Saturday, December 03, 2016

အသံတိပ်အင်အားစုကိုနိုးထစေသူ (၀ါ) Donald Trump



ပြီးခဲ့တဲ့ နိုဝင်ဘာ (၉)ရက်နေ့နံနက်အာရုံတက် လင်းအားကြီးအချိန် အမေရိကနိုင်ငံတ၀ှမ်းနေထိုင်ကြသူ နိုင်ငံသားအားလုံးရဲ့ဘ၀တွေကိုပြောင်းလဲစေမဲ့ သတင်းထူးကြီးတစ်ခုပေါ်ထွက်ခဲ့ပါတယ်။ သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်ဟာ ပြိုင်ဖက် ဒီမိုကရက်တစ်ပါတီပါတီဝင် ဟီလာရီကလင်တန်ကို Electoral မဲအပြတ်အ သတ်နဲ့အနိုင်ရရှိလိုက်တယ်ဆိုတဲ့သတင်းပါဘဲ။ နိုဝင်ဘာ(၈)ရက်ညဦးပိုင်းဝင်လာတဲ့မဲစာရင်းစစ်တမ်းအရ၊ မဲအင် အားပိုလာတဲ့ဒေါ်နယ်လ်ထရမ့်ရဲ့သတင်းဟာကွန်ယက်များစွာတို့ရဲ့စစ်တမ်းနဲ့အတူ ၀င်လာကြပါတယ်။ မောင်မိုးညိုဆီကို၊ အမေရိကပြည်တွင်းကသာမက၊ အာရှအရှေ့ဖျားနဲ့မြန်မာနိုင်ငံတို့မှ၊ emails, text messages၊ ဖုံးတွေတဖွဲဖွဲ ၀င်လာကြခြင်းကိုကြည့်ခြင်းအားဖြင့်၊ အခုနှစ်အမေရိကအထွေထွေရွေးကောက်ပွဲကိုနိုင်ငံတ၀ှမ်း က၊ မပြတ်ဒေါက်ထောက်ကြည့်နေတယ်ဆိုတာသိသာထင်ရှားလှပါတယ်။ ဒီသတင်းကို ကြိမ်းသေပေါက် အောင်နိုင်မယ်လို့ ကြိုတင်တွက်ကိန်းထုတ်ပြီး၊ ရွေးကောက်ပွဲအောင်နိုင်ရေးမိန့်ခွန်းပြင်ဆင်နေတဲ့ ကလင်တန် အုပ်စုရဲ့အရှိုက်ကိုကောင်းကောင်းကြီးထိခိုက်သွားစေသလို၊ ရွေးကောက်ပွဲရလာဒ်ကို ဘယ်လိုဆင်ခြေတက်ကန့် ကွက်ရမလဲဆိုပြီးပြင်ဆင်နေကြတဲ့ ထရမ့်အုပ်စုကို အလွန်အမင်အံ့သြသွားစေတာအမှန်ပါဘဲ။ ဒီသတင်းဟာ ရှုဒေါင့်မျိုးစုံကိုကကြည့်ကြသူအားလုံးနဲ့တကွ၊ သတင်းကွန်ယက်အားလုံးလိုလိုကို အထိတ်တလန့်ဖြစ်သွားစေ ပါတယ်။ ကလင်တန်အနိုင်ရမယ်လို့၊ ရွေးကောက်ပွဲခရီးလမ်းကြောင်းတလျှောက်စစ်တမ်းများထုတ်ပြန်ခဲ့ယုံမက၊ ထရမ့်ရဲ့ Republican Partyကိုယ်တိုင်က၊သူ့ဆီကဖယ်ခွါထွက်ပြီး၊ လက်ရှိရွေးကောက်ပွဲမှာပြန်လည်းယှဉ်ပြိုင်တဲ့ ပါတီဝင်အမတ်များ အောင်နိုင်ရေးကိုဦးစားပေးမယ်လို့ပြောခဲ့တဲ့ လွှတ်တော်ဥက္ကဌ Speaker Paul Ryan ရဲ့ သဘောထားကို လေ့လာကြည့်ပါကမြင်သာလှပါတယ်။
အကြောင်းရင်းခံ
