Sunday, June 22, 2014

လေ့လာစရာများစွာနှင့်ကုန်ရကျိုးနပ်သင့်သော Washington DC နှင့် New York Vacation အပမ်းဖြေခရီးစဉ်


သန်တုန်းမြန်တုန်းကျန်းမာတုန်းခရီးသွားသောအလေ့အထကိုမွေးရန် မိသားစုနှင့်ရောင်းရင်းများ၏ အတန်တန် တိုက်တွန်းချက်များအရ၊ အမေရိကား၏မြို့တော် Washington District of Columbia (D.C.)နှင့် အမေရိက၏ ပင်မ စီးပွားရေးအချက်အချာကျသော New York သို့ယခုနှစ် မေလတွင်းက ရောက်ခဲ့ပါသည်။ နွေပေါက်ပြီမို့ ခရီးထွက်လည်ပါတ်ရာတွင်မွေ့လျော်သူတို့အတွက် ခြေယားချိန်မို့ ကြိုတင်ပြင်ဆင်သင့်သည်များရှိအောင် လက်လှမ်းမီသမျှလေ့လာတင်ပြထားပါသည်။ ယခုအခါတွင် လမ်းပမ်းဆက်သွယ်ရေးသာမက၊ ခရီးစရိတ်စက အစစသက်သာအောင် အပြိုင်အဆိုင်ပေါ်ထွက်လာသော ခရီးသွားစီးပွားရေးလုပ်ငန်းများကြောင့် ပြည်တွင်း သာမကပြည်ပနေ မြန်မာ အတော်များများခရီးသွားနေ ကြပြီဖြစ်သည်ကိုတွေ့ရသည်။ ဤဆောင်းပါးကိုခရီးသွားဆောင်းပါးသက်သက်အဖြစ်ထက်၊ နောင်ခြေဆန့်ကြ လိုသူများအတွက် အထောက် အကူပြုစေခြင်းငှာအကျိုးပြုမည့်အကြံပြုချက်များထဲ့သွင်းဖေါ်ပြသွားရန်ဆန္ဒပြုမိပါသည်။ ထို့အပြင် vacation ဟူ၍စိတ်ကူးပေါ်တိုင်း travel tours များအပေါ်သာအားကိုးလိုစိတ်ထက် မိမိစိတ် ၀င်စားမည့်ဒေသ၊ အချက် အလက်၊ အကြောင်းအရာပေါ်မူတည်၍မိမိခရီးစဉ်ကိုမိမိစိတ်ကြိုက်ရေးဆွဲပြင်ဆင်ခြင်းကိုဦးစားပေးလိုသော အလေ့အကျင့်ကောင်းများမွေးကြရန်လိုအပ်လာပြီဖြစ်ပါသည်။ internet အစရှိသော နေရာများမှမိမိ သိလိုပြု လုပ်လိုသောအချက်အလက်ကိုအလွယ်တကူရယူနိုင်သောခေတ်ကြီးတွင် ဤကိစ္စကား ခက်ခဲထူးဆန်းသော ကိစ္စတခုအလျင်းမဟုတ်တော့ပေ။
ခရီးသွားများပထမဆုံးရင်ဆိုင်ပြင်ဆင်ရသောကိစ္စ(၂)ခုကားလေယာဉ်လက်မှတ်နှင့်တည်းခိုမည့်မိတ်ဆွေနေ အိမ်(သို့မဟုတ်)ဟိုတယ်အခန်းရရှိရေးကိစ္စပင်။ ယင်းကိစ္စကိုတနေ့တခြားတွင်ကျယ်လာသောinternet ခရီးသွားwebsites များတွင်အလွယ်တကူရနိုင်သော်လည်း၊ များစွာသော (ဖေါ်ပြထားခြင်းအလျင်းမရှိသော) ကန့်ုသတ်ချက်များကလက်မှတ်ဝယ်ယူလိုသူတို့ကိုများစွာအနှောင့်အယှက်ဖြစ်စေသဖြင့် travel agencies များထံအားကိုးကြရသူတွေတွေ့ဘူးသည်။ အကောင်းဆုံးအကြံပြုလိုသည့်အချက်ကား၊ မိမိတည်းခိုမည့်ဟိုတယ် တည်နေရာနှင့်လည်ပါတ်မည့်နေရာအနီးဆုံးဖြစ်ရန်အထူးလိုအပ်ပေသည်။ ဟိုတယ်ကို ခရီးသွားမည့်ပွင့်လင်း ရာသီကာလဖြစ်ပါက (၆)လခန့်အနည်းဆုံးကြိုတင်ဝယ်ယူရန်လိုသည်။ websites အနည်းဆုံး(၃)ခုခန့်ယှဉ်တွဲ လေ့လာခြင်းဖြင့်လည်းခန့်မှန်းနိုင်သည်။ တခါတရံ လေယာဉ်(သို)ဟိုတယ်တို့၏ official websites များတွင်ပိုမို သက်သာသောဈေးနှုန်းများကိုပင်ရနိုင်ကြောင်းသိရသည်။
