Tuesday, January 26, 2016

အနာဂါတ်မြန်မာအစိုးရသစ်အတွက် အဓိကစိမ်ခေါ်မှုကြီး (၄)ခု

နိုင်ငံတကာနှင့် ပြည်သူအများ၏စိုးရိမ်မှုများကြားမှ လူထုကြိုက်ရွေးချယ်ထားသောအစိုးရသစ်တခု မြန်မာနိုင်ငံ တွင်ပေါ်ထွက်လာတော့မည်ဟု ဆိုနိုင်သောဟန်းနီးမွန်းကာလဟုဆိုရပေမည်။ “တောင်ပြိုကမ်းပြို” ဟူသော ဝေါဟာရကိုမြန်မာ့စာနယ်ဇင်းလောကတွင်အလျှံပယ်သုံးရလောက်အောင်အပြတ်အသတ်အနိုင်ရလိုက်သော NLD ပါတီကြီးသည်၊ ဗဟိုအစိုးရနှင့်ဒေသဆိုင်ရာအစိုးရ၊ တရားရေး၊ ဥပဒေရေးရာနှင့်အသီးသီးသော တည်ဆဲ အဖွဲ့အစည်းကြီးများအတွက်၊ အစဉ်ချောစွာလက်လွဲပြောင်းနိုင်ရေးအတွက်လည်း၊ စတင်ဆောင်ရွက် နေကြရ ချိန်လည်းဖြစ်သည်။ ပြဌာန်းချက်များအရ ဖေဖေါ်ဝါရီလဆန်းသည်နှင့်စတင်ခေါ်ယူမည့်လွတ်တော်များမှ အစိုးရ အဖွဲ့အစည်းအဆင့်ဆင့်ပေါ်ထွက်လာသလို၊ လက်ရှိဖွဲ့စည်းပုံအဆင့်ဆင့်တို့ကိုပြောင်းလဲခြင်း၊ ဖျက်သိမ်းခြင်းများ ကိုလည်းမနှေးနှင့်အမြန်ဆောင်ရွက်လိုသောဆန္ဒများကို အနိုင်ရပါတီကြီးကမျိုသိပ်ထားခြင်းအလျင်းမရှိ ဖွင့်ဟ ပြောဆိုလာသည်ကိုတွေ့ရသည်။ ထိုနည်းတူNLD ပါတီဦးဆောင်အဖွဲ့ဝင်များနှင့်ခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည်တို့ထံ စာရေး၍တဖုံ၊ ဆက်သွယ်တွေ့ဆုံ၍တမျိုး မိမိတို့အားနေရာကောင်းများပေးသနားကြရန်ကြိုးပမ်း ကြသောယခင်အနစ်နာခံနိုင်ငံရေးသမားများနှင့်အကြိုးမျှော်ကိုးကြသော”ခါတော်မှီ”များပျားပန်းခတ်သောကာလဟုလည်းဆိုနိုင်သည်။ မတ်လကုန်ပြီးသည်နှင့်လက်ရှိဦးသိန်းစိန်အစိုးရမှအနိုင်ရပါတီသို့အာဏာလွှဲပြောင်းမှု အစစအစဉ်ချောခဲ့ပါက၊ ခေတ်သစ်မြန်မာ့နိုင်ငံရေးသမိုင်းတွင်၊ ဒီမိုကရေစီကျင့်စဉ်အပြည့်ဝဆုံးသော အာဏာ စီးဆင်းမှု (transition of executive power) အဖြစ်သမ္မတဦးသိန်းစိန်အားချီးကျူးမှတ်ကျောက်တင် ရမည် ဖြစ်သည်။