အမေရိကနိုင်ငံရဲ့ရွေးကောက်ပုံနည်းစနစ်ဟာ၊ မဲဆန္ဒရှင်များရဲ့အမှန်တကယ်လိုလားချက်ကိုထိထိရောက်ရောက် ရောင်ပြန်ဟပ်စေတဲ့စနစ်အဖြစ်ကမ္ဘာမှာ၊ အများယုံကြည်လေးစားရတဲ့ ရွေးကောက်ပုံစနစ်ဖြစ်ပါတယ်။ ရွေး ကောက်ပွဲနေ့မတိုင်မှီ၊ media network အားလုံးလိုလို (LA Time/USC မှလွဲပြီး) Clinton အနေနဲ့အရွေးချယ်ခံ ဘို့အလွန်အလေးသာကြောင်း (Republican Party ဘက်ယိမ်းတဲ့ Fox News အပါအ၀င်) တစိုက်မတ်မတ် ကြေငြာခဲ့တဲ့အတွက် ရလာဒ်ဟာ၊ အမေရိကနဲ့ကမ္ဘာကိုတုန်လှုပ်သွားစေပါတယ်။ ကော်လာပြာနဲ့ ပညာ ရေးချို့ တဲ့ကြသူလူဖြူလူမျိုးအများစုဟာ၊ အမေရိကနိုင်ငံအတွင်း အဆက်မပြတ်ဝင်ရောက်လာနေတဲ့ immigrants တွေ ကသူတိုရဲ့နေရာတွေအစားဝင်နေရာယူပြီးအခြေခိုင်မာလာကြတာကိုမလိုလားကြတဲ့အစိုင်အခဲဟာ အဲ့ဒီ လူတန်း စားထဲမှာ ပေါက်ကွဲလုမတတ်ဖြစ်လာပါတယ်။ အဲ့ဒီအချက်ကိုကျော်ထောက်နောက်ခံပြုတဲ့သာဓက ကတော့ ရွေးကောက်ပွဲအဆက်ဆက်တွေမှာ နောက်တန်းကနေခဲ့တဲ့ ပညာမဲ့ (သို့မဟုတ်) ပညာအရည် အသွေး နည်းပါးသူလူဖြူလူတန်းစားက မဲတွေကိုပုံအောပေးပြီး သူုကိုရွေးချယ်ခဲ့ပါတယ်။ အဲ့ဒီလူတန်းစားဟာ ခုရွေး ကောက်ပွဲခရီးစဉ်တလျှောက်မှာ ဘယ်သူ့ကိုမဲပေးမယ်လို့ လူသိရှင်ကြားထုတ်ဖေါ်မပြောဘဲရေငုံနှုတ်ဆိတ် နေရင်း ရွေးကောက်ပွဲနေ့ရက်ကို လက်ချိုးရေတွက်ခဲ့ကြပါတယ်။ လက်ရှိသမ္မတဘာရက်အိုဘားမား ဟာလည်း ဒီနည်းလမ်းနဲ့  African-American လူတန်းစား ရဲ့ တိတ်တဆိတ်ဆန္ဒမဲတွေနဲ့ သမ္မတသက်တမ်း(၂)ကြိမ်ဆက်ခံ အောင်ပွဲရခဲ့သူပါ။ မိမိတို့ရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရနဲ့ လွှတ်တော် အမတ်များကလည်း၊ ရွေးကောက် ပွဲတွေမှာကတိတွေအထပ်ထပ်ပေးပြီး ဘာတခုမှအရာထင်မလာခဲ့ခြင်းဟာ လည်းကြီးစွာသောအကြောင်းချင်းရာ များဖြစ်လာပါတယ်။ အဲ့ဒီအတွက် Trump ဟာ သူတို့ရဲ့ဘ၀မီးရှူးတန် ဆောင်ကယ်တင်ရှင်ကြီးဖြစ်မှန်းမသိ ဖြစ်လာပါတယ်။ သူ့ရဲ့ဒေါသကြီးမှု၊ ပါးစပ်အာချောင်မှု၊ စည်းကမ်းမဲ့စွာဝေဖန် ပုန်ခတ်မှု၊ အမျိုးသမီးများအပေါ် အနိုင်အထက်စီးဆက်ဆံအခွင့်ရေးယူမှုတွေအားလုံးဟာ၊ သူတို့အတွက်အရေး ပါလှတဲ့ကိစ္စမဟုတ်တော့ပါဘူး။ သူ့ရဲ့နိုင်ငံတကာနှင့်အဓိကအရေးပါသောပြည်တွင်းရေးကိစ္စဗဟုသုတနည်းပါးမှုဟာ သူတို့အတွက်ဂရုစိုက်စရာ တွေလို့မထင်တော့ပါဘူး။ ကလင်တန်ရဲ့ ဌာနတွင်းကိစ္စတွေမှာ ပုဂ္ဂလိကemail ကိုလက်လွတ်စပယ်သုံးခဲ့ခြင်း တွေဟာ လည်းသူမရဲ့ကျဆုံးခြင်းကိုရောက်ရှိစေတဲ့ကိစ္စတွေလို့လေ့လာရပါတယ်။
ရွေးကောက်ပွဲအလွန်
မဲဆန္ဒရရှိမှုတွေထုတ်ပြန်အပြီး၊ တစ်နိုင်ငံလုံးခံစားကြရတဲ့အချက်ကတော့ “မရေရာသောအနာဂါတ်ကြီး” တခု အတွင်းကိုဝင်ရောက်နေပြီလားဆိုတဲ့အဖြေမသိတဲ့မေးခွန်းပါဘဲ။ အစိုးရိမ်ဆုံးစိတ်တွေကတော့ သူပြော တဲ့ စကား/ကတိက၀တ်တွေဟာ အမှန်တကယ်ဘဲလားလို့ဆိုတဲ့ထိတ်လန့်တုန်လှုပ်မှုလှိုင်းဂယက် ဟာ ကမ္ဘာ တ၀ှမ်းကိုပြန့်နှံ့သွားတဲ့အတွက်ကြောင့် ငွေကြေးဈေးကွက် stock markets အားလုံးလိုလိုကိုထိခိုက်ကျဆင်း သွားစေပါတယ်။ သူ့ရဲ့ရွေးကောက်ပွဲကာလတလျှောက်စကားမဆင်ခြင်မှုတွေကြောင့်၊ သူ့ရဲ့နောက်လိုက်တွေက တနေတနေ့ ဆင်သေကိုဆိတ်ရေနဲ့ဖုံးရတဲ့အလုပ်တွေနဲ့ဗျာများခဲ့ကြရတာအထင်ကရပါ။ လူနည်းစုများကို သာမ က၊ မိမိပါတီခေါင်းဆောင်ပိုင်းများကိုပါပုဂ္ဂိုလ်ရေးပုတ်ခတ်မှုတွေတရစပ်လုပ်ဆောင်နေမှုတွေက၊ သူ့ရဲ့ ခေါင်း ဆောင်နိုင်မှုစွမ်းရည်ကို များစွာသံသယဖြစ်နေကြပါတယ်။ ဒါပေမဲ့ဆိုခဲ့တဲ့အတိုင်း ပညာရည်နည်းပါးတဲ့ လူတန်း စားကဒီအဖြစ်တွေကိုမျက်ကွယ်ပြုပြီး၊ မိမိတို့ဆီကဖဲ့ထုတ်ယူသွားတဲ့ immigrants လူတန်းစားရဲ့နေရာ တွေကို ပြန်လိုလားတဲ့ဆန္ဒတွေကပြင်းထန်နေပါတယ်။ အဲ့ဒီအတွက်သူ့ကိုမျက်စေ့မှိတ်ပြီး မဲဆန္ဒပေးခဲ့တဲ့ကိန်း ဂဏန်း အချက်အလက်များကအထင်အရှားပြဆိုနေပါတယ်။ ယခုအချိန်မှာအမေရိကနိုင်ငံတ၀ှမ်းမှာ ထရမ့်သမ္မတ ရွေးကောက်ခံရခြင်းကိုကန့်ကွက်တဲ့ထောင်သောင်းချီတဲ့ဆန္ဒပြပွဲတွေလုပ်နေပါတယ်။ အဲ့ဒီဆန္ဒပြပွဲတွေဆက်ဖြစ် နေရင်တချိန်ချိန်မှာ ဆူပူမှုတွေအဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။ ဒါဟာမလိုလားအပ်တဲ့ကိစ္စတွေပါ။ အခုဆောင်း ပါးရေးချိန်အထိ လူထုကထောက်ခံတဲ့ Popular Votes ဟာ ကလင်တန်ဘက်ကအလေးသာနေပါတယ်။ ဒါကို ထောက်ပြပြီး ထရမ့်ကိုပြန်လည်ဖြုတ်ချနိုင်တဲ့နည်းလမ်းတွေကိုအပြင်းအထန်ရှာနေကြတဲ့အုပ်စုတွေ လည်းရှိ လာပါတယ်။ လာမဲ့ ဒီဇင် ဘာ (၁၉)ရက်မှာ Electors တွေကနောက်ဆုံပိတ်အဆုံအဖြတ်မှတ်တမ်းတင်မဲ့ မဲအ တည်ပြုမှုကိုပြောင်းလဲစေမဲ့ နည်းလမ်းတွေရှာနေကြပါပြီ။ ကာလီဖိုးနီးယားကဲ့သို့ပြည်နယ်ကြီးကလည်း ပြည် ထောင်စုမှခွဲထွက်ရေး(Calexit) အတွက်တာစူနေကြတဲ့အုပ်စုတွေပေါ်ပေါက်လာရုံမက၊ လာမဲ့ကြားဖြတ်ရွေး ကောက်ပွဲမှာ ဆန္ဒခံယူဘို့အထိကြိုးစားလာတဲ့ခြေလှမ်းတွေကိုမြင်နေရပါတယ်။ ဖြစ်နိုင်ဘို့လမ်းကတော့ အတော်နည်းပါတယ်။ အမေရိကအခြေခံဥပဒေမှာ၊ ပင်မရေးဆွဲခဲ့ကြသူ Founding Fathers တွေရဲ့အစီအမံနဲ့ နောက်ဆက်တွဲဥပဒေ ပြင်ဆင်ချက်တွေက၊ အမေရိကနိုင်ငံရွေးကောက်ပွဲ များကိုဘက်လိုက်မှုကင်းစေရေး အတွက် အသေအခြာ အကာအကွယ်ပြုခဲ့တဲ့မဲပေးစနစ်ပါ။ Electors များဟာ မိမိမဲဆန္ဒနယ်ကပြည်သူအများ ထောက်ခံမှု ကိုဆန့်ကျင် ပြီး၊ မိမိနှစ်သက်ရာကိုဆန္ဒပြုခွင့်ရှိတဲ့ပြည်နယ်အချို့ရှိသော်လည်းဘဲ (Faithless Electors)၊ ဒီထက်ကောင်းတဲ့ ရွေးကောက်ပွဲစနစ်မဖေါ်ထုတ်နိုင်သေးသရွေ့ ဒီပြဌာန်းချက်ကိုလိုက်နာကြရမဲ့ တာဝန်သည်၊ နိုင်ငံသားအားလုံးရဲ့ တာဝန်ကြီးတခုပါဘဲ။ အမေရိကနိုင်ငံသားအများစုရဲ့ဆန္ဒကိုအထင်အရှား ပြသခဲ့တဲ့ စီးပွားရေးလုပ်ငန်း ရှင်ကြီး Donald Trump ရဲ့အရွေးချယ်ခံရမှုဟာ တရားဝင်မှုတခုလို့ဆိုပါရစေ။ မိမိတို့ကြိုက်နှစ်သက်သည် ဖြစ်စေ၊ မကြိုက်နှစ်သက် သည်ဖြစ်စေ၊ သူဟာ President-electတစ်ဦးဖြစ်နေပါပြီ။ ရွေးကောက်ပွဲရလာဒ်ကို လိုက်နာကြ ရမဲ့တာဝန်ဟာ နိုင်ငံသားအားလုံးရဲ့တာဝန်တစ်ခုဖြစ်နေပါတယ်။ နောင် အုပ်ချုပ်ရေးအဖွဲ့သစ်အတွက် ကြိုတင် ပြင်ဆင်မှုများလုပ်ဘို့လိုတဲ့အတွက်၊ ဒီအမှတ်မထင်တဲ့ သူ့ရဲ့အောင်နိုင် မှုဟာ၊ အစိုးရအဖွဲ့သစ်ဖွဲ့စည်းရေး မှာများ စွာအဟန်ုအတားများတွေ့ကြုံရမှာအမှန်ပါ။ သူ့ရဲ့Repulican ပါတီ ခေါင်းဆောင်ပိုင်ထဲမှာကိုသူ့ကိုမလိုလား သူ တွေအတော်များများရှိနေတာမို့၊ သူ့ရဲ့ရွေးချယ်ဆုံးဖြတ်မှုတွေဟာ အလွန်ခက်ခဲနိုင်လိမ့်မယ်လို့လေ့လာသူ တွေ ကခန့်မှန်းကြပါတယ်။