လေယာဉ်လက်မှတ်အတွက် အကြံပြုချက် -
“Southwest Airline” (“Early Bird” ခေါ် automatic ‘check-in’ နှင် cabin seat ထိုင်ခုံဦးစားပေး အတွက် တစ်ဦးလျင် $12.50 အပိုပေးလိုက်ခြင်းဖြင့်စိတ်ချမ်းမြေ့ရနိုင်သည်။ ခရီးစဉ်ရက်မတိုင်မှီ (၂၄)နာရီ အတွင်း computer မှ boarding pass ပုံနှိပ်ထုတ်ယူသွားရန်သာလိုသည်။)
Hotel (in Washington D.C.) – “One Washington Circle Hotel” (One Washington Circle NW, Washington DC 20037) (အခန်းတိုင်းသည် suites ပုံစံဖြစ်သဖြင့် မီးဖို၊ ချက်ပြုရန်အိုးခွက် ပန်းကန် ဇွန်းသာမက၊ သက်သာသောနှုန်း ဖြင့်ကိုယ်တိုင်အ၀တ်လျှော်နိုင်မည့် sevice လည်းရှိသည်။ သန့်ရှင်းမှု နှင့်ဧည့်ဝတ်ကောင်းမွန်မှု 4-stars အဆင့်)
Hotel (in N.Y.) – “Avalon Hotel” – 16 E 32nd st. NY 10016 (New York မြို့၏အချက်အခြာကျသော 5th Ave နှင့် Empire State Building ကြီးနားတွင်တည်ရှိပြီး မြို့လယ်ခေါင် Time Square နှင့် ၁၅-မိနစ်ခန့် လမ်းလျှောက်ရုံဖြင့်ရောက်နိုင်သောနေရာ။ သန့်ရှင်းမှုနှင့်ဧည့်ဝတ်ကောင်းမွန်မှု 4-stars အဆင့်)
နောက်အဆင့်ကားမိမိလေ့လာကြည့်ရှုလိုသောနေရာကိုရွေးချယ်ရေးဖြစ်သကဲ့သို့ခရီးစဉ်အတွင်းစီးမည့်ယာဉ်အ မျိုးအစားကိုတပြိုင်တည်းရွေးချယ်ရမည်ဖြစ်ပါသည်။ လည်ပါတ်ချိန်ကာလအတိုအရှည်ပေါ်မူတည်၍၎င်း၊ မိမိအတွက်ခရီးစဉ်အတွင်းအစကအဆုံးကားမောင်းနှင်ပို့ဆောင်ပေးနိုင်သူမိတ်ဆွေရှိပါက(ကိစ္စများမြောင်သောခေတ်အခါကြီးတွင်သိပ်မလွယ်ကူ) သွားလာရေးကိစ္စငြိမ်းအေးသော်လည်း၊ စာရေးသူအနေဖြင့် Hop-on/hop-off Double Decker bus (open top) အတွက်လက်မှတ်ကိုသာကြိုတင်ဝယ်ယူကြရန်တိုက်တွန်းလိုသည်။ မိမိလည်ပတ် မည့်ကာလပေါ်မူတည်၍လက်မှတ်အရေအတွက်သတ်မှတ်ဝယ်ယူရမည်ဖြစ်ပါသည်။
Washington DC တွင် သွားလာရေးအတွက် အကြံပြုချက် -
Big Bus Tours (www.eng.bigbustours.com) (DC တွင်အချက်အခြာကျသောလေ့လာဘွယ်နေရာများ အားလုံးလိုလိုသို့ရောက်နိုင်မည်။ 48 hours ‘all-loops’ ခရီးစဉ်အတွက်ပထမဆုံး bus စတင် စီးချိန်မှစ၍ ၄၈နာရီတိတိရမည်ဖြစ်သည်။ One Washington Circle Hotel ရှေ့တည့်တည့်တွင်မှတ်တိုင်ရှိသည်။)
New York တွင် သွားလာရေးအတွက် အကြံပြုချက် -
City Sights Tours (www.citysightsny.com) (သို့) Big Bus Tours (www.eng.bigbustours.com)
