Thursday, December 29, 2016

ပညာတော်သင်ကြရာဝယ်



ပညာတော်သင် ဟုဤဆောင်းပါးတွင်ခေါင်းစဉ်တပ်ရသော်လည်း၊ ဆောင်းပါးမှအသားပေးဖေါ်ပြလိုသော သူတို့တွင် မြန်မာနိုင်ငံမှ အစိုးရအစီအစဉ်နှင့်ဖြစ်စေ၊ မိမိသက်ဆိုင်ရာအဖွဲ့အစည်းကုမ္ပဏီကြီးများကဖြစ်စေ စေလွှတ်ခြင်းခံရသူများ၊ အစည်းအဝေး၊ အခမ်းအနားနှင့်ဆွေးနွေးပွဲမျိုးစုံသို့တက်ရောက်ကြသူ ၀န်ထမ်းကြီးငယ် (ညွှန်ကြားရေးမှူးချုပ် အပါအ၀င်အစိုးရအဖွဲ့အကြီးအကဲတာဝန်အရှိဆုံးသူဝန်ကြီးဝန်ကလေးများအပါအ၀င်) အားလုံးတို့ကိုသိမ်းကြုံးရည်ညွှန်းလိုပါသည်။ ထိုမျှသာမက နိုင်ငံရပ်ခြားအသီးသီး(ကုလသမဂ္ဂအပါအ၀င်) တို့တွင်ကာလတိုကာလရှည်ထမ်းဆောင်နေကြသော မြန်မာနိုင်ငံသား ၀န်ထမ်းများတို့သည်လည်းသက်ဆိုင်မှု ရှိသည်ဆိုသည်ကိုမီးမောင်းထိုးပြရန်လိုပါမည်။ ဤသို့ရည်ညွှန်းရခြင်းမှာလည်းကြီးစွာသော အကြောင်းအချင်း ရာများရှိနေပါသည်။
စာရေးသူတို့မှတ်သားမိသလောက် (၁၈၆၀) ခုနှစ်လောက်ကအမေရိကနိုင်ငံ ပင်ဆီးလ်ဗေးနီးယားပြည်နယ်ရှိ (ယခု) Bucknell Univeristy တွင်ပထမဦးဆုံးသောပညာတော်သင်အဖြစ် မွန်တိုင်းရင်းမောင်ရှောလူ သည် မြန်မာတို့၏ပင်လယ်ရပ်ခြားပညာသင်ကြားရေးတံခါးကိုဖွင့်လှစ်ခဲ့သည် ဟုအဆိုရှိကြပါသည်။  ထိုမှသည် မိမိ အစီအစဉ်ဖြင့်ပညာတော်သင်ရောက်လာကြသူများရှိခဲ့ (ရှိနေဆဲ)ဖြစ်သော်လည်း တိကျသောမှတ်တမ်းများကို မြန်မာနိုင်ငံ တွင်လူသိရှင်ကြားထုတ်ပြန်ခြင်းမရှိသေးပေ။ ပညာတော်သင်ရင်းပင်ဖြစ်စေ၊ အစည်းအဝေး/အချိန် တိုတာဝန် ထမ်းဆောင်ရင်းပင်ဖြစ်စေ၊ ပညာသင်ဘ၀မှသည်၊ ရောက်ရှိရာနိုင်ငံတွင်နိုင်ငံသားများအဖြစ်အသွင် ပြောင်းအခြေချကြသူတွေလည်းရှိသည်။ ရေကြည်ရာမြက်နုရာ မိမိစိတ်ကြိုက်ပြောင်းရွှေ့အခြေချကြသည်ကား လူ့အခွင့် အရေးတစ်ရပ်ဖြစ်သလို၊ အပြစ်မြင်၍မရပါ။  လျင်သူတွေလျင်သလို နေရာရနေကြသောခေတ်ကြီး မဟုတ်ပါလား။ လွတ်လပ်ရေးရပြီးနောက်ပိုင်း၊ တော်လှန်ရေးအစိုးရခေတ်မှစ၍ လမ်းစဉ်ပါတီခေတ်၊ စစ်အုပ် ချုပ်ရေးကာလရှည်ကြီးနှင့်တကွ၊ ယခုဒီမိုကရေစီအစိုးရတိုင်အောင် တစိုက်မတ်မတ်ကျင့်သုံးနေသောစနစ် တခုကား၊ ပညာတော် သင်အပါအ၀င် နိုင်ငံရပ်ခြားသို့အကြောင်းအမျိုးမျိုးဖြင့်စေလွှတ်ကြသည့်လုပ်ပိုင်ခွင့် ကိုအစိုးရအဖွဲ့ကတရား ၀င်ချုပ်ကိုင်ထားဆဲဆိုသည့်အချက်ပင်။ ဤနေရာတွင်မိမိအစီအစဉ်ဖြင့်မိမိငွေကြေး နှင့်ပညာသင်ကြသူတွေ နှင့် သက်ဆိုင်ရာကုမ္ပဏီ (သို့မဟုတ်) အဖွဲ့အစည်းတရပ်ရပ်မှစေလွှတ်ကြသူတွေသာ၊ ယင်းထိန်းချုတ်ခြင်းမှ ကင်းလွတ်ကြသည်။ သို့သော်ငြားလည်းသယ်ဆောင်သွားမည့်နိုင်ငံခြား ငွေသားနှင့် ထိုသက်ဆိုင်သူ၏ နောက်ကြောင်းခံပညာသင်ကြားခဲ့မှုနှင့် နိုင်ငံရေး/စီးပွားရေးအခွန်အကောက်ဆိုင်ရာကင်းရှင်း မှုတည်းဟူသော သမရိုးကျစီစစ်ရေးလမ်းကြောင်းကိုဖြတ်သန်းကြရဆဲဖြစ်သည်။
နိုင်ငံခြားသွားခွင့်ရရေး……..အခွင့်ထူးကြီး
ဆိုခဲ့သောတင်းကြပ်သောစိစစ်မှုများပြုလုပ်ရခြင်းအကြောင်းရင်းကိုစာရေးသူအနေဖြင့်ဆန်းစစ်ရာတွင် အောက် ပါအခြေခံများကြောင့်ဟူသောအချက်များကိုလေ့လာမိပါသည်။
(က) အစိုးရမှကျခံရမည့် နိုင်ငံခြားငွေသား(foreign currency) ပမာဏထိန်းချုတ်ရမှု၊
(ခ) ပညာတော်သင်များအမိနိုင်ငံသို့ပြန်လာနိုင်မည့်အလားအလာ နှင့် ပြည်တော်ပြန်များအတွက် နေရာ ပြန်လည်းချထားမှုတွင်၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းတွင်အံဝင်ဂွင်ကျမှု၊
ယေဘူယျအားဖြင့်ပညာတော်သင်ရွေးချယ်ရာတွင် စာမေးပွဲစစ်ဆေးခြင်းဖြင့်ပမာဏစစ်ဆေးမှုများပြုလုပ် ရွေး ချယ်သည်မှာမှန်သော်လည်း၊ ခေတ်အဆက်ဆက်တွင်၊ မိမိတို့နှင့်နီးစပ်ရာဖြစ်စေ၊ မိမိဌာနတွင်းမှဖြစ်စေ၊ ရွေး ချယ်စေလွှတ်သည့်ထုံးတမ်းစဉ်လာအလွန်ကြီးမားခဲ့သည်မှာ အထင်အရှားပင်။ အဝေးရောက်နေသူ၊ နယ်စွန်ရပ် ခြားရောက်နေကြသူ(အစိုးရ၀န်ထမ်းများ)တို့အတွက်ကား၊ ဤမဟာအခွင့်အလမ်းကြီးရဘို့ရန်မှာများစွာခက်ခဲ လှပေသည်။ သို့အတွက်ကြောင့်ခေတ်အဆက်ဆက်တို့တွင် နိုင်ငံခြားသို့ စေလွှတ်ခံရခြင်း (မည်သည့်နည်း နှင့်ဘဲသွားရ သွားရ) သည် ကြီးစွာသောဆုလာဘ်ကြီးဖြစ်ခဲ့သည်။ ထို့အတွက်ကြောင့် နိုင်ငံခြားကရလာသည့် ပညာရပ်တို့ထက်၊ “ဘိလပ်ပြန်”ဟူသောဝိသေသ (သို့မဟုတ်) ၀င်ငွေရသောအလုပ်များရှိ၍ ၀ယ်ခြမ်းလာသော ပစ္စည်းဥစ္စာလက် ဆောင်ပဏ္ဏာတို့ကပိုမြင့်မြတ်၍၊ လူပြိန်းကြိုက်သောခေတ်တခေတ်ရှိခဲ့ဘူးသည်ဟု ဆိုလျင် လွန်အံ့မထင်ပါ။ အင်ဂျင်နီယာပါရဂူ (သို့မဟုတ်) ဆေးကုသရေးဆိုင်ရာခွဲစိတ်ကုသမှုပါရဂူ (FRCS) စသည်တို့ ရလာကြသူတွေ လည်း၊ မိမိတို့အမည်နောက်တွင် အမြီးရှည်ချင်တိုင်းရှည်ခွင့်ရ၍၊ ပိုက်ဆံရှာလက်မှတ်ရဘိ သကဲ့သို့ အကျိုးရှိ လှခြေသည်။ သို့အတွက်ကြောင့်နိုင်ငံရပ်ခြားသွားရောက်ခွင့်တည်းဟူသောလုပ်ပိုင်ခွင့်ကိုပိုင်စိုးကြသော အရာရှိမင်းများသည် လွန်စွာလာဘ်ရွှင်ကြသည်ဟူသတည်း။  ယခုအစိုးရကဲ့သို့သော အဂတိတိုက်ဖျက်ရေးကို အထူးအလေးပေး သောခေတ်တွင်လည်း၊ မပေးကြမကမ်းကြရသဖြင့်ဘ၀င်မကျသောသူတွေလည်းအလွန်များ လှသည်ဟု ကြားမိ သည် (ပေးကမ်းရာတွင်များစွာလက်ယဉ်လျက် ဓလေ့ထုံးစံကြီးသဖွယ်နှလုံးပိုက် ကြသူ မြန်မာတို့ စိတ်ပူပမ်နေ ကြသောခေတ်)။  တိုင်တန်းခွင့်ကိုအပြည့်ပေးထားသော်လည်း မည်သူကမျှ ရေးကြီးခွင့်ကျယ်လုပ်ပြီးမတိုင်ကြ။ တိုင်ကြား၍စစ်ဆေးတွေ့ရှိတိုင်းသာ အရေးယူရလျင်လည်း၊ ရှိသမျှရာထူးကြီးငယ်မှန်သမျှတို့ ဇီဝိန်ချုပ်လျက် ဌာန များပင်ဖျက်သိမ်းရလောက်ဖွယ်ရှိနေသည်။ ဤပြည်ပပညာတော်သင်အပါအ၀င်ဖိတ်ခေါ်များကိုကြိကြပ်ရသော သက်ဆိုင် ရာအစိုးရ၀န်ကြီးဌာနများ၏ နိုင်ငံတကာအဆက်ဆံရေးဆိုင်ရာဌာနအရာရှိမင်းများသည်လည်းလွန်စွာမျက်နှာ ပွင့်ကြယုံမက၊ ခွင့်ပြုမိန့် ပေးခွင့်မရှိသည့်တိုင်အောင်စာရွက်စာတမ်းကိစ္စများအဆင်ပြေချောမွေ့ရေးအတွက် ကလည်းအချိန်နှင့်တပြေးညီ အရေးကြီးသည်မို့ သူတို့၏တန်ခိုးသည်လည်းလွန်စွာထွားကြိုင်းခဲ့သည်မှာအမှန် ပင်။ ပညာသင်တစ်ဦး ခြင်းကို အစိုးရအဖွဲ့အစည်းအဝေး (စိစစ်ရေးအဖွဲ့) မှသာဆုံးဖြတ်ရသည်၊ ဆိုသော်လည်း သက်ဆိုင်ရာဝန်ကြီး ဌာနနှင့် sub-cabinet ကဲ့သို့သောလမ်းကြောင်းများကိုချောချောမွေ့မွေ့ဖြတ်သန်းရေးမှာ လွန်စွာအရေးကြီးသည်။ နောက်ဆုံးပိတ်အမိန့်ထွက်ပြီခါမှ၊ အရေးပါအရာရောက်သူတစ်ဦးကမျက်စေ့ကျသဖြင့်၊ လူချင်းလဲပြီး၊ ရှေ့အမိန့် ကိုနောက်အမိန့်နှင့်ဖျက်ပြီးခပ်တည်တည်နှင့်ကိုယ့်လူကိုယ်အစားထိုးသော အဖြစ်မျိုး တွေလည်းလက်ချိုးရေလို့ ပင်မနိုင်ခဲ့ပေ။ လမ်းစဉ်ပါတီခေတ်နှင့်စစ်အစိုးရခေတ်ရှည်ကြီးတို့တွင် နိုင်ငံခြားသို့ခြေချခွင့်လေးရဘို့၊ အထက် အရာရှိမင်းတို့ကိုနတ်သံနှောပြီး “ကန်တော့” ကြရသောအဖြစ်များနှင့်၊ ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်၊ တိုင်း တပ်တွင်ပညာပေးသင်တန်းများ၊ မျက်စေ့စုံမှိတ်၍တက်ခဲ့ကြသူတွေ လည်းမရေတွက်နိုင်ပြီ။ “မိုးကျရွှေကိုယ်” တို့၏ခေတ်သက်တမ်းကားသက်ဇိုးရှည်ဆဲဟုပြောရလျင် တိုက်ရိုက်တာဝန်ရှိသူတို့ကဆတ်ဆတ်ထိမခံဖြစ်ပြီး၊ ပြန်တရားစွဲမည်ဟုချိန်းခြောက်ကောင်းချိန်းခြောက်နိုင် သည်။ သေခြာသည်ကတော့ ဤ၀ဲသြဂါမှအလွတ်မရုံး ထွက်နိုင်သေးသော ယနေ့မြန်မာနိုင်ငံ၏နိုင်ခြားပညာတော်သင် စေလွှတ်ရေး စနစ်ကြီးပင်ဖြစ်သည်။
အမှန်ဆိုရသော် များစွာသောပြည်ပအစည်းအဝေး၊ ဆွေးနွေးပွဲ၊ သင်တန်း တို့သည် သက်ဆိုင်ရာတို့က (အချို့ ဆိုလျင်ခရီးစရိတ်အပါအ၀င်) အကုန်အကျခံ၍ မြန်မာနိုင်ငံသားတို့ကိုဖိတ် ခေါ်ကြခြင်းဖြစ်သည်ကိုလေ့ လာတွေ့ ရှိရသည်။  ဘွဲ့လွန်နှင့်ပါရဂူသင်တန်းများသာလျင် အစိုးရအနေဖြင့်နိုင်ငံခြားငွေကျခံကြရသည် (ဥပမာ တပ်မ တော်မှစေလွှတ်သောပညာသင်များကဲ့သို့)။ အချို့ဆိုလျင် မိမိတို့ဆွေမျိုးသားချင်းမိတ်ဆွေများမှနိုင်ငံခြား ငွေ သားကိုချေးငှားစရိတ်ပြုလျက်ဆိုင်ရာနိုင်ငံသို့ရောက်မှ၊ ထိုဆိုင်ရာအဖွဲ့အစည်းများမှထုတ်ပေးသောနိုင်ငံခြား ငွေ ကိုပြန်လည်ပေးဆပ်၍ “နိုင်ငံခြားပြန်”တည်းဟူသောဘွဲ့ကိုသမုတ်ခြင်းခံကြရသည်။ ချို့တဲ့သောနိုင်ငံမို့ အစစ ခြိုး ခြံကြရသော်လည်း၊ ယင်းအပေါ်တွင်လည်သူစားစတမ်း စားခွက်လုနိုင်ငံခြားရောက်ဘူးသွားကြသူ တွေ လည်းဒု နှင့်ဒေးပင်။ ဘယ်သူတွေတော့နိုင်ငံခြားသို့ဘယ်နှကြိမ်သွားနေရသည်ဟူသောအဖြစ်ကိုဝန်တိုစွာ လက်ပိုက် ကြည့်နေရသောပြည်ပတစ်ကြိမ်တည်းပြန်များနှင့်၊ နိုင်ငံခြားမြေကိုယောင်၍ပင်နင်းခွင့်မရကြသော၊ ပညာ ရှင်တို့များစွာများစွာရှိခဲ့ရှိနေဆဲဆိုသည်ကိုကားငြင်းဘွယ်မရှိပါ။ သို့အတွက်ကြောင့် မိမိတို့ဘ၀တဆစ်ချိုးအ ပြောင်းအလဲကိုဖန်တီးနိုင်စွမ်းအင်အားရှိသော ပြည်ပသွားလာခွင့်သည်၊ လုပ်ပိုင်ခွင့်ရှိသူအစိုးရမင်းတို့လက်တွင်၊ ဆုပေးဒဏ်ပေးလက်နက်ကြီးဖြစ်နေသည်မှာယနေ့တိုင်အောင်ပင်။
ရောက်ပြီ ….. နိုင်ငံခြား
ပြည်ပခရီးစဉ်ပညာတော်သင်သွားခွင့်ရ၍၊ ပြည်ပသို့ရောက်ပြီဆိုပါစို့။ လပေါက်နှစ်ပေါက်နေခွင့်ရကြသူတွေ ပထမဆုံးလုပ်ကြသည့်အချက်ကား၊ ကာလကြာကွဲကွာခဲ့သော၊ မိတ်ဟောင်းဆွေဟောင်း၊ စာသင်ဖေါ်၊ လုပ်ကိုင် ဖေါ်တို့ကိုမြေလှန်ရှာကြသောအလုပ်ဖြစ်သည်။ မိမိတို့လက်လှမ်းမှီရာတို့မှစုဆောင်းမိသလောက်ဖုံးလိပ်စာ တို့သည်များစွာအသုံးဝင်လှသည်။ မိမိဇာတိနှင့်ဝေးချိန်အလွမ်းဖြေစရာ မိတ်ဟောင်းတို့ဖြင့်ပြန်လည်ဆုံတွေ့ လျက်၊ ရှေးဟောင်းနှောင်းဖြစ်ကအစ၊ လက်ရှိဘ၀အခြေအနေတို့ကိုသတင်းဖလှယ်ရသည်မှာလည်း ကြည်နူး စရာပေ။ သို့သော်မိမိလာရင်းကိစ္စအစည်းအဝေး၊သင်တန်းတို့ကရရှိနိုင်မည့်အခွင့်အလမ်းကိုဘေးချိတ်လျက်၊ မရောက်ဘူး သည့်နေရာဒေသထူးဆန်းထွေလာနေရာပျော်ရွှင်ဘွယ်များကိုမဖြစ်မနေရောက် လိုသောအာသီသ တို့က လွှမ်းမိုးလာကြသည် ကိုတွေ့ရသည်။ ယခင်နိုင်ငံခြားပြန်တို့၏စကားလက်ဆောင်အရ မရောက်မဖြစ် ရောက်သင့်သော နေရာများကို မရောက်ခဲ့သည်ရှိသော်ခေတ်နောက်ကြရလေချင်းဟူသောနောင်တကို ရှောင် ရှားနိုင်ကြစေရန်အလို့ငှာ၊ ခြေဆန့်ရန် လမ်းစရှာကြသည်။ နိုင်ငံခြားသွားခွင့်ဟူသောဒုလ္လဘတရား၏တိုက်တွန်း စေ့ဆော်မှုကားအထင် အရှားပင်။ စာရေးသူမှတ်သားမိသလောက် တရုတ်နိုင်ငံမှပညာသင်စေလွှတ်ရာတွင်၊ ပညာသင်တစ်ဦးအပါအ၀င် နောက်လိုက်ပညာသင်တစ်ဦးကိုပင်ပူးတွဲစေလွှတ်သော ခေတ်ဦးပိုင်းတချိန်တခါက ရှိခဲ့ဘူးသည်ဟုဆိုကြသည်။ ပင်မပညာသင်ကတနေ့တာသင်ကြားလာသမျှကို၊ တည်းခိုရာပြန်ရောက်ပါက၊ ပါလာသူနောက်လိုက်ထံအိတ်သွန်ဖါမှောက်ပြန်လည်ပို့ချမျှဝေရသည်။ ထိုမျှမက အပြန်အလှန်ဆွေးနွေးမှုများကို