NLD ပါတီအနိုင်ရရှိချိန်မှစ၍ယခုအထိအတွင်းအစိုးရ၊ တပ်မတော်အကြီးအကဲနှင့်ယခင်ဗိုလ်ချုပ်ကြီးဟောင်း သန်းရွှေတို့နှင့်တရားဝင်ရော၊ တရားမ၀င်ပါတွေ့ဆုံခဲ့သောဖြစ်စဉ်များအရ၊ နိုင်ငံရေးလေ့လာကြသူပညာရှင် များနှင့်အများလူထုက၊ လက်ရှိအတားအဆီးဖြစ်နေသော အခြေခံဥပဒေ (၅၉-စ)ကိုခေတ္တဆိုင်းငံ့ခြင်းနည်းဖြင့် ဒေါ်အောင်ဆန်းစုကြည်အားသမ္မတအဖြစ်ရွေးချယ်ခံပိုင်ခွင့်ကိုပေးမည်ဟု ထင်ကြေးပေးကြသည်။ ကွယ်လွန် သူဝန်ကြီးချုပ်ဟောင်းသခင်နုက (၁၉၅၇-၅၈) တွင်ဗိုလ်ချုပ်ကြီးနေ၀င်းအစိုးရသို့အာဏာလွှဲရန်လွှတ်တော် တွင်တင်သွင်းသောအခါ၊ ထိုချိန်ခါကာလတည်ဆဲအခြေခံဥပဒေကကန့်သတ်ထားသော၊ အစိုးရအဖွဲ့ဝင်များ အမတ်ဖြစ်မှသာဝန်ကြီးချုပ်ဖြစ်ခွင့်ကိုခြွင်းချက်ပြုခဲ့သောသာဓကကို၊ ပညာရှင်အချို့ကထောက်ပြကြသည်။ နောင်တက်သောအစိုးရကို လက်ရှိအခြေခံဥပဒေကပြညွှန်းသောနည်းဖြင့် စစ်တပ်နှင့်နိုင်ငံရေးလောကသားများ ဖက်စပ်သောညွန့်ပေါင်းဆန်ဆန်အစိုးရအဖြစ်ခရီးစကြမည်လား (သို့တည်းမဟုတ်) NLD လုံးလုံးလျားလျား အာဏာလက်ဆင့်ကမ်းပေးလျက်ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့်ပေးမည်လားဆိုသည့်အချက်ကို၊ လာမည့် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်ကြီးကသရုပ်ဖေါ်မည်ဖြစ်သည်။ ထိုအဖြစ်မျိုးရောက်ရှိရေးမှာလည်း၊ လက်ရှိကာကွယ်ရေးဦးစီးချုပ်တာဝန်ယူထားသူဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့်စစ်ခေါင်းဆောင်များအပေါ်တွင်
မူတည်နေပေသည်။ သေခြာသည်ကားလက်ရှိအခြေခံဥပဒေကြီးကမည်သို့ပင်ကန့်သတ်စေကာမူ၊ NLD ပါတီ ကြီး၏နှောင်ကြိုးမဲ့အနာဂါတ်နိုင်ငံတော်ဖန်တီးခွင့်ကိုခွင့်ပြုနိုင်မည့်မည်သည့်နည်းလမ်းမျိုးကိုမဆို၊ လူထုနှင့် နိုင်ငံရေးလောကသားအားလုံးတို့ကထောက်ခံအားပေးမည်မှာအမှန်ဖြစ်သောအချိန်အခါရောက်နေပေပြီ။ သို့ဆိုလျင် NLD ပါတီကြီးအနေနှင့်ရောမိမိခြေပေါ်အမှီခိုမဲ့ရပ်တည်လျက်မိမိစိတ်ကြိုက်နိုင်ငံအနာဂါတ်ကို ကိုင်တွယ်မောင်းနှင်ရန်အဆင်သင့်ဖြစ်ပြီလောဟူသောမေးခွန်ထုတ်ရမည့်အချိန်သို့ဆိုက်ရောက်ပေပြီ။ နောင် အစိုးရသစ်အတွက်အဓိကစိမ်ခ်ါမှုများစွာတို့ထဲမှ အဓိကစိမ်ခေါ်မှုကြီးများကိုလေ့လာကြပါစို့။
