Monday, March 27, 2017

အခါလည်သား မြန်မာ့ဒီမိုကရေစီ

လာမည့်မတ်လကုန် ဧပြီလဆန်းဆိုလျင်ပင်၊ ဦးထင်ကျော်ဦးဆောင်သော အရွေးကောက်ခံအရပ်သားစစ်စစ် အစိုးရ အာဏာရယူသည်မှာတစ်နှစ်ပြည့်ပါပကော။ အစိုးရအာဏာလွှဲပြောင်းမှုအဆက်ဆက်တို့တွင် မတူ ညီသော အစိုးရတခုမှတခုသို့အာဏာလွှဲပြောင်းရာသမိုင်းစဉ်တွင်၊ ပြီးခဲ့သော လွှဲပြောင်းမှုသည်အချောမွေ့ဆုံး အထစ်အငေါ့မရှိခဲ့ခြင်းကြောင့်၊ အုပ်ချုပ်ရေးအာဏာရယူသော အစိုးရသစ်ကိုသာမက၊ အငြိမ်းစားယူသွားသူ ဦးသိန်းစိန်ကိုလည်းဤသမိုင်းစာမျက်နှာသစ်ကိုအောင်မြင်အောင်ဖွင့်လှစ်နိုင်ခဲ့သည်အတွက်ချီးကြူးရမည်ဖြစ် သည်။
ဒီမိုကရေစီရေးကြွေးကြော်၍တက်လာသောအစိုးရဟုဆိုသော်လည်း၊ ရာနှုန်းပြည့်အာဏာရယူနိုင်သည်ဟုမဆို သာချေ။ အုပ်ချုပ်ရေးနှင့်ဥပဒေပြုတော်လွှတ်တော်အဆင့်ဆင့်တိုင်းတွင် (၂၅%)တပ်မတော်သားကိုယ်စားလှယ် များ၏ ပါဝင်မှု၊ နိုင်ငံတော်၏အချုတ်အခြာအာဏာကိုပျက်ယွင်းစေမည့်ထိပါးမှုရှိတိုင်း တပ်မတော်မှအာဏာ ထိန်းသိမ်းခွင့် mandate နှင့် (၇၅%)ထက်မနည်းသောပြည်ထောင်စုလွှတ်တော်တစ်ရပ်လုံး၏သဘောတူညီ ချက်မရဘဲ တည်ဆဲအခြေခံဥပဒေ၏အဓိကပြဌာန်းချက်များကိုပြောင်းလဲခွင့်ပေးမထားခြင်း တည်းဟူသော အတားအဆီးကြီးများက၊ တက်သစ်စအစိုးရ၏လုပ်ပိုင်ခွင့်ကိုဇက်သတ်ထိန်းချုတ်ထားနေသေးသည်။
ပြီးခဲ့သော ၂၀၁၆၊ ဖေဖေါ်ဝါရီလထုတ် အတွဲအမှတ်(၄)၊ အမှတ်စဉ်(၂) “မြန်မာဂဇက်” တွင် စာရေးသူမှ အစိုးရသစ်ကကြုံတွေ့ရမည့်အဓိကစိမ်ခေါ်မှုကြီး(၄)ခုအကြောင်းတင်ပြခဲ့ပါသည်။ ဤဆောင်းပါးတွင် ယင်း စိမ်ခေါ်မှုကြီးများနှင့်နောက်ဆက်တွဲအတားအဆီးများအကြောင်းဆွေးနွေးသွားမည်ဖြစ်ပါသည်။
(က) တိုင်းရင်းသားလူမျိုးစုငယ်လက်နက်ကိုင်များ၏ရာသက်ပန်အပစ်အခတ်ရပ်စဲရေး နှင့် ဖက်ဒရယ်မူတောင်း ဆိုမှုများ၊
မြန်မာ့နိုင်ငံရေးခေါင်းဆောင်ဟုလည်းဆိုနိုင်၊ အများလူထု၏ထောက်ခံမှုကိုရရှိထားသူလည်းဆိုနိုင်သည့်အပြင်၊ နိုင်ငံတကာ၏လေးစားထောက်ခံမှုကိုရထားသော ဒေါ်အောင်ဆန်းစုကြည်၏ဦးဆောင်ကြားဝင်မှုက၊ ဤ ရာစု တစ်ခုနီးပါးကြာ၊ ဗဟိုအစိုးရနှင့် တိုင်းရင်းသားလူမျိုးစုများကြားအယုံအကြည်ကင်းမဲ့နေသေးမှုကို ဖြေဖျောက် ပေးနိုင်မည်ဟု