Sunday, March 27, 2016

နေရာအကျယူနေပြီဖြစ်သော မြန်မာ့ ANTI-ESTABLISHMENT



Anti-establishment ဟူသောဝေါဟာရနှင့်အနီးစပ်ဆုံးမြန်မာဘာသာပြန်ဆိုမှုကို စာရေးသူမှအဘိဓါန်များတွင် မွှေနှောက်ကြည့်သော်လည်းစိတ်ကြေနပ်ဘွယ်မြန်မာဝေါဟာရကိုမတွေ့မိပါ။ Mariam-Webster အဘိဓါန် ကြီးက “လူ့အဖွဲ့အစည်းကိုကြီးစိုးသောအုပ်ချုပ်သူလူတန်းစား(၀ါ)အစိုးရကိုဆန့်ကျင်သောအဓိကအင်အားစု”ဟု အဓိပ္ပါယ်ဖွင့်သည်။ ၁၉၆၀ ၀န်းကျင်မှစ၍ကမ္ဘာတ၀ှမ်းပေါ်ပေါက်လာသောသမရိုးကျအုပ်ချုပ်သူလူတန်းစား တစ်ရပ်ကလက်ဆင့်ကမ်းအုပ်ချုပ်နေမှုကိုဆန့်ကျင်သောအင်အားစုများအလျှိုလျှိုပေါ်ပေါက်လာသည်။ လူတွေ သာပြောင်းသည်၊ စနစ်ကတော့ယခင်ပုံစံအတိုင်းမပြောင်းလဲဘဲကျင့်သုံးခဲ့သောအစိုးရအုပ်ချုပ်သူလူ တန်းစား အဆက်ဆက်ကိုသည်းမခံနိုင်တော့သော၊ တော်လှန်လိုသူအင်အားစုများပေါ်ပေါက်လာသည်။ ထိုအင်အားစု များဆိုသည်မှာအုပ်ချုပ်သူအ၀န်းအ၀ိုက်နှင့်လုံးဝမပါတ်သက်သော (၀ါ)တခါဘူးမျှသက်ဆိုင်ခြင်း မရှိခဲ့ဘူးသော ပုဂ္ဂိုလ်(သို့မဟုတ်)အဖွဲ့အစည်းများကိုဆိုလိုသည်။ ဤနေရာတွင် လက်နက်ကိုင်ဆန့်ကျင်သူများ၊ ဆန္ဒပြဆန့် ကျင်သူများ၊ ဆန့်ကျင်ရေးနိုင်ငံရေးသမားများနှင့် Anti-establishment ကိုမရောထွေးမိရန်အရေးကြီးပါသည်။ ထို့အတူ ရှေးရိုးသုံး “ဗျူရိုကရေစီ”ဆန့်ကျင်ရေးနှင့်လည်းကွာခြားပြန်သည်။ အုပ်ချုပ်ရေးကြိုးနီစနစ်ဟူသော၊ အစိုးရဌာနများ၏အလုပ်တခုကိုလိုအပ်သည်ထက်ချဲ့ထွင်ပြီး၊ အချိန်ဆွဲဆန့်ကာမကြာကြာအောင် လုပ်ငန်း ဆောင်ရွက်ပေးမှုသည်၊ ဗျိုရိုကရေစီလုပ်စဉ်ကြီးဖြစ်သည်။ ထိုထက်ပိုအရေးကြီးသောအချက်ကား၊ ဤအင်အား စုသည်မကြေနပ်ချက်၊မနာလိုဝန်တိုမှုနှင့်ရှေးရိုးဆန်မှုတိုနှင့် သက်ဆိုင်မှုအလျင်းမရှိဘဲ၊ အစဉ်အဆက်နေရာ ရယူ အာဏာစွဲကိုင်နေမှုသည်၊ ဖေါက်ပြန်သောအခြေအနေကို ဖန်တီးနိုင်သည်ဆိုသည်ကိုကောင်းစွာနားလည်ပြီး၊ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကိုတိုက်ရိုက်အကျိုးပြုနိုင်သော၊ ပညာ ကျောထောက်နောက်ခံကောင်းစွာရှိနေကြသူအင်အားစုကို သာအခြေပြုသည်ဟူသောတိုးတက်သောအမြင်ဝါဒီတို့စုစည်းရာအင်အားစုအဖြစ်၊ ခေတ်သစ်သမိုင်းကညွှန်ပြထား သည်။ သိုသော်လည်း Anti-establishment သည်ဖေါ်ပြပါလူတန်းစားများထဲမှလဲထွက်ပေါ်နိုင်သည်။ ထိုနည်း တူ Anti-establishment ဟူသောအယူအဆ ကိုနှစ်ခြိုက်၍ထိုအယူအဆကိုလက်ခံသော (၀ါ) အစိုးရအသိုင်း အ၀န်းထဲမှသာအစိုးရအုပ်ချုပ်သူထွက်ပေါ်လာ မှုကိုဆန့်ကျင်သောအများလူထုကိုလည်းရည်ညွှန်းသည်။