(က) တိုင်းရင်းသားလက်နက်ကိုင်များ၏တပြည်လုံအပစ်အခတ်ရပ်စဲရေးနှင့်ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ဖက် ဒရယ်မူတောင်းဆိုမှုနိုင်ငံလွတ်လပ်ရေးရရှိနိုင်ရေးအတွက်ထိုစဉ်ဗြိတိသျှအစိုးရ၏တောင်းဆိုချက်ကြီးဖြစ်သောတိုင်းရင်းသားလူနည်းစုများ၏တသွေးတသံတည်းသောညီညွတ်မုကိုပြဆိုနိုင်ရေးအတွက်ဗိုလ်ချုပ်အောင်ဆန်းမှပင်လုံစာချုပ်ကို (၁၉၄၇)တွင်ချုပ်ဆို၍စည်းလုံးမှုကိုပြခဲ့ရသည်။ ထိုစာချုပ်ပါခွင့်ပြုချက်တခုဖြစ်သော၊ ပြည်နယ်များလိုလားပါကခွဲ ထွက်ခွင့်ကိုလက်ကိုင်ပြုကြသောတိုင်းရင်းသားလူမျိုးစုအချို့၏အာခံတော်လှန်မှုများကို(၁၉၄၈)ခုနှစ်လွတ်လပ် ရေးရပြီးမှစ၍ယခုချိန်တိုင်တွေ့နေရဆဲဖြစ်သည်။ ထိုတိုင်းရင်းသားလက်နက်ကိုင်များသည်ပြောင်းလဲလာသော ခေတ်အခါအရ၊ ယခင်ခေါင်းဆောင်ခဲ့သောတိုင်းရင်းသားခေါင်းဆောင်အဆက်ဆက်မှသည်၊ နယ်ပယ်ဒေသ အပေါ်စီးပွားရေး၊ လူမှုရေးသြဇာညောင်းသောခေါင်းဆောင်များကပြောင်းလဲနေရာယူလာကြသည်ကိုအချို့ တိုင်းရင်းသားလူမျိုးစုများတွင်တွေ့ရသည်။ ငွေကြေးနှင့်အာဏာကိုအခိုင်အမာတည်ဆောက်နိုင်သူတို့က ထို တိုင်းရင်းသားဒေသများတွင် ခေါင်းဆောင်များဖြစ်လာကြသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ပြည်နယ်ခွဲထွက်ခွင့်ကို ယခုအာဏာရလာမည့် NLD ပါတီခေါင်းဆောင်ထံတွင်အကြပ်ကိုင်ဆောင်းဆိုနိုင်မည့်အရိပ်အယောင်များ သန်း လာနိုင်သည်ဆိုသည်ကိုကြိုတင်မြင်တတ်ကြဘို့လိုလာပေပြီ။ လက်ရှိအခြေခံဥပဒေက၊ ပြည်နယ်များ ခွဲထွက် ခြင်းမပြုရဟူသောသံမဏိကန့်သတ်ချက်ကို၊ မဖြစ်မနေတာစူလာသောအခြေခံဥပဒေပြင်ဆင်ရေးဆွဲရေး ကစိမ် ခေါ်နိုင်ပေသည်။ အခြေခံဥပဒေက ဒေသအလိုက်အာဏာခွဲဝေပေးသောပြဌာန်းချက်နှင့်၊ ဒေသထွက်ကုန် နှင့် အခွန်အကောက်ရရှိငွေတို့ကိုပြည်နယ်နှင့်ဒေသကြီးများအလိုက်ဦးစားပေးခံစားခွင့်ကိုအကြီးအကျယ်ပြင်ဆင်နေချိန်တွင်၊ အစိုးရအုပ်ချုပ်ရေးနှင့်တကွတရားစီရင်ခွင့် များကိုပြည်နယ်များသို့လုံးဝနီးနီးအပ်နှံပေးစေလိုသော တောင်းဆိုအရေးယူမှုများသည် NLD ကမလွဲမသွေကြုံရဖွယ်ရှိနေသည်။ မိမိကြမ္မာမိမိဖန်တီးခွင့်ဟူသော ချွေး သိပ်စကားကိုတိုင်းရင်းသားတို့ကြားရဖန်များပြီးအရာမထင်ခဲ့မှုများကြာညောင်းခဲ့ပေပြီ။ NLD ကတိုင်းရင်းသား များ၏တိုးတက်အရေးဆိုမှုများကိုတရားမျှတစွာဖြင့်လိမ္မာပါးနပ်စွာကိုင်တွယ်အကြိုးပြုနိုင်ရန်အထူးကြိုးပမ်းရမည့် အခြေတွင်ရှိနေပေပြီ။ လက်ရှိငြိမ်းချမ်းရေးဆွေးနွေးကြသူတိုင်းရင်းသားခေါင်းဆောင်များကိုယ်တိုင်မိမိဒေသ တိုင်းရင်းသားများအပေါ်မည်မျှသြဇာညောင်းပြီလဲဟူသောမေးခွန်းအတွက်ယနေ့အထိအဖြေမရှိသေးပေ။
