Thursday, June 05, 2014

တပြည်ရပ်ခြား - “ဘ၀”၀န်ထမ်းနေကြသူများ



လွန်ခဲ့သောနှစ်များစွာက နိုင်ငံခြားသို့ထွက်ခွာရန်အကြံကြီးကြံ၍၊ မီးကုန်ရမ်းကုန်ကြိုးစားနေသော မောင်မိုးညို ကိုကြည့်ပြီး ဘခင်ကြီးကမှတ်ချက်တခုမသိမသာပြုခဲ့သည်ကို အမှတ်ရမိပါသည် - “တမြေတခြားပြောင်းရွှေ့ နေရတယ်ဆိုတာ၊ ဗေဒင်ကိန်းခန်းအရကံဇာတာနိမ့်လို့” ဟုပြောခဲ့သည်ကိုအမှတ်ရတိုင်းပြုံးမိပါသည်။ အမေရိကနှင့် အရှေ့အနောက်နိုင်ငံတကာအနှံ့တွင် တရားဝင်ရော၊ တရားမ၀င်ပါရောက်ရှိနေကြသူတွေပေါင်း (သန်း)ဂဏန်းရှိမည်ဟုလေ့လာကြသူတွေက ခန့်မှန်း ကြသည်။ ဤအထဲတွင်အပြီးအပိုင် အခြေချ နေသူတွေ လည်းပါသည်။ အိမ်နီးချင်းစင်္ကာပူလိုလွန်ခဲ့သောဆယ်စုနှစ်(၅)ခုကျော်လောက်က တံငါရွာသာသာ သာရှိသော နိုင်ငံမှပြည်ပသို့ပြောင်းရွှေ့အခြေချရသူတွေ ယခုထက်တိုင် ခတောင်းကြိုက်ရှာရလောက်အောင်ရှားပါးလှ သော်လည်း၊ “အာရှ၏ထမင်းအိုးကြီး”ဟုကြော်ကြားထင်ရှားခဲ့၍ကမ္ဘာတွင်လက်မထောင်ဝင့်ကြွားနိုင်ခဲ့သော မြန်မာလိုနိုင်ငံမှ၊ မည်သို့မည်ပုံဇောက်ထိုးမိုးမျှော်ဖြစ်၍ ‘သန်း’နှင့် ချီပြီးနိုင်ငံကိုစွန့်ခွာကြသနည်း။
မှတ်မိသလောက် (၁၉၆၂) နောက်ပိုင်းတော်လှန်ရေးအစိုးရတက်လာပြီး၊ ပညာတတ်လူတန်းစားများနှင့် ပြည်သူပိုင်အသိမ်းခံရသူ (အထူးသဖြင့်လူမျိုးခြားများ) ပြည်ပသိုနည်းမျိုးစုံထွက်ခွာပြောင်းရွှေ့ကြပါသည်။ ယင်းနောက်ပိုင်းအသက် အရွယ်အနည်းငယ်ရောက်ပြီး၊ အခြေခံပညာပြီးပြည့်စုံကြသူတွေ လည်းနီးစပ်ရာ တဖက်နိုင်ငံ ထိုင်းနိုင်ငံ စသည်တို့မှဂျပန်ကဲ့သို့သောနိုင်ငံကြီးများသို့အလျှိုလျှိုထွက်ကြသည်မှာ၊ ဖက်ရှင် တခုဖြစ်လာသည်။ ဖက်ရှင်ဟုဆိုသော်လည်းထင်သလောက်လွယ်ကူသောကိစ္စမဟုတ်။ ငွေနှင့်စက်၍ အဆက် အသွယ် နည်းမျိုးစုံသုံးပြီး၊ နိုင်ငံခြားရောဂါထကြသည်မှာမြို့နေလူတန်းစားသာမက၊ တောရွာ တောင်တန်းဒေသ တိုင်းရင်းသားများပင်မကျန်တော့။ အနဲဆုံးတ၀က်လောက်က အလိမ်အလည်ခံကြရသဖြင့် စည်းစိမ် ပြုတ်ကြ ယုံမက၊ ချေးငှားပေါင်နှံကြရသူတွေအတိဒုက္ခရောက်ပြီးကယ်သူမဲ့နတ္ထိ ဖြစ်ခဲ့ကြရသူ တွေများသည်။ ရှေ့လူက သွားခွင့်ရတိုင်းကိုယ်လည်းရမည်ဟုစိတ်ကူးယဉ်အိပ်မက်ဆောက်ကြသည်မှာ အပြစ် မဆိုသာသော်လည်း၊ များစွာသော ရုံးပြင်ကန္နားစာရွက်စာတမ်းစည်းကမ်းများနှင့် အလုပ်ခန့်ပေးနိုင် မည့် ပြည်ပအလုပ်ရှင်များ၏ စဉ်ဆက်မပြတ်ပြောင်းလဲနေသောစီးပွားရေးအနေအထားများကနောက်လူတွေကို၊ အတိဒုက္ခရောက် စေလေသည်။