ရွေးကောက်ပွဲကြိမ်ဖန်များစွာများပေးခဲ့တဲ့ကတိက၀တ်ပြုမှုတွေကိုလေ့လာကြည့်ရအောင် -
(က) Obamacareကိုအစားထိုးရုပ်သိမ်းရေး၊ ခုချိန်အခြေကျနေပြီဖြစ်ပြီး သန်းပေါင်း(၂၀)နဲ့များစွာသောလက်ရှိ အမာခံဖြစ်နေတဲ့ ကျန်းမာရေးအာမခံများဟာ လူကြိုက်များရေပန်းစားနေပြီမို့၊ ထင်သလောက်မလွယ်ယုံမက၊ ရှုတ်ထွေးလှတဲ့နည်းဥပဒေတွေကိုမသေခြာဘဲလက်ဝင်ဒါးစာခံမဲ့သူမရှိသလောက်ဖြစ်နေပါတယ်။ Healthcare Saving Account HSA နဲ့ Medicaid များဖြတ်တောက်ရေး၊ ပြည်နယ်များကိုလုပ်ပိုင်ခွင့်ပေးအပ်ရေးနဲ့ကိုတော့ လုပ်ဖြစ်အောင်လုပ်မဲ့သဘောရှိနေပါတယ်။
(ခ) Mexico border တလျှောက် ဧရာမနံရံကြီးများတည်ဆောက်ရေး၊ ဒီကိစ္စကသိမ်မွေ့တဲ့အပြင် လက်တွေ့မှာ ငွေကုန်ကြေးကျများယုံမက၊ အဲ့ဒီအတွက်ကုန်ကျစရိတ်ကိုဝင်ရောက်သူတွေဆီကကောက်ခံတယ် ဘဲထားအုံး စရိတ်ကာမိရန်မမြင်လှပါဘူး။
(ဂ) စီပွားရေးနှင့်ဒေသတွင်းစစ်ရေးစာချုပ်များ (NAFTA/TPP)ပြန်သုံးသပ်ရေးဆိုတဲ့သူ့စကားက ဥရောပနှင့် အာရှဒေသနိုင်ငံအတော်များများကို စိုးရိမ်ကြောင့်ကြစိတ်များနေစေပါတယ်။  ဒီကိစ္စက နိုင်ငံတကာနဲ့ဒေသတွင်း အမေရိကရဲ့ဦးဆောင်မှုကဏ္ဍကိုလျောကျစေနိုင်တယ်လို့သုံးသပ်သူတွေကဆိုကြပါတယ်။
(ဃ) အခွန်များဖြတ်တောက်ရေးနဲ့ အဓိကဆောက်လုပ်ရေးလုပ်ငန်းကြီးများဖြစ်တဲ့လမ်း/တံတားနဲ့လေယာဉ် ကွင်း များအဆင့်မြှင့်ရေးဆိုတဲ့ကြွေး ကြော်သံဟာ၊ နိုင်ငံငွေကြေးဖေါင်းပွမှုနဲ့အကြွေးမြီတင်ရှိနေမှုကို အဆမတန် ကြီးထွားစေမယ်လို့ လွှတ်တော်နဲ့ ဘတ်ဂျက်ရေးရာသုတေသီများကတွက်ချက်ညွှန်ပြနေကြပါတယ်။ (အချမ်းသာဆုံးလူတန်းစားများအခွန်သက်သာခွင့် ၁၀-၁၃%တွေ့နိုင်မည်ဟုခန့်မှန်းပြီး၊ သာမာန်ဝင်ငွေရှိသူတို့ က ၁.၃-၁.၈%သာ သက်သာခွင့်ရှိမည်ဟု Tax Policy Center နှင့် Tax Foundation တို့ကတွက်ချက်ပြကြပါ တယ်။)