ပြည်တွင်းရောပြည်ပနိုင်ငံများကမျှော်လင့်ကြသည်။ သူမ၏စွမ်းရည်ထက်မြက်မှု၊ အမြှော်အမြင် ကြီးမားမှုကိုဘက်ပေါင်းစုံတို့ကယုံးမှားသံသယကင်းကြသော်လည်း၊ ပါဝင်ဆွေးနွေးကြသောအခြား stakeholders များ (အထူးသဖြင့်တပ်မတော်)နှင့်ပုဂ္ဂိုလ်အင်အားစုနိုင်ငံရေးပါတီအချို့ တို့ကို မယုံကြည်နိုင် ကြသေးခြင်းက၊ တနိုင်ငံလုံးကတောင့်တသော သာယာဝပြော၍စစ်မီးငြိမ်းသောလူနေမှုဘ၀ကိုများစွာ အဟန့် အတားဖြစ်နေစေသေးသည်။ ပြည်မမှခွဲထွက်ခြင်းသည်၊ ပြည်နယ်နှင့်ဒေသသစ်တောင်းဆိုသော လူမျိုးစုတို့၏ အခြေခိုင်မာမှု၊ သီးသန့်ရပ်တည်နိုင်မှုကိုများစွာအန္တရာယ်ဖြစ်စေနိုင်သည်ဆိုသည့်အချက်ကို၊ လူမျိုးစုငယ်ခေါင်း
ဆောင်များကသဘောပေါက်ထားကြပုံရပါသည်။ သို့သော်လည်းမိမိတို့ဒေသတွင်းဂိုဏ်းဂဏခွဲအဖွဲ့အစည်း ငယ်များ၏၊ တညီတညွတ်တည်းတစ်သံတည်းထွက်သော၊ သဘောတူညီမှုကိုရရှိရန်၊ အဆိုပါတိုင်းရင်းသား ခေါင်းဆောင်ဆိုသူတို့ကများစွာကြိုးစားရုန်းကန်နေကြရဆဲဖြစ်သည်။ မိမိတပ်မိမိနိုင်အောင်ထိန်းသိမ်းနေကြရ ဆဲဆိုပါစို့။ ဤအချက်ကိုအစိုးရဘက်နှင့်တပ်မတော်ဘက်မှကောင်းစွာလေ့လာသဘောပေါက်ကြပုံရသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း၊ သူမ၏ရည်မှန်းချက်ဖြစ်သော (၂၁)ရာစုပင်လုံညီလာခံသည်ကြာ ရှည်ဆွဲထားခြင်းက၊ စည်းလုံးခြင်းထက်၊ ပြိုကွဲခြင်းကိုဦးတည်နိုင်ကြောင်းလေ့လာမိပုံရသဖြင့်၊ ငြိမ်းချမ်းရေးကို ယခုသက်တမ်းအတွင်းပင်အပြီးအပြတ်လုပ်ချင်ပုံရသည်။ ဤအချက်ကားသွေးထွက်အောင်မှန်ကန်ပေသည်။ ဆွေးနွေးပွဲကြာလေ၊ မယုံကြည်မှုစိတ်များလာနိုင်လေပင်ဖြစ်သည်။ ရှိပြီးသဘောတူညီချက်များတွေပင်ပျက် သွား နိုင်သည်။ မြောက်ပိုင်းမဟာမိတ်(၄)ဖွဲ့သည် နောက်ဆုံးတောင့်ခံနေသောတံတိုင်းကြီးဖြစ်နေပေသည်။ နောက်ထပ်အဖွဲ့သစ်၊ တောင်းဆိုချက်အသစ်တွေပေါ်ပေါက်မလာနိုင်ဟုမည်သူ့ကမျှအာမမခံနိုင်။ လေ့လာ ကြည့်သလောက်၊ ရာသက်ပန်အပစ်အခတ်ရပ်စဲရေးကိုစတင်ခဲ့သော၊ ယခင်သမ္မတဦးသိန်းစိန် လက်ထက် ကပင်၊ တပ်မတော်၏အရင်းခံစေတနာဖြစ်သော ထာဝရငြိမ်းချမ်းရေးကိုပြသခဲ့သည်၊ ထိုစဉ်ကတည်းက၊ နှစ်ပရစ္ဆေဒကြာမျက်နှာခြင်းမဆိုင်လိုခဲ့ကြသော အဓိကတိုင်းရင်းသားခေါင်းဆောင်ကြီးများလက်ရေတပြင်စည်း