လုပ်ကြရသည်ဟုဆိုသည်။ ပညာကိုမြေလှန်ရှာသော အကျင့်ကောင်းသည်ယနေ့တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ကြီး၏၊ နည်းပညာဆိုင်ရာနိုင်ငံတကာဝန်ဆံ့မှုကသက်သေထူနေပါပကော။ မောင်မိုးညို တို့အမိမြန်မာပြည်မှ ပညာသင်ရောက်လာကြသူတို့ကားတမူးထူးခြားကြသည်။ မိမိတို့အမည်နောက်တွက်ကပ်ပါသွားမည့် ဘွဲ့ထူး ဂုဏ်ထူးကိုသာ၊ အပါသယ်သွားကြသည်။ သင်ကြားတတ်မြောက်သွားသောပညာ၊ တိုးပွားလာနိုင်မည့် အသိ ဥာဏ်ပညာ တို့ကို၊ သင်ကြားရာအရပ်တွင်ပင်ချန်ရစ်ထားခဲ့သလားဟုထင်ရလောက်အောင်၊ တာဝန်ကြေရုံ လောက်သာလေ့လာမှတ်သားစုဆောင်းမှုများပြုကြပုံရသည်။ ယင်းအဖြစ်သို့ရောက်ရသောအကြောင်းရင်းခံကို လေ့လာကြည့်သောအခါ၊ ပညာသင်ကြားရန်ရွေးချယ်တာဝန်ပေးသော၊ တာဝန်ခံအရာရှိမင်းများက၊ ပညာသင် ထွက်ခါနီး “ကန်တော့”ချိန်တွင် “ကိုယ့်နိုင်ငံအတွက်အကျိုးရှိမဲ့ပညာတွေရသလောက်သင်ယူပြီး၊ နိုင်ငံအကျိုးပြု ဘို့ပြန်လာခဲ့” ဟူသော ၀တ်ကြေတန်းကြေသြ၀ါဒပေးခဲ့သော ခေါက်ရိုးကြိုး ပဋိသန္ဓာရစကားများ ကြောင့်ပင်ဖြစ် သည်ဟုဆိုရလျင်လွန်အံ့မထင်။ အဘယ်ကြောင့်ဆိုသော် အဆိုပါမိန့်မှာချက်များကိုခြွေပေးကြသော အဆိုပါ အရာရှိမင်းများကိုယ်တိုင်ပင်၊ မိမိတို့နှစ်ပေါင်းများစွာက၊ မိမိတို့အထက်အရာရှိမင်းများ၏ အလားတူ ပဋိသန္ဓာရ စကားများမကြားချင်အဆုံးကြားခဲ့ကြရသောကြောင့်ဖြစ်သည်။ ထိုစကားတို့ထက်ပို၍အရေးကြီးသောအချက် ကား “မင်းပြန်မလာလို့/အချိန်ဆွဲပြန်လာဘို့ဆင်ခြေတက်လို့ကတော့…ဘယ်လိုအရေးယူလိုက်မယ်နော” ဟူသော ၀ရဇိန်လက်နက်စကားကိုတော့လည်ပင်းစွပ်ပေးလိုက်သည်။ အဆိုပါအရာရှိမင်းတို့ကိုယ်တိုင်၊ စာမေး ပွဲ အတွက်အချိန်ဆွဲစရာရှိလာလျင်သော်၎င်း၊ နောက်ထပ်အပိုသင်တန်းလေးများနှင့်အတူ၊ အသိ အမှတ်ပြုသင် တန်း (Certification studies) များအတွက်၊ သက်ဆိုင်ရာဌာနများသို့အသနားခံခဲ့သော ဘ၀ဟောင်းများကို မေ့လျော့နေကြရော့ထင့်။