(င) တရုတ်နိုင်ငံရဲ့ကိုငွေကြေးခ၀ါချမှုကိုတရားဝင်ကြေငြာယုံမက၊ သွင်းကုန်ခွန် (၄၅%) စည်းကြပ်ဖို့နဲ့၊ မက္ကဆီ ကိုနိုင်ငံမှ (၃၅%)စည်းကြပ်ဖို့ဆိုတဲ့အချက်က၊ ကုန်သွယ်မှုစစ်ပွဲအဖြစ်ဖန်တီးရာရောက်ယုံမက၊ အဲ့ဒီနိုင်ငံတွေရဲ့ စီးပွားရေးဂလဲ့စားကိုခံရနိုင်ဖွယ်ရှိနေတယ်လို့ဆိုကြပါတယ်။
(စ) စစ်မက်ဖြစ်ပွားနေသော မူဆလင်နိုင်ငံများမှ refugee ၀င်ရောက်လာမှုများ(ဖြစ်နိုင်လျင် နိုင်ငံပေါင်းစုံမှ ၀င်ရောက်လာမှုများအာချက်ချင်းရပ်ဆိုင်းရေး) စသည်တို့ဟာ သူ့ရဲ့ သမ္မတအာဏာပထမနေ့မှာ ဦးစားပေး ဆောင်ရွက်မဲ့ကိစ္စတွေဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။ ဒီကိစ္စတွေ ဖြစ်မြောက်နိုင်မလားဆိုတဲ့အချက်ဟာ များစွာသံသယဖြစ်စရာအကြောင်းအချက်များရှိနေကြောင်းလေ့လာကြသူတွေကစစ်တမ်းထုတ်ပါတယ်။
(ဆ) အခြားသောပြောင်းလဲမှုတွေကတော့ -
- သမ္မတအိုဘားမားရဲ့တရားမ၀င်ဘူးလို့သူယူဆတဲ့လူဝင်မှုကြိကြပ်ရေးဆိုင်ရာအမိန့်တွေကိုရုတ်သိမ်းရေး၊ (ကလေးသူငယ်/မိဘများလက်ခံနိုင်ရေးအချိန်ဇယားတိုးချဲ့ခြင်းဆိုင်ရာကိစ္စများအပါအ၀င်)
- လက်နက်ဝယ်ယူရာတွင်ဝယ်ယူသူရဲ့နောက်ကြောင်းခံသမိုင်းစစ်ဆေးမှုများရုတ်သိမ်းရေး၊ လက်နက်ကင်း ဇုံများကျောင်းများတွင်ရုပ်သိမ်းရေး၊
- လက်ရှိလွှတ်တော်များမှအရွေးချယ်ခံအမတ်များရဲ့သက်တမ်းကန်ု့သတ်ရေး၊
- ဖက်ဒရယ်အစိုးရ၀န်ထမ်းအသစ်ခန့်ထားခြင်းများချက်ခြင်းဆိုင်းငံ့ရေး (ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် စစ်ပြန်များကျန်းမာရေးစောင့်ရှောက်မှုများမှလွဲ၍)
- ပါတ်ဝန်းကျင်ထိမ်းသိန်းရေး ဆိုင်ရာဥပဒေ နှင့် ဘဏ်လုပ်ငန်းမြှင့်တင်ရေး Dodd-Frank ဥပဒေတို့ကို ရုပ်သိမ်းရေး၊ သဘာဝဓါတ်ငွေ့နှင့်ရေနံထုတ်လုပ်ခြင်းကန့်သတ်မှုကိုဖွင့်လှစ်ရေး၊
- အိမ်ဖြူတော်နှင့် လွှတ်တော်များတွင်တာဝန်ထမ်းဆောင်ပြီးအနားယူကြသူတွေ (၅)နှစ်တာမျှ နိုင်ငံရေး ပွဲစား(lobbyist) လုပ်ခွင့်မပေးရေး၊ အိမ်ဖြူတော်ဝန်ထမ်းဟောင်းများနိုင်ငံခြားတိုင်းပြည်များ တွင် Lobbyist လုပ်ခွင့်ရာသက်ပန်ပိတ်ပင်ရေး၊ ထိုနည်းတူနိုင်ငံခြားသားတိုင်းပြည်များမှ အမေရိကရွေးကောက်ပွဲ များတွင်ထောက်ပံ့ခြင်းပိတ်ပင်ရေး၊