လက်ရှိဦးသိန်းစိန်အစိုးရလက်ထက်တပိုင်းတစ်စအောင်မြင်မှုသာရှိနေသေးသော တပြည်လုံးအပြစ်အခတ် ရပ်စဲရေးနှင့်ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးသည်နောင်အစိုးရသစ်ပခုံးပေါ်သို့အလေးလံဆုံးဝန်ထုပ်ကြီး အဖြစ်ရောက်ရှိလာပေမည်။ လက်ရှိသဘောတူညီထားသောမူဘောင်များသည်ပြောင်းလဲကောင်းပြောင်း လဲနိုင်မည်ဖြစ်သလို၊ တိုးတက်တောင်းဆိုမှုများအမှန်တကယ်ရှိလာနိုင်ပေသည်။ ဒီမိုကရေစီခံစားခွင့်တည်း ဟူသောကြွေးကြော်မှုခေါင်းစဉ်အောက်တွင်လက်နက်ကိုင်တပ်များတိုးချဲ့ခွင့်အပါအ၀င်၊ အနာဂါတ်လိုလား ချက်များကိုပါတန်းစီတောင်းဆိုလာနိုင်သောအခြေအနေရှိနိုင်သည်။
(ခ) မကြုံစဖူးကြီးထွားနေသော အဂတိလိုက်စားမှုနှင့်အကျင့်ပျက်ချစားမှု
ရာစုထက်ဝက်ကျော်မျှဝန်ထမ်းနှင့်လူထုအတွင်းအရိုးစွဲနေသောဤစာရိတ္တပျက်ယွင်းမှုကို”နေ့ချင်းညချင်းပြင်၍မရနိုင်”ဟူသောဖြေသိမ့်စကားကိုနောင်တက်မည့်အစိုးရသစ်ကလက်ကိုင်ပြုမသုံးစွဲမိအောင်၊ ဆင်ခြေပေးသော အလေ့အထဖြစ်မလာစေအောင်ကြီးစွာအားထုတ်ကြိုးပမ်းကြရမည်ဖြစ်သည်။ ဌာနဆိုင်ရာအကြီးအကဲနေရာရ လာကြသူတို့တို့ရာထူးရကာစတွင်အစဉ်ချောကြသော်လည်း၊ လက်အောက်ငယ်သားများ၏ဖျက်ဆီးမှုကြောင့် အကျင့်စာရိတ္တယိမ်ယိုင်ပြီးလာဘ်ယူမှုများတိုးလုပ်လာကြသည်ကိုခေတ်အဆက်ဆက်တွေ့ကြရပေပြီ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဌာနဆိုင်ရာဝန်ကြီး/၀န်ကလေးရာထူးတို့အတွက်ချဉ်းကပ်လာကြသူတွေကို ယခုအခါတားမနိုင်ဆီးမရတွေ့နေရပေပြီ။ နိုင်ငံရေးရေစီးကြောင်းတွင်အတူအနစ်နာခံလာကြသူတွေအချင်းချင်း၊ ရာထူးအခွင့်အရေးရနိုင်သောအရိပ်အယောင်မြင်လာရချိန်တွင်၊ ဟန်မဆောင်နိုင်တော့လောက်အောင် ရုပ်ပျက် ဆင်းပျက်သူ့ထက်ငါအလုအရက်ကြိုးစားလာကြသည်။ ထူးသော်လည်းမဆန်းပေပြီ။ လွှတ်တော်တည်းဟူသော