(City Sights Tours တွင် (၇၂)နာရီရနိုင်မည့်အပြင် လေ့လာလည်ပါတ်သင့်သောနေရာအားလုံးသို့ ရောက်နိုင်မည်ဖြစ်သည်။ ထုံးစံအတိုင်း bus စတင်အသုံးပြုချိန်မှစတင်အချိန်ရေတွက်သည်။)
လေ့လာကြည့်ရှုမည့်နေရာရွေးချယ်ရေးကား ယင်း bus loops ခရီးစဉ်ကြောပေါ်တွင်မူတည်သကဲ့သို့၊ နေမည့် ရက်ကာလပေါ်မူတည်သေးသည့်အပြင်၊ ကြိုတင် reservation လုပ်ရန်အထူးလိုအပ်သည့် visitors များသော ပြတိုက်ခွင့်ပြုရက်/အချိန်များအပေါ်လည်းမူတည်သည်။
အဖြစ်မနေသယ်ဆောင်သွားရမည့်ဝန်ဆောင်ပစ္စည်းများထဲတွင် ကင်မရာနှင့် ဆဲလ်ဖုံးများအပြင် battery charger များနှင့်သောက်ရေသန့်များကိုပါမမေ့ကြဘို့လိုပါသည်။ ကင်မရာအတွက်အပို memory stick များနှင့် Batter packs များကိုလည်းသယ်နိုင်လျင်ပိုကောင်းမည်ဟုဆိုချင်ပါသည်။ ပေါပါးသောအ၀တ်အစားများများဝတ်ဆင်ကြရန်နှင့် အချိန်မရွေးမိုးရွာနိုင်သည်မို့ထီးအပိုတချောင်း အပြင် windbreaker များရာသီမရွေးယူဆောင်သွားသင့်ပါသည်။
Washington DC ခရီးစဉ် နမူနာ sample – (Big Bus Tours ၏ ခရီးစဉ် loop အားလုံးဖြင့်လိုက်ပါနိုင်သည်။ အချိန်နှင့်ခရီးစဉ်ကိုသာ ချင့်ချိန်ရန်လိုသည်။)
ပထမရက် - National monuments များဖြစ်သော National Mall, Lincoln Memorial, Monument အပါအ၀င် monuments အားလုံးသို့သွားသောခရီးစဉ် loop နှင့် နေ့လည်ပိုင်းတွင် Arlington Cemetery နှင့် Pentagon 9/11 Memorial/tour loop
ဒုတိယရက် - Capitol Hill, Supreme Court နှင့် Library of Congress နှင့် နေ့လည်ပိုင်းတွင် Smithsonian ပြတိုက်အချို့
တတိယရက် - အိမ်ဖြူတော်နှင့် ကျန် Simthsonian ပြတိုက်များ
စတုတ္ထရက် - National Cathedral နှင့် Embassies row, Potomac River, Georgetown, Kennedy Center, DuPont Circle (ဈေးဆိုင်နှင့်လူစည်ကားရာရပ်ကွက်ကြီး)
ပဉ္စမရက် (ရက်တိုးနေနိုင်လျင်) – Newseum, Museum of Holocaust, Bureau of Engraving and Printing, International Spy Museum, Ford Theater နှင့် သမ္မတLincoln လုပ်ကြံခံရပြီးကွယ်လွန်သွား သောအိမ် (Ford Theater နှင့်မျက်နှာချင်းဆိုင်)
Washington DC မှ New York သို့ -
Amtrak ရထားဖြင့်(၃)နာကြာခန့်ုစီးပြီးရောက်ရှိနိုင်ပါသည်။ အရေးကြီးသည့်အချက်ကား ရထားလက်မှတ်ကို www.amtrak.com တွင်လေယာဉ်/ဟိုတယ်လက်မှတ်ဝယ်ယူပြီးသည်နှင့်တပြိုင်နက်တည်းဝယ်ယူကြရန်လို သည်။ နောက်ကျလေဈေးတက်လေဆိုသည့်အချက်ကိုသတိပြုပါလေ။ DC Union Station မှ ရထားခရီးစဉ် စတင်ပြီး NY Penn Station တွင်ဆင်းရန်ဖြစ်သည်။ Avalon Hotel ကိုtaxi ငှားသွားသည့်တိုင်တန်ဘိုးအလွန် ချိုသာသည်ကိုတွေ့ရမည်ဖြစ်သည်။