တဖန်ထိုစဉ်ကဂျပန်သို့ရောက်ရှိအလုပ်လုပ်ကြသူတွေမှာ၊ အများအားဖြင့် ကိုယ်ကာယနှင့်လုပ်ကိုင်ဝင်ငွေရှာ ကြရသောအလုပ်ကြမ်းသမားများဘ၀ဖြင့်စကြရသည်။ “နိုင်ငံခြား”ဟူသော စိတ်ကူးယဉ်အိပ်မက်တို့သည် ပြည်ပမြေတွင်အခြေချသည်နှင့်၊ တက်တက်စင်လွင့်ပျောက်ကုန်ကြလေသည်ဟုဆိုကြသည်။ တကယ် လက်တွေ့တွင် ငယ်စဉ်ရုပ်ရှင်ထဲမြင်ရသော၊ အဆင့်မြင့်အသုံးအဆောင်အနေအထိုင်တို့၏ ဆွဲဆောင် ‘နတ်’ဖမ်း စားမှုတို့ကိုဂရုမပြုနိုင်တော့။ ယင်းတပ်မက်ဖွယ်ရာ ရုပ်ပစ္စည်းတို့၏မြှူဆွယ်မှုတို့က မိမိတို့၏နေ့တဓူ ၀နေ့စဉ် အသက်ရှင်ရပ်တည်ရေးကိုနှစ်သိမ့်ဖြေဖျောက်ပေးနိုင်ခြင်းမလုပ်နိုင်တော့။ အလုပ်ခွင်ပြီးစီး၍ တနေ့တာ အလုပ်ခွင်အတွင်းပြဿနာတစုံတရာမရှိ၊ အပြောအဆိုခံရခြင်းကင်းလွတ်ခြင်းသည်ပင် ဒုလ္လဘတရား ကြီးတခု ပင်ဖြစ်မှန်းမသိဖြစ်လာကြရသည်။ ဒါမှမဟုတ်ပြဿနာတစုံတရာ၊ အထစ်အငေါ့များရှိခဲ့၊ အလုပ်လုပ်ကြသူချင်း၊ အထက်နှင့်အဆင်မပြေဖြစ်လာသည်ဆိုလျင်ပင်၊ အိပ်မပျော်ကြရသောညတို့သည်လက်ချိုးရေတွက်ရသော ဘ၀မှဖြစ်ရိုးဖြစ်စဉ်ကိစ္စတခုဖြစ်မှန်းမသိဖြစ်သွားကြသည်။ အလုပ်ပြုတ်မသွားရင်ဘဲ ၀မ်းသာလုံးဆို့ကြရသည်။ အမိနိုင်ငံကိုပြန်ပြောင်းသတိရကြ၊ သားချင်း၊ဆွေမျိုးရှိကြသူတွေကိုလည်းရင်ထဲကြိတ်ပြီးလွမ်းကြ၊ ဒူးနှင့်မျက်ရေ သုတ်ကြရသောဘ၀ကား၊ မဖိတ်မခေါ်ဘဲရောက်လာကြသော၊ ပြည်ပရောက်မြန်မာများ၏ ကုရာမဲ့ဝေဒနာများ ဖြစ်လာကြသည်။ ‘ဖြစ်ချင်ရာဖြစ်၊ ပြန်မယ်ကွာ’ဟုလက်ခမောင်းခတ်ပြီးပြန်ကြသူတွေရှိသလို၊ ဘယ်သူကြည့် ကြည့်ဘ၀တူတွေပါဘဲဟုစိတ်ဖြေလျှော့ပြီး သီးခံနေကြရင်းအရေထူသူတွေဖြစ်မှန်း မသိဖြစ်လာ ကြသည်။ တဖက်ကကြည့်ပြန်ရင်လည်း၊ မြန်မာ့မြေတွင်ကျန်သူမိသားစုဆွေမျိုးတို့ကစည်းစိမ်ပုံ၍အကုန်အကျခံယုံမက၊ အကြွေးတင်နေသောမျက်နှာများကိုပြေးမြင်ယောင်ကြကာ၊ မိမိတို့၏ကြုံးဝါးချက်များကိုမသိမသာပြန်ရုပ်သိမ်း ကြရသည်။ တချို့ကလည်းရုပ်ဝတ္ထုပေါများကြွယ်ဝမှုကိုစကားလွန်ကြွားဝါထားကြသူတွေကလည်း၊ မချိသွားဖြဲ လုပ်ကာ ဟန်ဆောင်ကောင်းသော လေလုံးထွားဘ၀နှင့်ဆက်ခရီးသွားကြရသည်။