တွေ့မြင်ခဲ့ရသည်မဟုတ်ပါလား။ သို့သော်လည်း တပ်မတော်ဟူသောကြားဝင်မှုကိုလက်မခံနိုင်သောအစွဲအလမ်း တို့ကငြိမ်းချမ်းရေးတံခါးဝကိုဖွင့်လှစ်ယုံသာဖွင့်လှစ်နိုင်ခဲ့သည်။ သို့သော် တပ်မတော်၏စိတ်ဓါတ်ရေးရာနှင့် ခေတ်မှီသောပြုပြင်ပြောင်းလဲမှုများစွာတို့ကို ယခုနောက်ပိုင်းတွင်ထင်ထင်ရှားရှားတွေ့လာရပြီဖြစ်သည်။ နောင်နေရာသစ်ယူသောစစ်ခေါင်းဆောင်များအတွက်သင်ကြားပို့ချမှုတိုင်း(အဓိကအားဖြင့်နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၊ တက္ကသိုလ်နှင့်စစ်ဦးစီးတက္ကသိုလ်များ) တွင်ပြည်ပအဆင့်မြင့်တက္ကသိုလ်ကြီးများမှ ပညာရှင် များဖိတ်ခေါ်၍ ဆွေးနွေးဆန်းစစ်ခြင်းများပြုလာခြင်းသည်၊ ရေရှည်အတွက်ကောင်းသောလက္ခဏာများ ဟုဆို ရမည်။ စစ်မှန်သောမိမိကြမ္မာမိမိဖန်တီးခွင့်နှင့်ကိုယ့်ဒေသ၏အုပ်ချုပ်ရေးနှင့်ဘဏ္ဍာရေးနှင့် ထွက်ကုန်သယံဇာတ တို့ကိုလွတ်လပ်စွာစီမံခန့်ခွဲပိုင်ခွင့်သည်ဒီမိုကရေစီ၏အနှစ်သာရပင်မဟုတ်ပါလား။ ယင်းတို့ရရှိရေးသည်လည်း ရာသက်ပန်ငြိမ်းချမ်းရေးအပေါ်တွင်များစွာမူတည်နေသည်မဟုတ်ပါလား။
(ခ) အုပ်ချုပ်ရေးမဏ္ဍိုင်
အစိုးရဟောင်းမှကျန်ရှိခဲ့သော အမြဲတမ်းအတွင်းဝန်များဦးဆောင်သောဌာနအကြီးအကဲအဆင့်ဆင့်တို့က၊ အစိုးရသစ်ကိုစိတ်နှစ်ခွနှင့်ကြိုဆိုခဲ့ခြင်းကစနစ်သစ်အုပ်ချုပ်ရေးတံခါးကိုဖွင့်လှစ်ခဲ့သည်။ အရိုးစွဲနေသော အဆက်အဆင့်ဆင့်ကိုကြောက်ရွံ့ခဲ့ရသော၊ အထက်အဆင့်ဆင့်ကိုပေးကမ်းခြင်းဖြင့်မိမိရာထူးတည်မြဲရေး ကိုရှေ့ရှုသော စိတ်ဓိတ်သည်၊ ဌာနနှင့်ပြည်သူကိုအလုပ်အကြွေးပြုမှုဆောင်ပုဒ်ကိုလမ်းဘေးသို့ရောက်စေခဲ့ သည်။ အဂတိလိုက်စားမှုနှင့်အကျင့်ပျက်ချစားမှုလွှမ်းမိုးခဲ့သော၊ အုပ်ချုပ်ရေးစနစ်မှ၊ “လာဘ်ယူလျင် ထောင်မျက်နှာစာကိုကြည့်ထား” ဟူသောအစိုးရသစ်၏ပြင်းထန်သောကြွေးကြော်တားဆီးမှုတို့ကြောင့်၊ အစိုးရယန္တရားရပ်လုနီးပါးဖြစ်သွားသည်ကိုတွေ့ရသည်။ သူ့ခြေလှမ်းကိုယ့်ခြေလှမ်းအကဲစမ်းသောကာလတခုနှင့်