 New York tours နမူနာ sample -
ပထမရက် - ရထားမှရောက်ပြီးသည်နှင့် အနီးအနားဝန်းကျင်တွင်လေ့လာဈေးဝယ်ရန် Macy’s ကဲ့သို့ သော stores များဟိုတယ်နားတွင်အနှံ့ရှိပါသည်။ Double Decker bus tours များကို ညပိုင်း night tours စတင်ရာ Time Square မှစတင် bus အသုံးပြုသင့်ပါသည်။ tours အပြီးတွင် NY မြို့၏အထပ်အမြင့်ဆုံး Empire State Building သို့တက်ပြီး NY မြို့မီးထွန်းထားသော ညအလှကိုခံစားနိုင်ကြမည်ဖြစ်ပါသည်။
ဒုတိယရက် - tour loops အားလုံးထဲတွင်လူကြိုက်အများဆုံး Downtown နှင့်စတင်သင့်ပြီး၊ Liberty Island ရှိရာသို့သဘောင်္ဆိပ် Battery Park သို့ ယင်း loop ဖြင့်သွားသင့်ပါသည်။ အနည်းဆုံးနေ့တပိုင်းကုန်မည်မို့၊ ပြန်ရောက်ချိန်တွင် Chinatown တွင်ဝင်၍ညနေစာစားပြီး   tour bus ဖြင့်ခရီးဆက်သင့်ပါသည်။ Avalon နှင့်(၅) မိနစ်ခန့်လမ်းလျှောက်ယုံဖြင့်ရောက်နိုင်သော အနီးဆုံးbus မှတ်တိုင်ကိုEmire State Building နားတွင်တွေ့နိုင်ပါမည်။
တတိယရက် - 9/11 Memorial Museum, Wall Street/NY Stock Exchange (Financial District) ရှိရာ Downtown မှတဆင့် Brooklyn Loop (Brooklyn/Manhattan) ကိုတဆင့်တက်သွားသင့်ပါသည်။ ညနေပိုင်းနေမကုန်ခင် Rockefeller Center သို့တက်ပြီး NY ၏နေ့အလှကိုကြည့်နိုင်ကြမည်ဖြစ်ပါသည်။
စတုတ္ထရက် - Uptown/ Bronx (Harlem/Midtown) loops များဖြင့် အမေရိက၏အကြီးဆုံး Saint John Cathedral နှင့် Yankee Stadium တို့တွင်ဆင်းပြီးကြည့်ရှုလေ့လာသင့်ပါသည်။
မပြန်မှီနံနက်ခင်းတွင် Central Park သို့ taxi စီးပြီး ဆိုက္ကား/စက်ဘီးစီးလိုသူတို့အတွက်အလွယ်တကု ငှားရမ်းအသုံးပြုပြီး ပန်းခြံတွင်းလှည့်လည်လေ့လာနိုင်ပါသည်။ ဆိုက္ကားငှားခအလွန်ဈေးကြီးသော်လည်း၊ လမ်းလျှောက်ရန်ဝန်လေးသူတို့အတွက် ပန်းခြံတခွင်နှံ့ရန်အခြားရေါးစရာလမ်းမရှိပါ။
ညစဉ်ညတိုင်း Time Square (48th Street နှင့် 8th Ave လမ်းဆုံ) သို့လမ်းလျှောက်ခြေဆန့်ရင်း ညစဉ်မီးအလှနှင့် red-steps တွင်ထိုင်ရင်းအပမ်းဖြေဓါတ်ပုံတွေတ၀ကြီးရိုက်နိုင်ကြမည်ဖြစ်ပါသည်။