နိုင်ငံခြားသားများနှင့်အင်္ဂလိပ်လိုစကားပြောဆိုဆက်ဆံရာတွင်ယဉ်ပါးမှုမရှိခဲ့သော မြန်မာများ ပေါင်းသင်း ဆက်ဆံရေးတွင် အထူးအားနည်းကြသည်။ boss, supervisor, manager ဟူသောဝေါဟာရကိုအာဂုံ ဆောင်မိနိုင်အောင်တော့အထူးကြိုးစားကြရသည်။ ‘အလုပ်ဟူသမျှဂုဏ်ရှိစွ’ဟူသောဆောင်ပုဒ်သွေးထွက် အောင်မှန်သောနိုင်ငံခြားပါပေ။ မြန်မာတို့အတွက် စကားတန်ဆာဆင်ပြောသော ဝေါဟာရဟုယူဆခဲ့ သော်လည်း၊ အမေရိကလိုနိုင်ငံမျိုးတွင်၊ procedures ခေါ်လုပ်ထုံးလုပ်နည်းတမျက်နှာတည်းကိုသာကြည့်သော လူမျိုးများ၏ လုပ်ငန်းသဘာဝ ကိုနားလည်ရန်ခက်ခဲလှပေစွ။ အလုပ်စဆင်းသောနေ့တွင်မိမိထံလာပြီး၊ “You speaks very well” ဟုဆိုခဲ့သည်ရှိသော်၊ ဘ၀င်နားထင်မရောက်လေနှင့်။ သူတို့ဘာသာစကားကို ’ကြိုးစား သင်ယူပါလေ’ဟု သတိပေးခြင်းဟုမှတ်ယူကြဘို့လိုသည်။ ဘ၀တသက်တာတွင်ခုမှစတင်အလုပ်လုပ်ဖူးကြသူ တွေ အတွက်သိပ်မထောင်းထာသော်လည်း၊ ယခင်ကအစိုးရ၀န်ထမ်းလုပ်ဖူးကြသူတွေအတော် ဒုက္ခရောက် သော အချိန်ဖြစ်သည်။ နိုင်ငံခြားကိုမရောက်ရောက်အောင်လာကြသူတွေထဲဆရာဝန်၊ အင်္ဂျင်င်္နီယာများသာမက၊ ပြန်တမ်းဝင်အရာရှိအဆင့်ကထွက်လာကြသူတွေဆိုလျင်ပို၍ဆိုးသေးသည်။ အတိတ်ကရွှေထီးဆောင်းပြီး၊ မိမိလက်ကိုင်အိတ်ပင်ကိုင်စရာမလို၊ ပြာတာ၊ အစေခံတို့ဖြင့်ပြီးပြည့်စုံသောဘ၀ကိုမျက်ရေလည်ရင်း ပြန်တမ်း တကြသည်။ သားသမီးရှိသူတွေက ‘နင်တို့အတွက်အနစ်နာခံလာကြရတာ’ဟူသောစကားနာကိုသာ တွင်တွင် ပြောရင်း ရင်နင့်ရသောဝေဒနာကိုဖြေဖျောက်ရန်ကြိုးစားကြရသည်။ လူမျိုးဘာသာခြားတို့နှင့်ဆက်ဆံရာ တွင်အခက်အခဲ၊ နေ့တဓူဝ ၀န်ပိလာသောတာဝန်ဝတ္တရားများကရရှိလာသော စိတ်ဖိစီးမှုကို၊ မိမိ မိသားစုဆီပြန် ရောက်ရာတွင် ပေါက်ကွဲပြဿနာဖြစ်၍အိမ်ထောင်စုပြိုကွဲကြသူတွေမနည်းတော့။ အမေရိကကိုရောက်ခါစ မြန်မာများရရာအလုပ်မျိုးစုံလုပ်ကြရသည်၊ ချေးများ၍မရ။ ၀င်ငွေမရှိလျင်ဒုက္ခအတိရောက်မည်။ ယခင်က ရောက်စသူတွေဓါတ်ဆီဆိုင်ဝန်ထမ်းတွင်အလုပ်တန်းရကြသော်လည်း၊ ယင်းခေတ်ကားကုန်မှန်းမသိ ကုန်သွားခဲ့ပေပြီ။ မြန်မာတွေအများဆုံးလုပ်ကြရသောအလုပ်ကားစက်ရုံများပင်။ မြန်မာစကားသာအပြောများ သောစက်ရုံများတွင် တိုးဝှေ့နေရာယူကြသူတွေထဲ ရောက်ရှိခါစဆရာဝန်များ၊ အင်္ဂျင်နီယာများပင်မကျန်။ အခြားနေရာ များတွင်သက်ဇိုးမရှေ။ လူမျိုးခြားတချို့၏နိုင့်ထက်စီးနင်းမှုဒဏ်ကိုမခံနိုင်ကြ။ ဒီမိုကရေစီ ဘိုးအေနိုင်ငံကြီးများ တွင်လည်းဤခွဲခြားမှုကိုဥပဒေကလက်မခံဟုဆိုသော်လည်းဖြေရှင်းတာကနောက်၊ အရင်ရင်ဆိုင်ရသည် ကအရင်မို့၊ ရုံးပြင်ကန္နားကြောက်သောမြန်မာတို့၊ မြန်မာများရာနေရာတွင်စုပြုံ တိုးဝှေ့နေကြသည်။ စကား