အရေးကြီးဆုံးနှင့်တန်ဘိုးအရှိနိုင်ဆုံးကိစ္စကား ပညာသင်ကြားချိန်၊ အစည်းအဝေး/ဆွေးနွေးပွဲတက်ရောက်ချိန် တို့တွင်၊ မိမိတို့လုပ်ကိုင်ရာဌာန၀န်းကျင်ကိုတိုက်ရိုက်အကြိုးပြုနိုင်မည့်၊ နည်းနာနိဿယ၊ လုပ်ထုံးလုပ်နည်း၊ ပညာသင်ကြားရာနိုင်ငံကြီး၏လူထုရေးရာစီမံခန့်ခွဲမှု (public policy) ပညာနှင့်ကျင့်သုံးနေသောစနစ်နှင့် လည် ပါတ်မှု၊ အားသာချက်အားနည်းချက်၊ အပြန်အလှန်ဆွေးနွေး (policy debates) များကိုထဲထဲဝင်ဝင် လေ့လာကြ ဘို့လိုအပ်သည်။ တိုးတက်သောနိုင်ငံများ၏ဘွဲ့လွန်ပညာသင်ကြားရေးစနစ်သည်၊ Open Education ပေါ်တွင် လုံးလုံးလျားလျားအခြေခံထားသဖြင့်၊ ယူတတ်နိုင်သမျှ ယူတတ်အောင်ကြိုးစားကြဘို့လိုသည်။ ပြည်တော်ပြန်မှ ပြန်ကြည့်တာပေါ့ ဟူသောအတွေးဝင်မိသည်နှင့် မိမိလာရင်းရည်မှန်းချက်ချွတ်ချော်ပြီဆိုသည်ကို မြင်အောင် ကြည့်တတ်ကြဘို့လိုပါသည်။ နောက်တချက်ကား မိမိနေထိုင်တည်းခိုရာဝန်းကျင်တွင်တွေ့ကြုံရသော၊ မိတ် ဆွေမိသားစု တို့သည် ပညာသင်တို့အတွက်အကောင်းဆုံးဆွေးနွေးဖေါ်များဖြစ်သည်ကိုနှလုံးသွင်းပါ။ လက်တွေ့ ဘ၀တွင်နေထိုင်ကြသူတွေမို့သူတို့တတွေ၏ ထင်မြင်မှု၊အတွေ့အကြုံတို့သည်၊ အကောင်းဆုံးဆွေးနွေးချက်များ ဖြစ်သွားနိုင်သည်။ ဤအထဲတွင်မိမိတို့၏မြန်မာမိတ်ဆွေအတန်းဖေါ် များသည် လည်းအပါအ၀င်ဖြစ်သည်။ အားမနာတန်းဆွေးနွေးနိုင်သည်။ အဆုံးဆိုရသော်၊ ပညာသင် ဆိုပြီး စားလိုက်အိပ် လိုက်နေရမည့်အချိန် မဟုတ်။ မိနစ်တိုင်း၊နာရီ/နေ့ရက်တိုင်းသည် တန်ဘိုးကြီးလှသောအချိန်ကာလဖြစ်သလို၊ မြန်မာနိုင်ငံသို့ ပြန်ရောက်ပြီးခါမှ၊ ဒီကိစ္စသေခြာမဆွေးနွေးခဲ့ရလေချင်းဟူ၍နောင်တမရကြဘို့လိုသည်။
ပြည်တော်ပြန်ပညာသင်…..တို့တတွေ
အမိမြန်မာပြည်ပြန်လမ်းစပြီဆိုကတည်းက၊ ပညာသင်များအစည်းအဝေးတက်ကြသူတွေ စိတ်တွင်းပထမဆုံး ၀င်လာသောစနိုးစနောင့်ဖြစ်စိတ်ကား “ငါ့ကိုငါ့အကြီးအကဲကဘာပြောမလဲ၊ နိုင်ငံခြားသွားလှချည့်ရဲ့”ဟုပြစ်တင် စကားပြောမည်လားဟူသောအတွေးပင်။ ပို၍ဆိုးသည်ကား”မိမိနှင့်မဆိုင်သည့် တခြားရာထူးနေရာကိုပြောင်းရွှေ့ လိုက်ရင်ခက်ရချည့်ရဲ့၊ နယ်စွန်နယ်ဖျားပို့ရင်ခက်ရချည့်ရဲ့”ဟူသောအတွေ့းများပင်။ ခေတ်အဆက်ဆက် ပြည် တော်ပြန်များကို မဆီမဆိုင်ရာထူးဌာနသို့ပြောင်းရွှေ့ခြင်းဖြင့် နာမ်နှိမ်နည်းကို အစိုးရမင်းအဆက်ဆက်တို့ ရေလဲ နှင့် သုံးခဲ့ကြသည်။ သည်ကြားထဲ ပြည်ပတွင်အချိန်ဆွဲနေထိုင်မိပါက၊ ပြစ်မှုကျူးလွန်သူတစ်ဦးကဲ့သို့ဆက်ဆံ သော၊ ၀န်ထမ်းစနစ်သက်ဇိုးရှေနေသေးသည်မဟုတ်ပါလော။ တာဝန်အရှိဆုံးသူတို့ကိုယ်တိုင်ပညာသင်ပြန်သူ တို့၏ ပညာကို၊ နိုင်ငံအတွက်တိုက်ရိုက်အကျိုးပြုမည့်တာဝန်များပေးရန်နှောင့်နှေးနေကြဆဲပင်ဖြစ်သည်။ ထိုသို့နှောင့် နှေးရန်လည်းထိုတာဝန်အရှိဆုံးအရာရှိမင်းတို့ကိုအသိမပေးဖုံးဖိထားကြသော လက်အောက်အရာရှိ တို့သည်လည်းရှိဆဲ၊ “ပန်း”ပန်ကြဆဲပင်။
ဒီမိုကရေစီတံခါးလှစ်ခါစမြန်မာနိုင်ငံသည်၊ နိုင်ငံသားတို့ လူတန်းစေ့သော ဘ၀ရောက်ရှိစေရေးမှာ၊ ပညာတတ် များနေရာ/ရာထူးရကြဘို့အထူးလိုပါသည်။ လက်ရှိပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် အစိုးရအဖွဲ့ကြီး၏ပညာတော် သင်ရွေးချယ်ရေး နည်းစနစ်၊ ပညာသင်ပြန်များ၊ လူမှန်နေရာမှာအမြန်ဆုံးနေရာရရေးတို့အတွက်၊ မူဝါဒများ လက်တွေ့ကျကျ အကောင်အထည်ဖေါ်သင့်သောအချိန်ဖြစ်သည်။  လက်တွေ့အကျိုးပြုအကောင်အထည် ဖေါ် နိုင်မည့်မူဝါဒများ မရှိသေးသရွေ့၊ လက်သင့်ရာစားတော်ခေါ်သော စနစ်ရှိနေသေးသရွေ့၊ “သမင်မွေးရင်း၊ ကျား စားရင်း” ပညာတော်သင်စနစ်အဖြစ်သာ သက်တမ်းရှည်နေဦးမည်ဖြစ်သည်။ လူကြားကောင်းယုံ၊ ဖြတ်လမ်း နည်းကိုလိုက်သော ပညာသင်စနစ်များလည်း၊ မြန်မာနိုင်ငံတွင်ခေတ်အဆက်ဆက်ပေါ်ခဲ့သည်။ ပညာသင်ပြန် လာသူတို့ကို၊ မရှုစိမ့်သော (၀ါ) ယုံကြည်မှုမထားနိုင်သော ပညာသင်စေလွှတ်ရေးစနစ်ထွန်းကားနေသေးသရွေ့၊ ပညာတော်သင်တို့၏ ပညာရပ်လိုက်စားလိုမှုသည်အားနည်းနေကြဦးမည်ဖြစ်သည်။ ထိုအားနည်းမှုသည် သက် ဆိုင်ရာစေလွှတ်သောဌာနကြီး၏အားနည်းမှုဖြစ်သလို၊ နိုင်ငံ၏မခန့်မှန်းနိုင်သောဆုံးရှုံးမှုကြီးလည်းဖြစ်သည်။ ဤအဟောသိကံဖြစ်နေသာပညာသင်စေလွှတ်မှုကို မြင်အောင်ကြည့်ပြီးတာဝန်ရှိသူတို့ ပြုပြင်နိုင်ကြပါစေ ကြောင်း။       

No comments:

Post a Comment