ဤနေရာတွင်မဖြစ်မနေလေ့လာကြည့်ရှုသင့်သောအထက်ဖေါ်ပြပါနေရာများတွင် ကြိုတင်ငွေပေးစာရင်း သွင်းသင့်သော Museum/နေရာဌာန များကိုဖေါ်ပြရန်လိုအပ်လာမည်ဖြစ်ပါသည်။ လေယာဉ်/ဟိုတယ် လက်မှတ်ဝယ်စဉ် ကတည်းက ယင်းတို့အတွက်ကြိုတင် စာရင်းပေးသွင်းကြရန်လိုပါသည်။ ပြတိုက်နှင့်နေရာ အတော်များများသည် အခမဲ့ (သို့) လက်မှတ်တန်ဘိုးလွန်စွာချိုသာပါသည်။ ခရီးစဉ်အတွက် လေယာဉ်/ဟိုတယ် ဘိုးပေးသွင်း ပြီးသည်နှင့်တပြိုင်နက်တည်း ယင်း reservations များကိုစတင်လုပ်ကြရန် လိုပါသည်။ Tour ကုမ္ပဏီများ၏ group tour reservations များကြောင့် လက်မှတ်များတမနက်တည်းနှင့်ကုန်နိုင်သည်ကိုသတိ ပြုကြပါလေ။ စောနိုင်သမျှ စောအောင် လုပ်ဘို့လိုသလို၊ လက်မှတ်ရောင်းချိန်ရက်ကာလကို သတ်မှတ်ကာလ ရက်ထက်စောပြီးလည်း ရောင်းဝေ ဖြန့်ပေးခြင်းမရှိကြောင်း ကြိုတင်သိရှိကြဘို့လိုပါသည်။ လိုအပ်ပါက သက်ဆိုင်ရာ ရုံး/ဌာနများသို့ ဖုံးဆက်သွယ်ပြီး မိမိတင်ပြတောင်းဆိုချက် အခြေအနေကိုစုံစမ်းနိုင်ပါသည်။ (အဆက်အသွယ်/အသိအကျွမ်းရှိ ရန်မလိုပါ။) အရေးကြီးသောအချက်တခုကား bus tour အလျင်မှီရောက် ရှိနိုင်ရေးအတွက် အချိန်ကိုလုံ လောက်သင့်တင့်သောနာရီပိုင်းခွာလျက်အထူးဂရုစိုက်ရွေးချယ်ကြရန်လိုပါသည်။
(Washington DC)
·         Whitehouse Tour (သမ္မတအိမ်တော်ရှေ့မျက်နှာစာ/နောက်ကျောတို့ကိုအဝေးမှအချိန်မရွေးတွေ့နိုင် သော်လည်း၊ အတွင်းသို့ဝင်ရောက်လေ့လာခွင့်ရရန်ကိစ္စမှာ သက်ဆိုင်ရာမိမိနေရင်းမဲဆန္ဒနယ် Congress အမတ်များ၏ website တွင်လေယာဉ်/ဟိုတယ်လက်မှတ်ဝယ်စဉ်ကတည်းက ကြိုတင် စာရင်းပေးသွင်းကြရန်လိုပါသည်။ www.house.gov တွင်မိမိနေထိုင်ရာလိပ်စာ zip code ထဲ့သွင်းပြီး၊ ယင်းမှတဆင့်တောင်းဆိုနိုင်ကြပါသည်။)
·         Capitol Tour, Library of Congress, Supreme Court, Bureau of Engraving and Printing (မိမိကိုယ်တိုင် internet မှစာရင်းပေးသွင်းနိုင်သလို မိမိCongress အမတ်များထံမှတဆင့်လည်း ခွင့်ပြုချက်ရယူနိုင်ပါသည်။)
·         Pentagon Tour (www.pentagontours.osd.mil internet မှတဆင့်ခွင့်ပြုချက်တောင်းရန်လို ပါသည်။)
(New York)
·         New York တွင် The Statue of Liberty & Ellis Island (www.statecruises.com) သည်မူရင်း website ဖြစ်သကဲ့သို့ statue ၏အမြင့်ဆုံးCrown သို့တက်ခွင့်လက်မှတ်များ ကြိုတင်ဝယ်နိုင်ပါသည်။
·         9/11 Memorial Museum ကား စိတ်ဝင်စားဘွယ်လေ့လာစရာအထူးစုံလင်သောပြတိုက်ဖြစ်သည်။ (လက်မှတ်ဝယ်ရန်ကား www.911memorial.org ဖြစ်ပြီး ပြီးခဲ့သောလကမှစတင်ဖွင့်လှစ်ခဲ့သဖြင့် လူကြိုက်များပြီးလက်မှတ်ရောင်းကုန်လွယ်သောပြတိုက်တခု ဖြစ်နေသည်။