- ကုလသမဂ္ဂသို့ပေးရန်ကြွေးမြီ အာလုံးကိုဖြတ်တောက်၍ရေနှင့်ပါတ်ဝန်းကျင်ထိမ်းသိမ်းရေးဆိုင်ရာ ကိစ္စရပ် များတွင်ပြောင်းလဲအသုံးချရေး၊
- တရားလွှတ်တော်ချုပ်တွင်မိမိစိတ်ကြိုက်နိုင်ငံအတွက်အကျိုးပြုမည့်တရားသူကြီးတစ်ဦးအမြန်ခန့်ထားရေး၊
- လော့အိန်ဂျလစ်အပါအ၀င်မြို့ကြီးအချို့တွင်တရားမ၀င်ရောက်ရှိသူများကိုအကာအကွယ်ပြုထောက်ပံ့နေ သော ပြည်နယ်မြို့ကြီးများကိုအထောက်အပံ့ဖြတ်တောက်ရေး၊
- (၂)သန်းထက်မနည်းသောတရားမ၀င်ရောက်ရှိသူများကိုနေရပ်ပြန်လွှတ်ရေးနှင့်လက်ခံရန်ငြင်းဆန်သော မူရင်းနိုင်ငံများကို၊ ပြည်ဝင်ဗီဇာဖျက်သိမ်းရေး၊
- ကာကွယ်ရေးအသုံးစရိတ်နှင့်ပြည်သူ့လုံခြုံရေးအသုံးစရိတ်များမြှင့်တင်ရေး၊
ဒီအချက်များကိုအကောင်အထည်ဖေါ်လာနိုင်ဘို့အတွက်သူ့အနေနဲ့လုပ်နိုင်တဲ့အချက်ကတော့ မိမိကိုယ်ကိုအာ ဏာရှင်အဖြစ်အာဏာများကိုစုစည်းပြီးလုပ်နိုင်မှဖြစ်မယ်လို့လေ့လာသူအတော်များများကမြင်ကြပါတယ်။ ဒီ အတွက်ကြောင့်အမေရိကလိုနိုင်ငံမှာအာဏာရှင်စနစ်ထူထောင်ဘို့ရာဖြစ်လမ်းကြောင်းပေါ်နေပြီလားလို့သုံးသပ်သူတွေရှိနေပါတယ်။ ဒီအတွက်များစွာသောရွေးကောက်ပွဲကတိက၀တ်များကို အချိန်ဆွဲခြင်းနည်းများ၊ အလျှော့ အတင်းနည်းများတို့ကိုသုံးစွဲရန်မှတပါး၊ ဒေါ်နယ်ထရမ့်မှာအခြားရွေးစရာလမ်းမမြင်ပါ။ အမေရိကပြည်ထောင်စု ဟာ Check-and-Balance ပေါ်မှအခြေခံတဲ့နိုင်ငံရေးသိပ္ပံစနစ်ထွန်းကားနေတာမို့ အာ ဏာရှင်စနစ်ပေါ်ထွန်း ရေးဟာဖြစ်နိုင်ဘွယ်မရှိကြောင်းမြင်မိပါတယ်။ အာဏာရှင်စနစ် ကိုမှီတွယ်ကြီးပွားခဲ့ကြသူပုဂ္ဂိုလ်တွေနဲ့ကမ္ဘာ့ နိုင်ငံရေးအဖွဲ့အစည်းအချို့၊ မနာလိုသူအချို့တွေကတော့၊ အမေရိကနိုင်ငံ အာဏာရှင်စနစ် ထူ ထောင်နေပြီ လို့ဝမ်းသာအားရမျက်စေ့မှိတ်ပြီးကြွေးကြော်နေချင်ကြပါတယ်။ အဲ့ဒီပုဂ္ဂိုလ်နိုင်ငံရေး အင်အား စုတွေ မျက်ချေ ပြတ်နေတဲ့အချက်က အမေရိကနိုင်ငံသားတစ်ဦးချင်းရဲ့ရင်ထဲမှာရှိတဲ့ ဒီမိုကရေစီရေးစရိုက်လက္ခဏာ ဟာ အခြား တိုင်းတပါးသားတွေနားလည်ထားတဲ့ ဒီမိုကရေစီရေးသဘောထားနဲ့ အလားသဏ္ဍာန်မတူလုံးဝခြားနား တယ်ဆို တဲ့အချက်ပါဘဲ။ ဒီအချက်က အမေရိကရဲ့ (၃)ရာစုနီးပါးရှိနေပြီဖြစ်တဲ့၊ နိုင်ငံတည်ငြိမ်မှုကသက်သေ ထူလို့ နေပါ တယ်။