အနီးစပ်ဆုံးဥပမာဆောင်ရသော်- ယခုလက်ရှိအမေရိကပြည်ထောင်စုသမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတ အုပ်ချုပ်ရေးအဖွဲ့နှင့်လွှတ်တော်တို့၏စွမ်းဆောင်ရည်ကိုစိတ်ကုန်နေကြသောလူထု (သို့မဟုတ်)နိုင်ငံရေးပါတီကြီး များ (အထူးသဖြင့် Republican Party) က သမ္မတလောင်းစာရင်းပေါက်ရန်ကြိုးစားနေသော၊ Republican ပါတီဝင်ဟုမိမိကိုယ်ကိုကြေငြာထားသူ Donald Trump အားဝက်ဝက်ကွဲထောက်ခံနေကြခြင်းကိုကြည့်ခြင်းဖြင့် မြင်နိုင်သည်။ Donald Trump သည်အုပ်ချုပ်ရေးအသိုင်းအ၀ိုင်းနှင့်မည်သည့်အချိန်အခါကမျှ ပါတ်သက်ပါဝင် ခဲ့ခြင်းမရှိပေ။ သို့သော်လူထုအချို့နှင့်၎င်း၏ပါတီဝင်များကသူ၏ရဲရဲတောက်ပြောဆိုကြေငြာချက်များကို သဘော တွေ့နေကြသည်။ Washington DC တွင်အခြေကျနေသောအစိုးရနှင့်လွှတ်တော်ကိုဗြောင်ဆန့်ကျင်ခြင်းနည်း ဗျူဟာကိုလူအချို့ကမနောခွေ့နေကြသည်။ သူပြောဆိုနေခြင်းများဖြစ်နိုင်သည်၊ မဖြစ်နိုင်သည်တို့ကိုအပထား၊ ဟုတ်သည်၊ မဟုတ်သည်ဆို့ကိုအပထား၊ လူထုရင်ထဲခံစားနေရသောအစိုင်အခဲနှင့်တထပ်တည်းကျနေခြင်းက သူ့အား၊ နိုင်မဲများဒလဟောဝင်လာစေအောင်ထောက်ခံနေကြသည်။ ရှေ့အစိုးရပြီးလျင်၊ နောင်တက်သည့်အစိုး ရကလည်း၊ ရှိရင်းစွဲအစိုးရအသိုင်းအ၀ိုင်းကြားမှသာထွက်ပေါ်နေသော Establishment ကိုသည်းညီးမခံနိုင် သောအမေရိကန် နိုင်ငံသားဦးရေကားဒီရေအလားတိုးပွားလာသည်။
ဤဆောင်းပါး၏ဦးတည်ရေးသားလိုသောမြန်မာ့နိုင်ငံရေး၊ ရေပြောင်းမြေပြောင်းအခြအနေများကိုကြည့်ကြပါစို့။ (၁၉၄၈)ဗြိတိသျှထံမှအချုပ်အခြာလွတ်လပ်ရေးရချိန်မှစ၍၊ နိုင်ငံကိုအုပ်ချုပ်ခဲ့သောအစိုးရအဆက်ဆက်နှင့် အင်အားကြီးနိုင်ငံရေးပါတီများကိုလေ့လာပါက၊ နိုင်ငံရေးအဆက်ဆက်တနည်းမဟုတ်တနည်းနည်းဖြင့်ပါဝင်ခဲ့ သူတွေသာနိုင်ငံအုပ်ချုပ်ရေးယန္တရားတွင်နေရာအပြည့်ယူခဲ့ကြသည်ကိုမြင်အောင်ကြည့်ပါ။ အဖေစစ်ဗိုလ် ဖြစ်လျင်သားသမီးများစစ်ဗိုလ်စစ်သားဖြစ်ရန်အခွင့်အလမ်းသာကြပြီး၊ မိဘကအုပ်ချုပ်သူလူတန်းစားဖြစ်ပါက၊ သားသမီးများအခွင့်ထူးခံလူတန်းစားစာရင်းဝင်အလိုအလျောက်ဖြစ်သွားကြသည်။ သာမန်အရပ်သားလူတန်း စားထဲမှအုပ်ချုပ်သူလူတန်းစားရင်းဝင်ခဲ့ပါကလည်းအထက်ဆုံးတိုင်ရာထူးဌာနန္တရသို့ရောက်ရှိရန်ခဲယဉ်းလှပေစွ။ အမှီသဟဲသည်နိုင်ငံရေးစင်မြင့်အတွက်အဓိကခုတုံးကြီးဖြစ်မှန်းမသိဖြစ်နေသည်မှာအမှန်။ (၁၉၈၈)အထွေထွေအရေးအခင်းကြီးမှပေါ်ထွက်လာသောလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ် တိုင်ပင်လျင်ဘခင်ဗိုလ်ချုပ်အောင်ဆန်းဟူသောအရှိန်အ၀ါနောက်ကြောင်းခံကြောင့်၊ လူထုနှင့်ယဉ်းနှီးကျွမ်းဝင်မှု ကိုတမဟုတ်ခြင်းရစေခဲ့သည်။ နောင်အခါ သူမ၏တွေးခေါ်မျှော်မှန်းချက်၊ ပင်ကိုယ်အရည်အသွေး၊ နိုင်ငံတကာ ၀င်ဆန့်မှု၊ လူထုရင်ထဲတွင်ခံစားနေရသောအချက်များနှင့်တသားတည်းကျနေမှုတို့က သူမအားနိုင်ငံရေးဇာတ်ခုံ သို့အရောက်တွန်းပို့နိုင်ခဲ့သည်။ ထူးခြားလှသောသူမ၏ရိုးသားမှု၊ သည်းခံနိုင်ရည်ရှိမှုတို့ကအများလူထုနှင့်ကမ္ဘာ တ၀ှမ်းကိုမျက်စေ့ကျစေခဲ့သည်မှာအမှန်ဖြစ်သည်။ သို့သော်မြန်မာ့နိုင်ငံရေးအုပ်ချုပ်မှုအ၀န်းအ၀ိုက်တွင် မည် သည့်အခါကမျှပါဝင်ခဲ့ခြင်းမရှိပါ။ ထိုနည်းတူသူမနှင့်အတူလက်တွဲလုပ်ကိုင်နေကြသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီခေါင်းဆောင်ပိုင်းအချို့သည်လည်းထိုနည်းတူတူပင်။ အုပ်ချုပ်သူလူတန်းစားတွင်ပါဝင် ခဲ့ကြသူအ ချို့ လူနည်းစုမှာလည်း၊ ထိုအ၀န်းအ၀ိုက်နှင့်ကင်ကွာခြင်းမကကင်းကွာနေကြပြီဖြစ်ပြီး၊ အိုမင်မစွမ်း အသက်အ ရွယ် ရောက်နေကြပေပြီ။ မြန်မာ့အုပ်ချုပ်ရေးအသိုင်းအ၀ိုင်းမှထွက်ကြသူပင်စင်စားများ၊ နည်းအမျိုးမျိုးနှင့်ပြင်ပ လော ကသို့ရောက်ရှိသွားကြသူအားလုံးတို့သည်၊ ပြင်ပသာမာန်ဘ၀သို့ရောက်သည်နှင့်၊ လမ်းဘေးရောက်ကြ သူတွေနှင့်ထူးမခြားနားပင်။ ရာထူးကထွက်သည်နှင့်ခေါ်ပြောသူမဲ့/ကူညီသူမဲ့သို့ဘ၀သို့တမဟုတ် ခြင်းရောက် သွား သည်ကိုကာယကံရှင်တိုင်းသိကြသည်။ မိမိရာထူးရှိချိန်၊ အာဏာရှိချိန်ရသမျှအခွင့်အရေးကိုနည်းမျိုးစုံနှင့် ရအောင်ယူကြသောအလေ့အထသည်၊ မြန်မာ့ဝန်ထမ်းလောကတွင်အမြစ်စွဲချင်တိုင်းစွဲနေပေပြီ။ ဤအချက်ကို သာမာန်လူထုကအော့နှလုံးနာခြင်းမကနာနေသည်မှာနှစ်ပရိစ္ဆေဒကြာပါပကော။ ဤအခြေမှသည် စစ်ဗိုလ် ပြီး ရင်း စစ်ဗိုလ်၊ နိုင်ငံရေးသမားပြီးရင်းနိုင်ငံရေးသမားသာအဆက်ဆက်လက်ဆင့်ကမ်းပေးသော အာဏာလက် ဆင့်ကမ်းနေသော၊ ရာစုတခုနီးပါးမျှသောအစဉ်အလာကြီးကိုတွန်းလှန်နိုင်သော Anti-establishment ကို လူထု ကတမ်းတလာကြသည်။ ထိုမှသည်၊ မျှော်လင်းချက်ရောင်ခြည်ကိုထွန်းညှိပေးသော ဒေါ်အောင်ဆန်းစု ကြည် နိုင်ငံရေးဇာတ်ခုံပေါ်ရောက်ရှိလာသည်။ ၀မ်းမြောက်ဘွယ်ကောင်းပေစွ။ လူထု၏မျှော်လင့်ချက်စိတ်ကူး ယဉ်မှုတို့အကောင်အထည်ပေါ်လာပြီလော။
မကြာမှီရက်ပိုင်းကပြည်ထောင်စုလွှတ်တော်ကြီးမှရွေးကောက်လိုက်သောသမ္မတနှင့်ဒုတိယသမ္မတ(၂)ဦး (ဦးထင်ကျော် နှင့် Henry Van Thio) တို့ကို ကြည့်ပါက၀န်ထမ်းဟူသောအသိုင်းအ၀ိုင်းတွင်သာမာန်ရာထူး အဆင့်ဖြင့်ပင်တချိန်တခါကပါဝင်ခဲ့ကြသူများသာဖြစ်သည်။ ရာထူးကြီးဌာနအကြီးအကဲများပင်မဟုတ်ကြ။ သို့သော် လက်ဆင့်ကမ်းအာဏာလွှဲပြောင်းမှုများနှင့်သာသက်ဇိုးရှေနေသော၊ အဆက်ဆက်သော Establishment အစိုးရများကိုဆန့်ကျင်ကြသောလူထု၊ တိုင်းရင်းသားလူမျိုးစုများနှင့်နိုင်ငံရေးပါတီကြီးများက၊ ဤနိုင်ငံရေးပြောင်းလဲမှုကြီးကိုပေါ်ထွန်းစေခဲ့သည်။
ဤနေရာတွင် မြန်မာ့နိုင်ငံရေးပြောင်းလဲမှုအစဉ်တိုင်းတွင်သွေးထွက်သံယိုရှိသည်မှအစ၊ နိုင်ငံမတည်ငြိမ်မှုများ နှင့်ပြည့်နှက်သောအာဏာလွှဲပြောင်းကိုလူထုကသမိုင်းတွင်မျက်ဝါးထင်ထင်တွေ့ခဲ့ကြရပြီဖြစ်သည်။ သို့သော် လာမည့် ဧပြီ (၁)ရက်နေ့တွင်ပေါ်ပေါက်လာမည့်နိုင်ငံရေးအာဏာလွှဲပြောင်းမှုသည်အချောမွေ့ဆုံးဖြစ်စေရမည် ဆိုသော၊ လက်ရှိသမ္မတဦးသိန်းစိန်၏အထပ်ထပ်ကတိက၀တ်ပြုမှုကိုလူထုကမြင်လိုဆန္ဒပြင်းပြကြသည်။ နိုင်ငံရေးပြောင်းလဲမှုတိုင်းသည်၊ အထစ်အငေါ့ရှိမည်မှာအမှန်ဖြစ်သည်။ သိုသော်လက်ရှိအစိုးရ၏အာဏာလွှဲ ပြောင်းမှုသည်ဆိုခဲ့သည့်အတိုင်းဖြစ်ပေါ်သွားမည်ဆိုပါက၊ သမိုင်းတွင်မည့်အာဏာလွှဲပြောင်းမှုအဖြစ်မြန်မာ့ သမိုင်းတွင်နေရာယူသွားမည်ဖြစ်သည်။ ထိုနည်းတူအဆိုပါအာဏာလွှဲပြောင်းမှုကိုဖြစ်အောင်ဆောင်ကျဉ်း