အစပျိုးခဲ့သောကနဦးအုပ်ချုပ်ရေးအစရှိခဲ့သည်ဟုဆိုပါစို့။ ၀န်ကြီးများက မိမိလက်အောက်အရာရှိကြီးငယ်တို့ကို ရဲရဲလုပ်ပါဟုဆိုသော်လည်း၊ အခြေအနေတွေအကဲစမ်းကြသည့်ဌာနအကြီးအကဲအနည်းနှင့်အများဆိုသလို တွေ့ကြရသည်။ တက်လာသောအစိုးရအဖွဲ့ဝင်အတော်များများမှာ မိမိတို့ဌာနနှင့်တနည်းမဟုတ်တနည်း ကျွမ်းဝင်ပြီးသားဟုဆိုနိုင်သော်လည်း၊ မိမိတို့ထိစပ်ခဲ့သောကာလကားပဝေသနီခေတ်များကဖြစ်နေသည်။ ယင်းခေတ်ကာလလုပ်နည်းလုပ်ဟန် အယူအဆကွာဟမှုကိုဖြေပျောက်အောင်ကြိုးစားနေရသောကာလ ဖြစ်သည်။ ခက်သည်ကား ဒေါ်အောင်ဆန်းစုကြည်မှ “နိုင်ငံအတွက်/ပြည်သူအတွက်တိုက်ရိုက်အကျိုးရှိလျင် လုပ်စရာရှိရဲရဲလုပ်ပါ”ဟူသော တိုက်တွန်းစကားကိုအစိုးရအဖွဲ့အကြီးအကဲများနှင့်အဆင့်ဆင့်သော အရာရှိကြီး ငယ်တို့ကမ၀ံ့မရဲဖြစ်နေသေးသည်ကိုအထင်းသားတွေ့နေရသေးသည်။ အဓိကပြဿနာကား အမုန်းမခံရဲကြ သေးခြင်းဖြစ်သည်။ လူဟောင်းတွေထွက်၍လူသစ်တွေတက်လာသော်လည်း၊ မိမိတို့တသက်တာတွေ့မြင်နေ ရသော (၀ါ) ခေါက်ရိုးကြိုးနေသေးသောဗျူရိုကရေစီစနစ်၏လောင်းရိပ်အောက်တွင် အိမ်မောကျနေကြဆဲ ပင်ရှိနေပေသေးသည်။ သတင်းစာနှင့်မီဒီယာတို့တွင်အားတက်သရောတက်ကြွသောပုံပမ်းများ တွေ့နေရ သော်လည်း၊ အမုန်းခံရမည့်ကိစ္စတွေတတ်နိုင်သမျှရှောင်ရှားရင်း၊ ဆွေးနွေးပွဲ၊ အစည်းအဝေး၊ ညှိနှိုင်းပွဲ ဟူသော နာမည်တွင်ကောင်းသော အဆင့်တွေမှာပင်ရှိနေသေးသည်။ များစွာသောကော်မတီတို့တွင်၎င်း၊ အစည်းအဝေး တို့တွင်၎င်း၊ ခရီးစဉ်များတွင်၎င်း မှတ်စုလိုက်သောကျောင်းသားများအဖြစ်တွေကိုသာတွေ့နေရသေးသည်။ ယခင်ကလုပ်ရပ်များအဖြစ်တွေကိုသာတွေ့နေရသေးသည်။ ယခင်ကလုပ်နည်းလုပ်ဟန်များကိုသာမျက်နှာ သစ်များ အစားထိုးဝင်ရောက်နေရာယူလျက်လုပ်မြဲကိစ္စများကိုသာတွေ့နေရသည်မှာဝမ်းနည်းဘွယ်ပင်။ နောက်တချက်ကား ကိစ္စမှန်သမျှကိုလူထုကအစိုးရ၏ပခုံးပေါ်တွင်သာပုံချနေသေးခြင်းဖြစ်သည်။ Public is part of the stakeholders ဟူသောအချက်ကိုပြည်သူတို့အတွင်းစိမ့်ဝင်အောင်ပြုလုပ်နိုင်သောအင်အားနည်း နေပေသေးသည်။ ယင်းမှာလည်းအဆက်ဆက်သောအစိုးရတို့၏ အရာရာတွင်မိမိတို့ကသာလက်ဝါးကြီး အုပ်လျက် ချယ်လှယ်ချင်တိုင်းချယ်လှယ်ခဲ့သောစနစ်ဆိုးများ၏လောင်းရိပ်ကြောင့်ဟုအပြစ်တင်ရမည်ဖြစ်သည်။ သို့သော်ယခုအခါ အုပ်ချုပ်ရေးနှင့်တရားဥပဒေစိုးမိုးရေးတို့တွင်လူထု၏မဖြစ်မနေပါဝင်ရမည့်အခန်း ကဏ္ဍကို ပညာပေးသောအစိုးရမဟုတ်သောအဖွဲ့စည်းများ၊ အရပ်ဖက်ပညာရှင်များကလူထုအားတောရောမြို့ပါမကျန်သွား