အခွင့်အရေးနည်းပါးသည့်ကုလားထိုင်ကိုပင်အလုအယက်ဖြစ်ခဲ့သည်ကိုကြည့်ပါ။ လွှတ်တော်ကိုယ်စားလှယ် တည်းဟူသောတာဝန်လေးတခုကပင်၊ တိုက်ခန်း၊ မြေကွက်နှင့်စီးပွားရေးပါမစ်လေးများကပြေးမလွတ်ရနိုင်သည် မဟုတ်ပါလား။ ဤအခွင့်ထူးများမရပါဟုငြင်းနိုင်ကြသူတွေငြင်းကြလော့။ ငြင်းသူတွေငြင်းကြရင်းက၊ တဖက် မှအခွင့်ထူးများဝင်လာကြသည့်သတင်းကားလူထုနားတွင်မဆန့်နိုင်အောင်ကြားနေကြရပြီ။ အာဏာရစ်မူးလျက် “လာဘ်ယူကြသူတွေထောင်ဗူးဝကိုသာကြည့်ကြပေရော့”ဟူသောစကားဆိုပြီးအရေးယူကြရမည်ဆိုလျင်၊ တစ် နိုင်ငံလုံးရှိဝန်ထမ်းတို့ထောင်နန်းစံရဘွယ်ပင်။ ချောက်ပြစ်ကင်းသဲလဲစဉ်ဟုလက်မထောင်ကြသူတွေက၊ လက်ရှိ အကျင့်ပျက်များနေရာအစားထိုးယူချိန်တွင်၊ အဘယ်ကဲ့သို့ပြုမူနေထိုင်လျက်၊ လူထုအတွက်တိုက်ရိုက် အကြိုး ရှိနိုင်မည့်စီမံခန့်ခွဲမှုကိုပေးနိုင်မည်လည်းဆိုသည်ကိုစောင့်ကြည့်ရန်လိုသလို၊ ဤအချိန်ကာလသည်သည်း မတို တောင်းလှသောအချိန်ကာလအပိုင်းအခြားကြီးတခုအဖြစ်ရှိနေဦးမည်မှာအမှန်။ ထိုနည်းတူစာရိတ္တမဏ္ဍိုင် ခိုင်မာ ကြသူချင်း၊ ပြိုင်ဆိုင်ကြရင်းခွာပြဲမှုမဖြစ်ရန်လိုသည်။ အထက်အရာရှိများကအောက်လူများမသမာမှုကိုဖုံး ဖိပေး ခြင်း၊ ကာကွယ်ပေးခြင်းရှောင်ရှားကြရန်လိုသလို၊ အောက်ခြေ၀န်ထမ်းများကလည်း၊ မျက်နှာရချင်ဇော ဖြင့်မ ဟုတ်မမှန်သည်များလီဆယ်တင်ပြခြင်း၊ သတင်းအချက်အလက်မှန်များကိုဖုံးဖိခြင်း၊ အထက်လူများ အ ကြိုက် လိုက်ပြောဆိုခြင်းများရပ်တန်းကရပ်ကြရန်လိုပေပြီ။ NLD ပါတီကြီးအတွက်အခက်ခဲဆုံးသောစိမ်ခေါ်မှုကြီးကား၊
ပါတီဝင်များအတွင်းပင်အမြစ်တွယ်နေသော၊ ဤဗျုရိုကရေစီအုပ်ချုပ်ရေးအတွေးအမြင်မူဟောင်းကိုမဖြစ်မနေ အရေခွံခွာနိုင်အောင်ကြိုးစားရခြင်းပင်ဖြစ်သည်။
(ဂ) တပ်မတော်နှင့်အစိုးရမဏ္ဍိုင်ကြီးများနှင့်တစိမ်းတရံဆန်လွန်းနေသေးသော NLD၏လက်ရှိဆက်ဆံရေး