ပေးရန်တွန်းအားကိုဖေါ်ဆောင်ပေးနိုင်သောအခန်းကဏ္ဍတွင်အဓိကဦးဆောင်မည်ဟုဆိုသည့်သမ္မတဦးသိန်းစိန်၏၊ အရိုးခံစေတနာကိုချီးကျူးကြရမည်မှာအမှန်ဖြစ်သည်။ သူ၏နောက်ကွယ်တွင်ကြိုးကိုင်ခဲ့သူရှိလျင်သော်၎င်း၊ သူနှင့်အတူရှိသောအစိုးရယန္တရားကြီးတခုလုံကိုတစိတ်တည်းတ၀မ်းတည်းဖြစ်အောင်ကြိုးပမ်ရသောအလုပ် သည်အခက်ခဲဆုံးကိစ္စဖြစ်သည်ကိုမြင်အောင်ကြည့်တတ်ကြဘို့လိုပေသည်။ ထိုအဆောက်အအုံတခုလုံးကိုခြွင်း ချက်မရှိတသံတည်းထွက်အောင်စည်းရုံးစေ့ဆော်နိုင်သောအရည်အသွေးကိုအသိအမှတ်ပြုကြရမည်မှာအမှန် ဖြစ်သည်။ နိုင်ငံရေးအာဏာဟူသော လူတိုင်းသည်းခြေကြိုက်သောအခွင့်အလမ်းကြီးကိုလက်လွတ်ခံရဲ နိုင်သောစိတ်ဓါတ်ကို “မ”တထောင်သားအာဏာရှိဆဲအစိုးရအဖွဲ့ဝင်အားလုံးသို့ဖြောင်းဖျပေးနိုင်သော၊ စွမ်းရည် ကားလွယ်ကူသောကိစ္စတခုမဟုတ်။
ကမ္ဘာ့မျက်မှောက်ဇာတ်ခုံတွင်ဖြစ်ပေါ်နေသော Anti-establishment ကိုမြန်မာ့မြေတွင်အချိန်နှင့်တပြေးညီဖြစ် ပေါ်နေသောနိုင်ငံရေးဖြစ်စဉ်၏ကွာခြားနေစေသောအကြောင်းချင်းရာများကိုလေ့လာကြည့်မည်ဆိုပါကအောက်ပါအချက်များကိုတွေ့ရပေ မည်။
(က) ကမ္ဘာ့နိုင်ငံရေးလောက(အထူးသဖြင့်အမေရိကနှင့်အနောက်နိုင်ငံများ၊ ဖွံဖြိုးပြီးအာရှနှင့်ဥရောပနိုင်ငံများ) သို့ဝင်ရောက်ရန်ကြိုးပမ်းကြသူတို့သည်၊ မိမိကိုယ်တိုင်အုပ်ချုပ်ရေးယန္တရားတွင် ပါဝင်ပါတ်သက်ခြင်းအလျင်းမရှိ ခဲ့ကြသော်လည်း၊ မိမိတို့ပင်ကိုယ်ပညာရေးကျောထောက်နောက်ခံနှင့်နိုင်ငံရေးစနစ်ကြီးက၊ အုပ်ချုပ်ရေးအတွေ့ အကြုံရှိအောင်သင်ကြားလေ့လာပြီးသောအရည်အသွေးရှိနေကြပြီး၊ မြန်မာ့နိုင်ငံရေးဦးဆောင်မှုတွင်(ဒေါ်အောင် ဆန်းစုကြည့်မှအပ) ပါဝင်လာကြမည့်သူများအနေဖြင့်ယင်းအခွင့်အလမ်းများကင်းမဲ့ခဲ့ကြခြင်း။
(ခ) နိုင်ငံတကာဆက်ဆံရေးအတွေ့အကြုံနှင့်အမှန်တကယ်ရင်းနှီးပွင့်လင်းမြင်သာသောအုပ်ချုပ်ပုံနည်းစနစ်ကို မြန်မာတို့ရင်းနှီးထိတွေ့မှုလွန်စွာနည်းပါးနေသေးမှု။ ထိုအခွင့်အလမ်းများထိတွေ့နိုင်သောအခွင့်အလမ်းကင်းမဲ့ ခဲ့မှု။
(ဂ) အစိုးရမဟုတ်သောအရပ်သားသာမာန်လူထုအတွက်နိုင်ငံအုပ်ချုပ်ရေးပညာကျောထောက်နောက်ခံပေး နိုင်သောစနစ်မည်သည့်အချိန်အခါကမျှမရှိခဲ့မှု။ နိုင်ငံလိုအပ်ချိန်တွင်အချိန်မရွေးအစားထိုးနေရာပေးနိုင်စွမ်း သော၊ ကမ္ဘာ့အဆင့်မှီအုပ်ချုပ်ရေးပညာရှင်များရှားပါးနေသေးမှု။