ရောက်ပညာပေးသင်တန်းများပေးနေသည်ကိုဝမ်းမြောက်ဘွယ်တွေ့ရသည်။ အုပ်ချုပ်ရေးသာမက၊ ဥပဒေပြု၊ တရားရေးနှင့်ဝန်ထမ်းရေးရာပိုင်းတို့၏တည့်မတ်မှုသည် ဒီမိုကရေစီရေးဦးတည်မှုလမ်းကြောင်းကိုခိုင်မာစေရေး အတွက် အခြေခံများပင်မဟုတ်ပါလား။ လူထုကမျှော်လင့်ခြင်းများစွာထားခဲ့သော ပြည်ပ(အထူးသဖြင့် အနောက်နိုင်ငံနှင့်ဖွံ့ဖြိုးပြီးနိုင်ငံများ) ၏နည်းပညာနှင့်တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများအားတက်သရော်ဝင်ရောက် လာမှုမရှိခြင်းတို့က၊ နိုင်ငံတွင်းစီးပွားလည်ပါတ်မှုကိုရပ်တံ့သွားစေသဖြင့်၊ စီးပွားရေးခေတ်အေးကြီးတွင်းရောက် မှန်းမသိရောက်သွားစေသည်။ တဆက်တည်းပင်ငွေကြေးပြောင်းလဲမှုများကစီးပွားရေးလုပ်ငန်းရှင် များကို အဟန့်အတားဖြစ်နေစေသည်။ နောက်တချက်ကားဝန်ထမ်းများအဆင့်ဆင့်ခန့်အပ်ခြင်း၊ ရာထူးတိုး ခြင်း၊ ပြောင်းရွှေ့အရေးယူခြင်းများကို ဗဟိုအဆင့်ကကိုင်စွဲပြုလုပ်နေခြင်းသည်လည်းမှားယွင်း သောအယူအဆ ဟောင်းကြီးအဖြစ်၊ ဒေသတွင်းအတွင်ပင်အထီးကျန်နေဆဲဖြစ်သည်ကိုတွေ့ရသည်။ အရာရှိအရာခံအဆင့်ဆင့်
တို့၏၀န်ထမ်းရေးရာကိစ္စတို့ကိုညွှန်ကြားရေးမှုးချုပ်/ဦးဆောင်ညွှန်ကြားရေးမှုသာမကနိုင်ငံတော်သမ္မတရုံးအဆင့်အထိသို့တင်ပြရခြင်းသည်လည်းခေတ်နှင့်မလျော်ညီတော့သောကိစ္စရပ်များဖြစ်သည်။ delegation of authority အဆင့်ဆင့်တွင် ၀န်ထမ်းရေးရာကိစ္စကိုပါတာဝန်ယူစေသင့်သည်။ ဤအချက်ကားဝန်းထမ်းရေးရာ ကိစ္စကိုကိုင်တွယ်ခြင်းဖြင့်လာဘ်ပါသကပေါများခဲ့သောခေတ်အဆက်ဆက်စနစ်ဆိုးကြောင့်ယင်းလုပ်ပိုင်ခွင့်ကြီးပေါ်တွင်ဖင်ခုထိုင်လျက်ကြီးပွားကြသတွေကယင်းအခွင့်အရေးကိုအလုအယက်ထိန်းချုတ်ထားလိုမှုတွေကြောင့်ဟုဆိုရမည်။ မိမိခန့်အပ်ရာထူးပေးသူတို့ကမိမိတို့အကြီးအကဲမျက်နှာကို သာ ကြည့်ပြီး၊ ပြည်သူ့ဘဏ္ဍာကိုစားရ သောပြည်သူတို့၏မျက်နှာကိုမေ့လျော့ခြင်းမကမေ့လျော့ကြလေကုန်သည်။ အထက်အဆင့်ဆင့်ကလည်းကိစ္စ ကြီးငယ်တို့ကိုဝင်ရောက်ချယ်လှယ်လွှမ်းမိုးမှုများကလည်း၊ အဂတိမှုများပေါများလာစေသောအကြောင်းအချင်း ရာများပင်။
(ဂ) လူမျိုးရေးနှင့်ဘာသာရေးမတည်ငြိမ်မှုများ