ပြီးခဲ့သောရွေးကောက်ပွဲလွန်ကာလတွင်NLDပါတီခေါင်ဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်တပ်မတော် အကြီးအ ကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့၏တရားဝင်တွေ့ဆုံမှုတစ်ကြိမ်သာရှိနေသေးသည်။ တပ်မတော်နှင့်နိုင်ငံရေး နယ်ပယ်သားများ၏ဆက်ဆံရေးသမိုင်းကြောင်းကိုပြန်ကြည့်ပါက၊ တစိမ်းဆံသောဆက်ဆံရေးများသာရှိခဲ့သည်။ တွေ့ဆုံမှုများရှိခဲ့ပါကလည်းအပေါ်ယံကြောဆက်ဆံမှုနှင့်ယေဘူယျကျသောကတိက၀တ်များနှင့်သာပြည့်နှက် ခဲ့သည်။ အဆက်ဆက်သောအခြေခံဥပဒေတို့တွင်တပ်မတော်၏ကဏ္ဍကိုတရားဝင်ဖေါ်ပြခြင်းမရှိခဲ့သော်လည်း၊ လက်ရှိအခြေခံဥပဒေကတပ်မတော်၏နိုင်ငံရေးတွင်အရေးပါသောဦးဆောင်မှုကိုအလေးပေးပြဌာန်းထားပေ သည်။ ထိုမျှသာမကပေ။ “နိုင်ငံပြိုကွဲနိုင်သောအခြေအနေ” ဟူသောအဓိပ္ပါယ်ဖွင့်ရန်ခက်ခဲသောဝေါဟာရကို သုံးလျက်၊ နိုင်ငံတော်အာဏာကိုထိမ်းသိမ်းခွင့်ကိုပေးကမ်းထားသည်ကိုတွေ့ရသည်။ အဆင့်ဆင့်သော အစိုးရ အဖွဲ့အစည်းများကိုသာမက၊ ဒေသနှင့်လွှတ်တော်တိုင်းတွင်တပ်မတော်အရာရှိများကိုစေလွှတ်ပါဝင်စေခြင်းဖြင့်၊ တပ်မတော်၏လွှမ်းမိုးနိုင်မှုသြဇာကိုအရယူထားသည်။ အစိုးရအဖွဲ့အကြီးအကဲဖြစ်သူသမ္မတရာထူးအထိကို၊ ကာကွယ်ရေးဦးစီးချုပ်၏တိုက်ရိုက်စေလွှတ်မှုဖြင့်ချုပ်ကိုင်နိုင်သောအခွင့်အရေးကိုပေးထားသေးသည်။ အနိုင်ရ အစိုးရဖွဲ့မည့်NLD အနေဖြင့်တပ်မတော်အပေါ်လွှမ်းမိုးသြဇာသက်ရောက်နိုင်မှုရှိရေးမရှိရေးသည်၊ ဒေါ်အောင် ဆန်းစုကြည်၏ဆက်ဆံရေးဗျူဟာပေါ်အခြေခံသော်လည်း၊ ကာကွယ်ရေးဦးစီးချုပ်၏လိုက်လျောနိုင်မှုအပေါ် ရာနှုန်းများစွာတည်မှီနေပေသည်။ အာဏာရပါတီလုပ်နိုင်စွမ်းရည်အောင်မြင်နိုင်မှုသည် တပ်မတော်၏ဒီမိုက ရေစီစရိုက်လက္ခဏာများမည်မျှပြည့်ဝလာနိုင်မည်လဲဟူသောအရည်အသွေးတိုးတက်မှုပေါ်တွင်လွန်စွာတည်မှီ နေပေသည်။
ထိုနည်းတူ၊ “ဘယ်အစိုးရတက်တက်၊ ဒို့ကတော့စောင်ကြည့်လက်ခံမှာဘဲ” ဟူသောလေပြေထိုးစကားပြောကြ သော လက်ရှိဌာနဆိုင်ရာအကြီးအကဲ အမြဲတမ်းအတွင်းဝန်များမှစ၍၊ ညွှန်ကြားရေးမှူးချုပ်နှင့်ဦးဆောင်ညွှန် ကြားရေးမှူးကြီးများကစတင်ပြောဆိုနေကြပေပြီ။ အတိုက်အခံနိုင်ငံရေးပါတီများဟုဆိုလျင်၊ အမြန်ရှောင်ထွက် ကြသော၊ ပခုန်းတွန့်ပြကြသောထိုဌာနဆိုင်ရာအရာရှိမင်းတို့၊ ယခုအချိန်ဘယ်ပုဂ္ဂိုလ်များကိုယ့်ခေါင်းပေါ်ရောက် လာမည်လဲဟုပဟေဠိထုတ်ကြချိန်ဖြစ်သည်။ မချိပြုံးကြသူတွေရှိသလို“ကြည့်သေးတာပေါ့ကွာ”ဟုခနဲ့ကြသူ တွေများသည်။ ယခင်ကဝေးဝေးရှောင်ကြရသောဆက်ဆံရေးမှသည်၊ တနေရာ တဌာနထဲလက်တွဲလုပ်ကိုင် နိုင်သောအနေအထားဆက်ဆံရေးသို့ရောက်ရန်များစွာသောတံတိုင်းကြီးများကိုဖြို ချကြရမည့်အချိန်ရောက် ပေပြီ။