(ဃ) ခေတ်နောက်ပြန်ဆွဲသောလူမျိုးကြီးဝါဒနှင့်၊ တယူသန်ဘာသာရေးဝါဒီကြီးစိုးမှု၊ ရှေးရိုးဆန်သောဝါဒအမြစ် တွယ်နေမှု၊ အကျင့်ပျက်ချစားမှု၊ အဂတိထူပြောမှု၊ နီးစပ်ရာလက်အောက်ငယ်သားများကိုသာမြှောက်စားနေရာ ပေးသောအလေ့အထရှင်သန်နေသေးမှုတို့က Anti-establishment ၀ါဒီတို့ကိုအားပြိုင်စိမ်ခေါ်နေသေးမှု။ (ဥပမာ-တပ်မတော်သားများကိုသာအုပ်ချုပ်ရေးစနစ်နားလည်သည်ဟုယူဆမှု၊ ဆရာဝန်များသာကျန်းမာရေး ဌာနအကြီးအကဲလုပ်နိုင်သည်ဟု ယူဆမှု၊ အင်ဂျင်နီယာများသာစက်မှုလက်မှုဌာနအကြီးအကဲဖြစ်ရမည်ဟူသော တရားသေမူဝါဒများစွဲကိုင်နေသေးမှု) ဥပဒေနှင့်စနစ်တို့၏သဘောတရားကိုကောင်းစွာလေ့လာလိုက်စားသော အလေ့အထခေါင်းပါးနေသေးမှု။ အရပ်သဘောဖြတ်လမ်းနည်းအုပ်ချုပ်ရေးတစ်လမ်းသွားစနစ်ကိုသာယဉ်ပါး နေသေးမှု။
(င) မကြေနပ်ချက်၊ မနာလိုဝန်တိုမှုပေါ်တို့တွင်သောအခြေခံနေသေးသောလူမှုစနစ်အဖွဲ့အစည်းဆက်လက် ကြီးစိုးနေသေးမှု။ ထိုအချက်တို့ပေါ်တွင်အခြေခံသောတော်လှန်လိုသူအင်အားစုများသာပေါ်ထွက်လာသေးမှု။ အနစ်နာခံကြသူတွေ၊ အခွင့်အရေးဆုံးရှုံးကြသူတွေသာ နိုင်ငံအုပ်ချုပ်ရေးယန္တရား၏ရာထူးဌာနန္တရတို့တွင်နေရာ ပေးသင့်သည်ဟူသောသိမ်ငယ်သောအမြင်များလွှမ်းမိုးနေသေးမှု။
ဤအထွေထွေအားနည်းချက်များသည်၊ ယခုပေါ်ထွက်လာမည့်အစိုးရသစ်ကိုကောင်းစွာစိမ်ခေါ်နေမည်ဖြစ် သကဲ့သို့၊ တည်ဆဲအစိုးရဌာနအဖွဲ့အစည်းများနှင့်သမိုင်းစာမျက်နှာသစ်တွင်ဆက်လက် အရေးပါနေဦးမည့် တပ်မတော်တို့အပေါ်အုပ်ချုပ်ရာတွင်အဆင်မပြေမှုများစွာဖြစ်ပေါ်နေစေဦး မည်ဖြစ်သည်။ ကမ္ဘာ့ရင်ဘောင်တန်း နိုင်သောစစ်မှန်သောလူထုဗဟိုပြုအုပ်ချုပ်ရေးစနစ်ပညာသည်၊ လက်ရှိ အုပ်ချုပ်သူလူတန်းစားအသစ်များဖြစ် သောအစိုးရ၏အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးနှင့်မီဒီယာ မဏ္ဍိုင်ကြီးများအတွင်းထဲထဲဝင်ဝင် ရောက် ရှိစိမ့်ဝင်နိုင်အောင်၊ လက်ရှိတက္ကသိုလ်ပညာရေးစနစ်နှင့်သင်ရိုးများ ခ၀ါချပြုပြင်ပြောင်းလဲသင်ကြားနိုင်ပြီး၊ ထိုက် သင့်သောကာလရှည်ကြီးတခုကိုတော့ကျော်ဖြတ်ကြရဦးမည်မှာအမှန်။

No comments:

Post a Comment