အဓိကကတော့သူ့ရဲ့ပါတီဖြစ်တဲ့ Republican ပါတီ ဟာလွှတ်တော်(၂)ရပ်လုံးမှာလူများစုနေရာရပြီးပြီမို့ လွယ်ကူ နိုင်မယ်လို့ အပေါ်ယံရှပ်ထင်စရာရှိသော်လည်း၊ သူ့ရဲ့ပါတီရဲ့ထောက်ခံမှုအပြည့်ရရှိရေးဟာ လွန်စွာအရေးကြီး နေပါတယ်။ သူ့ရဲ့ဦးတည်ရာလမ်းကြောင်းတွေအားလုံးလိုလိုကိုကျောထောက်နောက်ခံပြုမဲ့ ဆန်းစစ်ချက်တွေ မတွေ့ရသေးတဲ့အတွက်ကြောင့်လွှတ်တော်တွေကိုယ်တိုင်မှာပင်လက်တွန်နေ့သေးကြောင်းဆန်းစစ်တွေ့ရှိရပါတယ်။
Donald နှင့်မြန်မာ
ဒေါ်နယ်ထရမ့်အနေနဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့မြေပုံမှာဘယ်မှာလဲလို့ပြန်ကြည့်ရလောက်အောင် တစိမ်းဆန်စွာ ကင်းကွာလှပါတယ်။ သူ့ရဲ့နိုင်ငံတကာစီးပွားရေးနဲ့ ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးစိတ်ဝင်စားမှု ဟာ လက်ရှိ အခြေအနေမှာ အ၀ီစိအောက်မှာရောက်နေပါတယ်။ မြန်မာနိုင်ငံအတွက် USAID အပါအ၀င်ထောက်ပံ့ထားတဲ့ ကိစ္စတွေမဖျက်သိမ်းရင်အင်မတန်ကံကောင်းတယ်လို့ဆိုရပါလိမ့်မယ်။ သူ့ရဲ့ကုန်သွယ်မှုနဲ့ပြည်ပရင်းနှီးမြှုပ်နှံမှု ဆိုင်ရာသဘောထားတွေဟာတင်းမာပြီး၊ ကုလသမဂ္ဂအပါအ၀င်ကမ္ဘာ့အဖွဲ့အစည်းတွေကိုတောင်မျက်ကွယ်ပြု ဆန့်ကျင်မဲ့သဘောရှိနေပါတယ်။ ဒါတွေအားလုံးဟာလည်း၊ သူ့ရဲ့ရွေးကောက်ပွဲအောင်နိုင်ရေးကတိက၀တ် တွေမို့သိသိသာသာမဟုတ်တောင်၊ မသိမသာထိန်းချုတ်မဲ့အလားအလာရှိနေပါတယ်။ အဓိကကတော့ ခုချိန်မှာ နိုင်ငံတကာရောက် immigrant စာရင်းဝင်ကျွန်တော်တို့မြန်မာအားလုံးဟာ သူ့ရဲ့ targetထဲမှာအကြုံးဝင်နေတာမို့၊ နေထိုင်ပြောဆိုသွားလာကြတာတွေအထူးသိထားကြဘို့၊ တပ်လှန့်နှိုးဆော်လိုက်ပါတယ်။
ကြားမညပ်ပါစေနဲ့။ ကိုယ်ဘယ်သူလဲဆိုတဲ့ကိုယ့်ရဲ့သမိုင်းနောက်ခံကိုမမေ့ကြပါနဲ့ (မေ့ချင်ယောင်မဆောင်ပါနဲ့။)။

No comments:

Post a Comment