ဘာသာတူပြောသူများရာနေရာမို့ဇာတ်လမ်းရှုတ်ပြီးပြဿနာဖြစ်မှုတွေ များသည်ကမဆန်း။ လွတ်လပ်သော လူနေမှုဝန်း ကျင်တွင် အနေအထိုင်မတတ်သဖြင့် လူမှုရေးဖေါက် ပြန်မှုများလည်းပေါများလာသည်။ အဆိုးဆုံးကားမိမိ၏ လိုအပ်ချက်ဖြစ်သော၊ ရောက်ရာအရပ်ဒေသယဉ်ကျေးမှု ကိုနားလည်လိုက်နာနိုင်အောင် ကြိုးစားရမည့်အစား၊ မြန်မာနိုင်ငံတွင်နေထိုင်ခဲ့စဉ်ကနေထိုင်ပြုမူပြောမူပုံကို ခ၀ါမချဘဲ၊ ဆက်လက်ကျင့်သုံး နေထိုင်မှုတွေကြောင့် ပေါင်းသင်းဆက်ဆံရေးနယ်ပယ်ကျဉ်းမြောင်းလာသည်။ လုပ်ဖေါ်ကိုင်ဖက်မြန်မာချင်း မတဲ့မှု၊ အပုတ်ချ ပြောဆိုမှုများဒုနှင့်ဒေးဖြစ်လာသည်။ အချင်းချင်းချောက်တွန်း သည့်အဖြစ်တွေကြောင့် အခြားအာရှသားများကတောင်လက်ဖျားခါကြရသောဟူ၏။ ပကာသနနှင့်အချင်းချင်း ဂုဏ်ပြိုင်မှုတွင်ပြိုင်ဖက် ကင်းသောမြန်မာတို့၏ ဆိုးရွားလှသောလူမှုဆက်ဆံရေးစနစ်ကိုနိုင်ငံခြားသို့အရောက် ပါအောင် ခေါ်လာ ကြသည်။ လူမှုရေး၊ယဉ်ကျေးမှု နှင့်အခါကြီးရက်ကြီးမြန်မာပွဲများကို တဦးကဦးဆောင်လုပ် လျင်၊ အတူပူးပေါင်းအားပေးကူညီရမည့်အစား၊ တစင်ထောင်ပွဲကြီးလမ်းကြီးလုပ်ပြီးမဏ္ဍပ်တိုင်တက်ချင်ကြသူ တွေ အပြိုင်အဆိုင်ပေါ်လာသည်။ မြန်မာဟူ၍ လူမျိုးစုနည်းပါးလှသောလုပ်ငန်းခွင်များတွင်တယောက်နှင့် တယောက် မခေါ်နိုင်၊ မပြောနိုင်ကြသူတွေနေရာ တိုင်းတွေ့ရသလို၊ “ပြဿနာများပြီးစကားရှုပ်လွန်းလို့မြန်မာဆို လျင်၊ ဒို့ကဝေးဝေးကရှောင်တယ်” ဟု ပြောကြသူတွေဒုနှင့်ဒေးပင်။ အများကသတိလက်လွတ်ဖြစ်နေသော အချက် တခုကား၊ နိုင်ငံခြားသို့လာရန် ကြိုးစားကြသူတွေကားမိမိတို့သာဖြစ်ပြီး၊ အိမ်ရှင်နိုင်ငံက မလာမဖြစ် လာကြပါဟူ၍ ကြိမ်မိုးပြီးခေါ်ယူခဲ့ခြင်းမဟုတ် ဟူသောအချက်ကိုပင်။ အတိုင်အတောထူရာတွင်လည်းပြိုင်စံရှား သော အလေ့အထသည်၊ ပြည်ပရောက် မြန်မာတို့ထံတွင်သက်ဇိုးရှည်စွာအမြစ်တွယ်လျက်ရှိဆဲပင်။ မိမိနစ်နာ/မကြေနပ်ချက်ကြောင့်တိုင် ကြား လိုက်သောကိစ္စကခန်းမှန်းထားသလို မိမိဘက်ကအနိုင်မရပါက နောက်ဆက်တွဲအဖြစ်မိမိသာမက၊ ကျန်လုပ်ဖေါ်ကိုင်ဖက်မြန်မာများအတွင်းဂယက် ရိုက်ခတ်နိုင်ကြောင်းကို သတိလက်လွတ်ဖြစ်ကြသည်။ တိုင်ကြားယုံသက်သက်တခုတည်းဖြင့်ကိစ္စပြီးသည် မဟုတ်။ နောက်ဆက်တွဲ ကြိုးကြောင်းလျှောက်လဲခြင်းကို ယေဘူယျကျကျပင်တင်ပြချေပနိုင်ခြင်းမရှိဘဲ၊ ကြားဘူးနားဝဖြင့်သာဇာတ်လမ်း စခဲ့သောအဖြစ်က မိမိကို ပြန်ခြိမ်းခြောက်သောအဖြစ်ရောက်သွားကြရသည်။ တချို့ဆိုလျင်လုပ်ခွင်အတွင်းကြုံ တွေ့ရသောအခက်အခဲကို မိမိကိုယ်တိုင်ကအပြည့်အ၀နားလည်မှုမရှိပါဘဲလျက်လမ်းလွဲ အကြံပေးမှုကြောင့် မလိုလားအပ်သော နောက် ဆက်တွဲပြဿနာများဖြစ်ကြရသည်။ သိနားလည်သူတစ်ဦးဦးကထောက်ပြခဲ့သော အခါတွင်လည်း မိမိ၏နား မလည်မှု ကိုဝန်ခံရမည့်အစား၊ ထိုအခက်အခဲကြုံတွေ့ရသူကို၊ အခြားသူတစ်ဦး အားသွားမေးမြန်းခြင်း အတွက်အပြစ်ဖို့လိုက်သေးသည်။ ဤကားမှတ်သားလောက် ဖွယ်ပြည်ပရောက်မြန်မာ အချို့အတွင်းအမှန် တကယ်ကြုံတွေ့နေရသောမရိုးနိုင်သော ဇာတ်လမ်းများပင်။
အမေရိကအပါအ၀င်နိုင်ငံတကာသို့ပြောင်းရွှေ့အခြေချကြသူတွေအတွက်မရှိမဖြစ်လက်ဝယ်ရှိကြရန်လိုအပ် သောပဓါနအချက်ကြီးများကား -
(၁) နေစရာအိမ်ရှိရန်လိုခြင်း၊ (rental home or homeownership)
(၂) ပုံမှန်ဝင်ငွေရှိသောအလုပ်အကိုင်ရှိရန်လိုခြင်း၊ (income-generated job for living)
(၃) သာမာန်(သို့မဟုတ်)အရေးပေါ်ကျန်းမာရေးချွတ်ယွင်းမှုမျိုးစုံတို့အတွက်ဆေးကုသခံယူနိုင်ခွင့် (healthcare coverage) (သို့မဟုတ်) ကျန်းမာရေးအာမခံစနစ် (insurance) ရှိရန်လိုအပ်ခြင်း၊ နှင့်
(၄) မိမိနေထိုင်ရာနိုင်ငံ၏စည်းကမ်းဥပဒေ၊နေထိုင်လုပ်ကိုင်ခြင်း၊ ခံစားခွင့်စသည်တို့ကိုလိုက်နာကြယုံမက၊ ယင်းတို့အကြောင်းကိုနားလည်တတ်ကျွမ်းအောင်အမြဲလေ့လာနိုင်ခြင်း၊ (thorough understanding of the regulations and laws)
စသောအချက်ကြီး(၄)ခုနှင့်ညီအောင်နေနိုင်ကာမှနေပျော်၊ အလုပ်လုပ်ပျော်သောဘ၀ကိုရရှိ နိုင်ကြမည် ဖြစ်ပါသည်။ ဆောင်ရန်ရှောင်ဟုခေါ်ဆိုနိုင်မည့်အချက်တချို့ကိုတင်ပြလိုပါသည်။
(က) လုပ်ခွင်တွင်ရှိစုမဲ့စုလူနည်းစုဖြစ်သောမြန်မာအချင်းချင်းစည်းလုံးကြပါ။ မြန်မာချင်းဆက်ဆံရသည်ကို ဂုဏ်ငယ်သယောင်အပြုအမူမျိုးကိုခ၀ါချကြပါ။ “ဒင်းကဘာကောင်မို့လဲ” ဟူသောသဘောထားသည် ကိုယ့် အပေါ်အထင်သေးစေယုံမက၊ မိမိကိုနောင်ဆက်ဆံရန်ဝန်လေးသွားစေနိုင်သည်ကိုအလေးဂရုပြုကြပါ။
(ခ) အထက်ဖားအောက်ဖိအကျင့်ဆိုးများကိုခ၀ါချနိုင်အောင်ကြိုးစားပါ။ မြန်မာအချင်းချင်းခြေထိုး၊ ဂုန်းတိုက်ခြင်း ကင်းကြပါ။မနာလိုစိတ်ကိုမျိုသိပ်ကြပါ။ ဒီမိုကရေစီထွန်းကားသောအမေရိကလိုနိုင်ငံကြီးမှာပင်လျင် လူတန်းစား ခွဲခြားမှုတည်းဟူသောယိုပေါက်ကြီးသည်၊ ယခုတိုင်ရှိဆဲပင်ဆိုသည်ကိုမြင်အောင်သတိပြုကြပါ။