(ဃ) တိုင်းရင်းသားလူမျိုးစုငယ်များနှင့်ဘာသာ/သာဿနာခြားများ၏အုံကြွမှုနှင့်မတည်ငြိမ်မှုများ
လမ်းစဉ်ပါတီခေတ်ကမြန်မာ့အသံမှ “ရိုဟင်ဂျာ”ဘာသာတိုင်းရင်းသာအစီအစဉ်ရှိခဲ့သော်လည်း၊ ရခိုင် ပြည်နယ်အတွင်းမကြာခနမတည်ငြိမ်မှုတို့ကြောင့်၊ ပြည်နယ်အစိုးရ၀န်ကြီးချုပ်လဲလှယ်၍စစ်ဗိုလ်ချုပ်တစ်ဦး စေလွှတ်အုပ်ချုပ်စေရသည့်အဖြစ်တိုင်အောင်၊ လူမျိုးရေး၊ ဘာသာရေးမတည်ငြိမ်မှုသည်၊ ဒေသအနှံ့သို့ပျံ့နှံ့ ရောက်ရှိခဲ့ရသည်။ ထိုမျှသာမကလူမျိုးစုငယ်အချို့၏လက်နက်ကိုင်အုပ်စုများကိုတပ်မတော်မှမကြာခနထိုးစစ် ဆင်မှုများအပေါ်ထိုတိုင်းရင်းသားများကအမြင်မကြည်လင်မှုများဖြစ်နေဆဲပင်ဖြစ်သည်။ အမျိုးဘာသာသာ ဿနာအမည်ခံလျက်၊ တစ်နိုင်ငံလုံးဗုဒ္ဓဘာသာအဖြစ်သွတ်သွင်းရန်အကြမ်းနည်းဖြင့်လှုံ့ဆော်မှုများက၊ နိုင်ငံတ ကာသို့ထင်ယောင်ထင်မှားဖြစ်စေသော”အကြမ်းဖက်ဗုဒ္ဓ၀ါဒီ”များအဖြစ်သမုတ်ခံရသည်အထိဖြစ်လာသည်။ ဤအတွက်အစိုးရ၏ရပ်တည်ချက်အပေါ်နိုင်ငံတကာကသာမကပြည်တွင်းတတ်သိပညာရှင်များနှင့်လူထု ကမေးခွန်းထုတ်စရာ ဖြစ်လာသည်။ တဖက်နှင့်တဖက်နားမခံရပ်နိုင်ဖွယ်အပုတ်ချမှုများက၊ လူမှုဆက်သွယ်ရေး ကွန်ယက်တွင်မမြင်ချင်အဆုံးတွေ့ရသည်။
အတိုက်အခံပါတီအပါအ၀င်အာဏာရပါတီကိုယ်တိုင်ပင်နှုတ်ငုံလျက်မှတ်ချမပြုရဲလောက်အောင်ပင်၊ လူမျိုးရေး တိုက်ခိုက်မှုသည်ပျံ့နှံ့နေသည်။ တိုင်းရင်းသားပါတီအချို့နှင့် တပ်မတော်၏လူမျိုးခြားမူဆလင်များအပေါ်ပုဂ္ဂိုလ် ရေးမုန်းတီးမှုနှင့်ရောထွေးခွဲခြားဖိနှိပ်ခြင်း နှင့်တိုင်းရင်းသားလူမျိုးစုငယ်များအပေါ်နိုင်ထက်စီးနင်းဝါဒ စွဲကိုင် နေသေး ခြင်းတို့ကအခြေအနေများကိုပိုမိုရှုတ်ထွေးစေသည်။ လူမျိုးစု ခေါင်းဆောင် အချို့တို့၏လူမျိုးရေး အမြင် မကြည်လင်မှု၊ တရားသေလူမျိုးကြီးစိတ်တယူသန်မှုက လောင်မီးကို ပိုတိုးပွားစေခဲ့ သည်။ အထူးသဖြင့်အုပ်ချုပ် သူအစိုးရအကြီးအကဲများကိုယ်တိုင်ပင်၊ နှုတ်ကျွံပြီးမသိ မသာထုတ်ဖေါ်ချက် များသည်၊ လူမျိုးရေးစိတ်ညံ့ဖျင်း သေးသိမ်မှုကိုဖွင့်လှစ်ပြဘိသကဲ့သို့ဖြစ်သွားသည်။ သမိုင်းနှင့်ချီ၍နှစ်ရာထောင် မကရှိခဲ့သောလူမျိုးဘာသာခြား တို့၏နိုင်ငံနယ်ပယ်များအတွင်းနေထိုင်မှူသမိုင်းကြောင်းကိုမျက်စေ့မှိတ်ငြင်းရန် ကြိုးပမ်းကြသူတွေလည်းရှိသည်။ လူထုအားအမှန်တရားကိုအရှိအတိုင်းညွှန်ပြရန်၊ လူသားချင်းစာနာစိတ်နှင့် လူ့အခွင့်အရေး၊ သမိုင်းတွင်သော လူသားတို့၏ဒေသပြောင်းလဲအခြေချနေထိုင်မှုစရိုက်တို့ကိုမျက်ကွယ်ပြုနေ ကြဆဲပင်ဖြစ်သည်။ နှစ်ပေါင်းရာစုနှင့် ချီရှိခဲ့သောဤ လူမျိုးရေးပဋိပက္ခမှုသည်ဒီမိုကရေစီတံခါးပေါက်လှစ်ဟချိန် တွင်အရှိန်အဟုန်နှင်ခုန်ပေါက်ဝင် ရောက်လာသည်ကိုမြန်မာတို့နဖူးတွေ့ဒူးတွေ့တွေ့ကြရပြီ။ ပို၍ဆိုးသည်ကား၊ နောင်တက်မည့်အစိုးရအတွက် ဤလူမျိုးရေးပြဿနာသည် ကြီးမားစွာအရိပ်ထိုးနေသလို၊ နူးညံ့သိမ်မွေ့ ခက်ခဲ လှစွာ သောအပိုဝန်ထုပ်ဝန်ပိုး ကြီးတခုဖြစ်နေပေဦးမည်။
ရာထူးနေရာချတာဝန်ခွဲဝေခြင်းသည်ရက်ပိုင်းမဟုတ်လျင်တောင် တစ်လလောက်နှင့်ကိစ္စပြီးနိုင်သည်။ ကောင်း မွန်၍ွှရည်အသွေြး့ပည့်ဝသောအခြေခံဥပဒေနှင့်နောက်ဆက်တွဲပြဌာန်းချက်များသည်စာရွက် ပေါ်တွင်လျင်လျင် မြန်မြန်ပင်အက္ခရာတင်သွားနိုင်သည်။ သို့သော်ဥပဒေများအသက်ဝင်လာရေး၊ အရွေးချယ်ခံလူကောင်းများသက် တမ်းတစ်ခုအတွင်းမဖေါက်မပြန်လူထုအကျိုးတိုက်ရိုက်အကျိုးပြုနိုင်ရေးသည် အချိန်ကာလတခုကြာမြင့်မည်ဖြစ် သည်မှာအမှန်ပင်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလလည်းမဟုတ်တော့ပြီဖြစ်သည့်အတွက်”အမျိုးသားရေး”ဟုကြွေးကြော်ရမည့်အ
ချိန်မဟုတ်တော့။ ပညာတတ်များကအစိုးရအဖွဲ့တွင်နေရာယူခွင့်ရရှိပြီး၊ ခေတ်အဆက်ဆက်ခါးပြတ်ကျန်ခဲ့သော မြန်မာနိုင်ငံသားမိသားစုတစ်ဦးချင်းတိုင်း၏လူနေမှုဘ၀အဆင့်မြင့်မြင့်လုံခြုံချမ်းမြေ့သောဘ၀များအဖြစ်အမြန် ဆုံးမြှင့်တင်နိုင်ရေးတည်းဟူသောအခွင့်အလမ်းများရှင်သန်လာရေးကအရေးကြီးဆုံးပင်မဟုတ်ပါလား။ ။

No comments:

Post a Comment