး လှပဆန်းကျယ်လို့သွားလာသူ များပါတယ်။ အခက်အခဲရှိတာက (၃)နာရီက(၄)နာရီကြာလမ်းလျှောက်ကြရပြီး၊ မြင်း(သို့မဟုတ်) mountain bike လို ယာဉ်နဲ့နောက်တဆင့်သွားကြရပါတယ်။ နံနက်စောထသွားနိုင်ပါမှ အဆင်ပြေပါတယ်။ လူငယ်တွေစိတ်ကြိုက်ခရီးစဉ်ပါ။

 

Peru နိုင်ငံဟာဖွံ့ဖြိုးဆဲနိုင်ငံတခုဖြစ်တုန်းပါ။ နိုင်ငံရေးမတည်ငြိမ်မှုရံဖန်ရံခါရှိနေပေမဲ့၊ အတိပ်ကအာဏာသိမ်းမှုဒါဏ်အကျိုး ဆက်ကြောင့်တိုးတက်သင့်သလောက်မတိုးတက်နိုင်သေးပေမဲ့၊ မြန်မာနိုင်ငံထက်တော့အတော်ကြီးကျော်လွှားတိုးတက် နေပါပြီ။ ခုခေတ်ပိုင်းအစိုးရအဆက်ဆက်ရဲ့ ဆောင်ရွက်မှုရှိနေသလို၊ လူထုရဲ့ လွတ်လပ်စွာကျင့်သုံးနေထိုင်တဲ့တွေးခေါ်မှုနဲ့ လူနေမှုက အခရာကျလှတဲ့အကြောင်းရင်းခံတွေပါ။ တိုးတက်တဲ့အမေရိကနိုင်ငံနဲ့ကူးလူးဆက်ဆံမှုနီးကပ်တာလည်းပါ ပုံရပါတယ်။ ခရီးသွားလုပ်ငန်းနဲ့ တောင်အမေရိကတိုက်ရဲ့တခုတည်းသောပင်လယ်ဆိပ်ကမ်းမြို့ကြီးရှိနေခြင်းနဲ့ တိုးတက်တဲ့ နည်းပညာတွေအလျှံပယ်သုံးနိုင်ခြင်းကြောင့်အညွန့်တလူလူတက်နေပါပြီ။ မြင်အောင်လေ့လာနိုင်ဘို့ ဒီလိုအရပ်ဒေသတွေဟာမျက်စေ့ဖွင့်ပေးနိုင်တဲ့နေရာတွေပါလို့….

No comments:

Post a Comment