(ဂ) လုပ်ခွင်ဓလေ့ဖြစ်သော (workplace politics) တွင် ကိုယ့်စကား၊အပြုအမူတို့ကြောင့်တဖက်သားအပေါ် ထိခိုက်စေမည့်ကိစ္စရှောင်ပါ။ တတ်နိုင်သမျှ neutral ဘက်မလိုက်မိစေရန်သတိပြုပါ။
(ဃ) မြန်မာချင်းယိုင်းပင်းစည်းလုံးသည်ကို လူမျိုးခြားတို့မြင်ပါစေ။ လုပ်ခွင်တခုတွင်ကိုယ့်မြန်မာတဦးဦးကိုထိခိုက် စေမည့်အကြောင်တခုဖြစ်လာပါက၊ ကိုယ်ပါနစ်နာသွားသည်ဆိုသည်ကိုသတိရကြပါ။
(င) အခြေအမြစ်မရှိသည့်တဆင့်ကြားသတင်းကိုလွယ်လွယ်နှင့်အကြံမပေးပါနှင့်။ သေခြာမှပြောပြ အကြံပြုကြပါ။
(စ) နာရေးကိစ္စကိုသာရေးကိစ္စထက်ပိုမိုဦးစားပေးကြပါ။
(ဆ) အလုပ်ကပြဿနာကိုအိမ်သို့သယ်မလာကြပါနှင့်၊ ထိုနည်းတူ အိမ်ကပြဿနာကိုအလုပ်သို့ယူမသွား ကြပါနှင့်။ လုပ်ခွင်ရောက်လျင်ကိုယ်လုပ်မည့်အလုပ်ကိုစိတ်သွင်း focus လုပ်သည့်အလေ့အထမွေးပါ။
(ဇ) အနောက်တိုင်းသားတို့၏ သဘောသဘာဝဖြစ်သော sense of humor ကိုအသိအမှတ်ပြုလက်ခံကြပါ။
(ဈ) အထက်အောက်၊ ဘေးဝန်ထမ်းချင်းပေါင်းသင်းဆက်ဆံတတ်သော  social network ရှိပါစေ။ လုပ်ဖေါ်သူငယ်ချင်းမဲ့သူတို့မျက်နှာငယ်ရတတ်သော ပေါင်းသင်းဆက်ဆံရေးလောကကြီးဖြစ်သည်ကို သတိမူပါလေ။
(ည) ကိုယ့်မှာရှိသောမှာယွင်းလုပ်ဆောင်မှုကိုကိုယ်အထက်တဆင့်မြင့်သူထံချက်ချင်းအသိပေးပါ။ လုပ်ငန်းစဉ်တိုင်းတွင် protocol ရှိသလို၊ အမှန်ကိုဝန်ခံခြင်းစရိုက်ကိုဦးစားပေးသော နိုင်ငံကြီးများ၏သဘော သဘာဝကိုနားလည်ပါ။ အပေါင်းသင်းဆံ့သောသူတယောက်အနေနှင့်လုပ်ငန်းခွင်တွင် ကိုယ်လုပ်ခဲ့သောအမှား ကိုကြံဖန်ဖြေရှင်းပေးမည့်သူတွေပေါသည်ဆိုသည့်အချက်ကိုသတိပြုပါ။
(ဋ) သည်းခံစိတ်မွေးပါ။ မိမိတို့သည် ဒုတိယတန်းစားနိုင်ငံသားများသာဖြစ်သည်ဆိုသည့်အချက်ကိုမမေ့ကြပါနှင့်။
(ဌ) အမြဲပြုံးပါ။ (smile)!
အပြောလွယ်သလောက်ယင်းအချက်များပြည့်စုံရန်မှာ အနည်းဆုံး(၅)နှစ်မှ(၁၀)နှစ်လောက် တဆက်တစပ် ထဲနေထိုင်မှအပေါ်ယံရေးရေးလောက်သိနိုင်ပေမည်။ (၂)နှစ်(၃)လောက်နေပြီး ကိုယ့်ကိုယ် ကိုလက်မထောင် ကြသူတွေအမှားကြီးမှားနိုင်မည်မှာမလွဲ။ အဘယ့်ကြောင့်နည်း။ ရှင်းပါသည်။ ဓလေ့စရိုက် ပေါင်းသင်းဆက်ဆံ မှုနှင့်ယဉ်ကျေးမှုကွာခြားမှုသည်တိမ်မယောင်နှင့်အမြဲနက်လေ့ရှိသောကြောင့်ဖြစ်ပါသည်။ အရေးကြီးသည်ကား ကိုယ်နေထိုင်ရာ အရပ်တွက်ဇောက်ချ နေထိုင်ပြီး၊ စိတ်ရောကိုယ်ပါစိတ်နှလုံးဒုံးဒုံးချမနေနိုင်၊ အလုပ်မလုပ်လျင်၊ စိတ်ဆင်းရဲရမည့် ဘေးနှင့် နီးသွား နိုင်ပါသည်။