·         United Nations guided-tour ကားမဖြစ်မနေသွားရောက်လေ့လာသင့်သောနေရာတခုဟုဆိုပါရစေ။ (www.visit.un.org) မှလက်မှတ်ဝယ်ယူနိုင်သည်။ လူဦးရေကန့်သတ်ချက်ရှိသလိုအချိန် တိကျရန် လည်းလိုပါသည်။
မဖြစ်မနေသွားရောက်သင့်သောနေရာများကားကိုဖေါ်ပြရလျင် -
·         DC ရှိ Whitehouse, Capitol Hill, Supreme Court, Library of Congress
·         Washington Monument, Mall, memorials များဖြစ်သော Lincoln, Thomas Jefferson, FD Roosevelt, Martin Luther King Jr, World War II, Vietnam & Korea Wars, Arlington and Pentagon
·         Natural History Museum, American History Museum, National Archive, National Air & Space Museum, Smithsonian Castle, American Indian Museum, Museum of Holocaust, Bureau of Engraving & Printing & Newseum
·         NY တွင် Empire State Building နှင့် Rockefeller Center (‘Top of the Rock’)
·         United Nations, 9/11 Memorial Museum, Liberty Statue & Ellis Island, Financial District and Chinatown
·         Central Park နှင့် Saint John Cathedral
အပမ်းဖြေခရီးသွားခြင်းကားတကယ်အပမ်းဖြေနိုင်ခြင်းရှိမရှိကိုကာယကံရှင်များသာသိနိုင်ကြမည်ထင်ပါ သည်။ ကြိုတင်ပြင်ဆင်မှု၊ ဦးဆောင်ကြရသူတွေအနေဖြင့်အနည်းနှင့်အများဆိုသလို စိတ်တင်းကြပ်မှုခံစား ကြရမည်မှာအမှန်။ ခရီးသွားဆောင်းပါးအတော်များများက မိမိစိတ်ဝင်စားသောအချက်များကိုဦးစားပေး ဖေါ်ပြကြသော်လည်း၊ ခရီးစဉ်ဖြစ်မြောက်ရေး၊ ကြိုတင်ပြင်ဆင်ရေးဟူသောအချက်များကိုဖေါ်ပြကြရန် အားနည်းကြသလို၊ ခရီးသွားရာတွင်ဆောင်ရန်ရှောင်ရန်နှင့်စီးနင်းရာယာဉ်/ဟိုတယ်/နေရာဌာနများက အသိပေးဖေါ်ပြခြင်းမရှိသော မြှုပ်ကွက်များကိုဖေါ်ထုတ်ရှင်းပြခြင်းအလျင်းမရှိကြချေ။ အထူးသဖြင့် ရောက်သည့်အရပ်တွင်အဆင်သင့်သလို၊ သိနားလည်သလောက်ဗဟုသုတဖြင့်သာသွားလာလေ့ရှိကြပြီး အဆက်အသွယ်၊ အသိအကျွမ်းကိုသာအားကိုးလိုသော မြန်မာများ၏စရိုက်ကိုခ၀ါချကြရန်လိုပါသည်။ လေ့လာ၍မကုန်စိတ်ဝင်စားဘွယ်အလျံပါယ်ပေါသော မြို့တော် Washington DC နှင့် New York ခရီးစဉ်သွားရောက်ရန်အကြံရှိကြသူတွေ အကျိုးလည်းထူး၊ စရိတ်လည်းချိုးခြံနိုင်သော ပျော်ရွှင်မှုများ အတိပြီးကြပါစေကြောင်း။      
   ဇွန်/ဇူလိုင် ၂၀၁၄ ထုတ်၊ မြန်မာဂဇက် တွင်ဖေါ်ပြပြီးဖြစ်သည်။

No comments:

Post a Comment