နှစ်ပရစ္ဆေဒကြာမြင့်ခဲ့သောဤအင်အားပြိုင်လွန်ဆွဲမှု(၂)ရပ်ကို မြန်မာ့သမိုင်းတွင်အတောမသတ်နိုင်အောင်တွေ့ ကြရဆဲပင်။ လူထုနှင့်ဘာသာရေးခေါင်းဆောင်တို့၏လူမျိုးရေးနှင့်ဘာသာရေးအယူသီးမှုသည်၊ နိုင်ငံအုပ်ချုပ်သူ အဆက်ဆက်၏လက်ဝယ်၊ ခွဲခြားဆက်ဆံတတ်သော အမြင်မကြည်လင်မှုတို့က နိုင်ငံ၏တည်ငြိမ်မှုကို ရန်ပြုနေ ဆဲပင်။ အထူးသဖြင့်အုပ်ချုပ်သူလူတန်းစားအတွင်းပုဂ္ဂိုလ်ရေးနှင့်မိမိတို့၏စီမံခန့်ခွဲပိုင်ခွင့်အာဏာကို ရောထွေး အသုံးချတတ်သော စရိုက်ကနိုင်ငံဖွံ့ဖြိုးမှုကိုများစွာချိမ်းခြောက်နေသေးသည်။ လူထုအကြိုက်အစိုးရတက်လာပြီး တည်ငြိမ်အောင်ကြိုးစားနေရင်း၊ နိုင်ငံဖွံ့ဖြိုးရေးနှင့်မိသားစုလူမှုဘ၀လုံခြုံ၍အာမခံချက်အပြည့်ရှိသောလူနေမှု ၀န်းကျင်ထူထောင်ရေးကိုဦးတည်ရမည့်အစား၊ အမုန်းတရားကိုဦးတည်နေခြင်းကိုအစိုးရမှဖြေလျှော့ပေးနေ ရခြင်း၊ ရှင်းလင်းနေရခြင်းကအလုပ်ပိုကြီးတခုဖြစ်နေယုံမက၊ အခြားဖွံ့ဖြိုးရေးလုပ်ငန်းများကိုနောက်ဆုတ် သွားစေသည်။ ခက်သည်ကားလူထုကိုယ်တိုင်လူမျိုးရေးနှင့်ဘာသာတရားကိုလက်ဆုတ် လက်ကိုင်ပြု နေ သေးခြင်းက အုပ်ချုပ်သူတို့အတွက်ခက်ခဲသိမ်မွေ့သောကိစ္စရပ်ကြီးဖြစ်နေစေသည်မှာအမှန်ပင်။
တစ်နှစ်ပါတ်လည်ဟူသည်ကားစနစ်တခုအပြောင်းအလဲအတွင်းတိုတောင်းသောကာလဖြစ်ပေသည်။ ဘက်စုံတို့ကသည်းခံခြင်းအပြည့်၊ နားလည်မှုအပြည့်ရှိကြယုံမက၊ တဖက်နှင့်တဖက်၊ တဖွဲ့နှင့်တဖွဲ့ အပြန် အလှန်ယုံကြည်မှုများတည်ဆောက်နိုင်မှုအတိုင်းအတာပေါ်တွင်များစွာမူတည်နေသည်။ နိုင်ငံတကာတွင် သာမက၊ ဒေသတွင်းတွင်ပင်အဖက်ဖက်ကနောက်ကျခြင်းမကနောက်ကျခဲ့သောအခြေကို ပြန်လည် ထူထောင် ကြရန်လိုသည်။ အထူးသဖြင့်ဒေါ်အောင်ဆန်းစုကြည်သည်၊ ယနေ့မြန်မာနိုင်ငံ၏တခုတည်းသောမျှော်လင့်ချက် ရောင်ခြည်ဖြစ်သည်။ ဤအခွင့်အလမ်းတို့သည် စက္ကန့်တိုင်းကုန်ဆုံးနေသလို၊ အချိန်ကာလများကျော်ဖြတ်ကုန် လွန်စပြုနေပြီဖြစ်သည်။ မိမိတို့၏ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ လူမျိုးရေးအယူသီးမှုတို့ကြောင့်၊ မိမိနှင့်တကွ မိမိတို့ နှင့်ထိစပ်နေသော ပြည်သူသန်း(၅၀)ကျော်တို့၏ဘ၀ကို အမိုက်မှောင်ချောက်ကမ်းပါးအတွင်းဆွဲချ သွားသော အဖြစ်သို့မရောက်ကြရလေအောင်၊ အမြင်မှန်ရကြပါဟူ၍သာ။ ။

No comments:

Post a Comment