အမေရိကအပါအ၀င်နိုင်ငံတကာသို့ရောက်လာကြသူလူတန်းအစားအလွှာကြီး(၂)ခုအဖြစ်ဘွဲ့ရပညာတတ်များ အပါအ၀င်၊ မြန်မာနိုင်ငံမှရာထူးကြီးငယ်အလုပ်ထွက်လာကြသူတွေရှိသလို၊ လက်လုပ်လက်စားကျေးလက် တောင်တန်း ဒေသနေတောင်သူများအပါအ၀င်အခြေခံပညာရှိရုံသာရှိသောလူတန်းစားများလည်းပါဝင်သည်။ ယခင်ကပညာတတ်ဘွဲ့ရများသာနိုင်ငံရပ်ခြားသို့ပြောင်းရွှေ့လာကြသူတွေရှိကြသော်လည်း၊ ပြောင်းလဲလာသော ခေတ်နှင့်အညီလူတန်းစားအစုံတို့ရောက်လာကြသည်။ သည်အထဲတွင် နိုင်ငံရေးမတည်မငြိမ်မှု၊ လမ်းစဉ်ပါတီ ခေါ် ‘မဆလ’စနစ်နှင့်စစ်အစိုးရဖိနှိပ်မှုအရတိမ်းရှောင်လာကြရသော ကျောင်းသား/၀န်ထမ်းနှင့်သံဃာတော်များ အပါအ၀င်၊ တိုင်းရင်းသားလူနည်းစုအိမ်ထောင်များလည်းပါဝင်သည်။ သင်္ဘောသားများခေတ်ထသော’မဆလ’ လက်ထက်တွင်၊ တဲအိမ်သာသာလောက်နှင့်ရန်ကုန်တွင်ကျန်ရစ်သူဇနီး သားသမီးများမကြာမှီနှစ်ပိုင်းလောက် အတွင်း၊ မိမိနေထိုင်ရာအိမ်ကိုဖျက်၍၊ အထပ်များစွာရှိသောတိုက်ခန်းများ ဆောက်လုပ်လျက်၊ အဆင့်မြင့် အိမ်များ၊ ယဉ်နှင့်တကွအသုံအဆောင်အနေအထိုင်ကြီးပွားလာကြပုံကို အိမ်နီး ချင်းများကကြည့်လျက်သွားရေ ယိုကြသောခေတ်ကြီးတခေတ်ရှိခဲ့ဘူးသည်။ ထိုခေတ်ကပါတီကောင်စီတို့တွင် အရေးပါတာဝန်ထမ်းကြသူ ”အခွင့်ထူးခံ”များနှင့်ယှဉ်ပြိုင်သုံးစွဲနိုင်ကြသူတွေကားသဘောင်္သားသားမယားများပင်။ မိမိမိသားစုအတွင်းမှ တစ်ဦးတယောက်လောက်ကနိုင်ငံခြားသို့ရောက်ရှိအလုပ်လုပ်နိုင်ကြလျင်ပင်၊ ကျန်မိသား စုတွေအခြေမြင့် အနေမြင့်ကြရသည်။ ယင်းကိုအားကျလျက်နိုင်ငံခြားဆိုလျင်ပြီးရော၊ အစ္စလမ်ဘာသာကိုးကွယ် ကြီးစိုးရာ အရှေ့အလယ်ပိုင်းပါမကျန်သွားရောက်ပြီး ရရာလုပ်ကိုင်ကြသူတွေပေါလာသည်။ ဒေါ်လာမျက်နှာ ပေကိုး။ ငွေကိုရေလိုသုံးနိုင်ကြသူတွေထဲပုဂ္ဂလိကစီးပွားရေးခေတ်အားမပေးသောထိုဆိုရှယ်လစ်ခေတ်ကြီးတွင်၊ နိုင်ငံတကာကိုရောက်အောင်သွားနိုင်ကြသူတွေ၏စွမ်းဆောင်ရည်ကားအံ့သြဘွယ်ကောင်းပေစွ။ ပါတ်စပို့အပါ အ၀င်၊ အလုပ်ခန့်စာ၊ ‘ဘာညာ’ကင်းလွတ်ခွင့်အစုံတို့ကို မရရအောင်လုပ်နိုင်သည်မှာ သာမာန်တော့မဟုတ်။
(၁၉၈၈)နောက်ပိုင်းတက်လာသောစစ်အစိုးရလက်ထက်တွင်၊ ဖွင့်လှစ်ခဲ့သောတံခါးဖွင့်စီးပွားရေး ခေတ်ကြီးတွင်၊ မိမိနှင့်နီးစပ်ရာစစ်ဗိုလ်၊ ဗိုလ်ချုပ်တို့ကိုအတင်းဝင်လုံးပြီး၊ ပါမစ်၊ လုပ်ငန်းရကြသူသာမာန် ပွဲစားများကား၊ နေ့ချင်း ညချင်းဝင်ငွေအတိုင်းအဆမရှိရကြသော စီးပွားရေးလုပ်ငန်းရှင်သူဌေးကြီးများ ဘ၀သို့ရောက်သွားကြသည်။ ငွေကိုရေလိုသုံးနိုင်ကြသူတွေမျက်နှာရကြသောခေတ်ကြီးပင်။ အမှန်ဆိုရလျင်မြန်မာစစ်အစိုးရခေတ်၏စနစ်သည် ပြည်ပရောက်မြန်မာများ၏ဘ၀နှင့်ပြည် တွင်း၌ကျန်ခဲ့သောပွဲစားတဖြစ်လဲ ကျိကျိတက်စီးပွားရေးလုပ်ငန်း ရှင်များ၏ဘ၀တို့ကို၊ ပြောင်းပြန်ပြောင်းလဲ သွားစေသည်ဟုဆိုရမည်။ ယခင်ကမြန်မာပြည်တွင်းကျန်မိသားစု ဆွေမျိုး များကပြည်ပနေသားချင်းများ၏ ၀င်ငွေကိုနေ့စဉ်မျှော်နေရသောဘ၀မှ၊ ယခုအချိန်တွင်ကိုယ်က ပြည်ပ နေသားချင်းများကိုငွေကြေးပြန် ပံ့ပိုးထောက်ပံ့ရသောဘ၀သို့တမဟုတ်ပြောင်းလဲသွားခဲ့သည်။
ပြည်ပနေမြန်မာများ၏ “ပြည်တော်ပြန်သင့်၊ မပြန်သင့်”ရောဂါသည်အစပျိုးရာမှကုရန်ခက်ခဲသော ရောဂါရင့် မကြီးတခု ဖြစ်လာသည်မှာအမှန်ပင်။ သေသေခြာခြာပြန်စဉ်းစားလိုက်သောအခါ၊ နေရင်းနိုင်ငံခြားဒေသ ပါတ်ဝန်းကျင်၏ လွှမ်းမိုးမှုကြောင့်လက်ရှိအခြေကိုဖျက်ရန်ကိစ္စကားအပြောလွယ်သလောက်၊ လက်တွေ့ လုပ်ရန်ခက်ခဲသည် ကားအမှန်။ စွန့်ပြီးဖေါင်ဖျက်ပြန်ကြသူတွေရှိသလို၊ ဒီအသက်အရွယ်ရောက်မှမထူးပါဘူးဟု “မထူး”ဇာတ်ခင်း ကြသူတွေကများသည်။ သေခြာသည့်အချက်ကား၊ ယခုအချိန်သည်မြန်မာနိုင်ငံတွင်းခေတ်၏၊ စနစ်၏ပြောင်း လဲမှု အဟုန်လျင်မြန်ပြင်းထန်သောအချိန်ဖြစ်သည်။ မိမိနှင့်ရင်းနှီးမှုမရှိသောနိုင်ငံရပ်ခြားဒေသတခု တွင် ရင်ဆိုင် ရမည့်ကိစ္စအ၀၀တို့ကိုစိတ်ကူးယဉ်ချက်တခုတည်းဖြင့်လွယ်လွယ်နှင့်မပြောင်းရွှေ့ မိကြဘို့ အထူးပန် ကြားလိုပါ သည်။ ပါတ်ဝန်းကျင်နိုင်ငံများနှင့်ကမ္ဘာသမိုင်း၏ပြောင်းလဲမှုကိုအမြင်ကျယ်ပြီးဖြစ်သော ခေတ်လူငယ် များ နိုင်ငံဦးဆောင်မှုနေရာရလာကြသည်နှင့်အမျှ၊ မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုးတက်မှုသည်၊ အိမ်နီးချင်းနိုင်ငံများ ထက် သာလွန်မြန်ဆန်နိုင်မည်ဟု၊ နိုင်ငံတကာနိုင်ငံရေးစီးပွားရေးပညာရှင် အတော်များများကတညီတညွတ် တည်း တွက်ချက်အဖြေထုတ်ထားကြသည်။သည်းခံနိုင်ကြဘို့သာလိုသည်။ စစ်အစိုးရတဖြစ်လဲလက်ရှိအစိုးရ ကိုယ်တိုင်ပင် အနာဂါတ်မြန်မာနိုင်ငံ၏ကံကြမ္မာကောင်းမွန်ရေး၊ တည်ငြိမ်ရေး မှာပညာတတ်များလက်ထဲသို့ အာဏာအပ်နိုင်မှသာဖြစ်မည်ဆိုသည့်အချက်ကိုဝန်ခံထားကြသည်။
‘ဘို’စကားပြော၍’ဘို’နိုင်ငံရောက်ကြသူတွေ “ဘိုနေမြဲ” နေကြသလို၊ ပြည်တွင်းကျန်မြန်မာများ “ကျားနေမြဲ” နေနိုင်ကြဘို့အထူးလိုအပ်သောအချိန်အခါကြီးရောက်နေသည်ဟုဆိုနိုင်ပါကြောင်း။

No comments:

Post a Comment