Friday, May 27, 2016

ရက်(၁၀၀) ကောက်ကြောင်း

ဧပြီ(၁)ရက်တွင်တရားဝင်တက်လာသော NLD အစိုးရသည်၊ သမ္မတဦးထင်ကျော်နှင့် ပါတီခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်တို့၏ကနဦးပွဲဦးထွက်၊ နိုင်ငြံ့ပုပြင်ရေးအစီအမံကြီးဖြစ်သည့် ရက်(၁၀၀)စီမံကိန်းသည် ဗဟို အစိုးရအတွက်နေ့မီးညမီးဖြင့်ဇာတ်လမ်းစကြရသော၊မဟာတာလွှတ်ပွဲကြီးဖြစ်သွားသည်။ တဖက်မှဗဟိုနှင့် ဒေ သဆိုင်ရာအာဏာပိုင်များနေရာတွင်အစားထိုးရမည့်လူရှာရင်းနေရာပေးခန့်ထားရင်းဖြင့်လုံးပမ်းနေကြရသလို၊ ဖေါင်းပွခြင်းမကဖေါင်းပွနေသောဌာနအဖွဲ့အစည်းများပေါင်းစည်းခြင်းရုပ်လုံးဖေါ်ခြင်းတို့ကိုလုပ်နေရသည်။ နောက်တဖက်မှလည်းအချိန်တိုတိုနှင့်၊ ပြဿနာသောင်းခြောက်ထောင်ကိုနေ့ချင်းညချင်းဖြေရှင်းပေးဟုဓါးမမိုး ရုံတမယ်တောင်းဆိုကြသူတွေကလည်းလမ်းပေါ်တွင်အလျှိုလျှိုပေါ်ထွက်လာကြသည်။ မည်သို့ပင်ဆိုစေမြို့ရော နယ်စွန်နယ်ဖျားပင်မကျန် ရက်(၁၀၀)စီမံကိန်းဟူသောစကားလုံးသည်ရေလဲနှင့်သုံးရ လောက်အောင်လွန်စွာ ရေပန်းစားနေပေသည်။
အစိုးရသစ်ရောလူထုတစ်ရပ်လုံးကကြီးစွာမြှော်လင့်စောင့်စားခဲ့ရသည်မှာ၊ တကယ်ဆိုတော့ လွတ်လပ်ရေးရ သည့် (၁၉၄၈)ကစတင်ရေတွက်ရသော်နှစ်ပေါင်း(၇၀)နီးပါးရှိပါပကော။ မြန်မာပြည်လွတ်လပ်ရေးရပြီး၊ နောင် (၁၀)ကြာမှလွတ်လပ်ရေးရသော စင်္ကာပူကလွတ်လပ်ရေးရချိန်နိုင်ငံတ၀ှမ်းသစ်တောဖုံးသောတံငါရွာကြီး သာသာရှိခဲ့သောအဆင့်မှ၊ ယခုဆိုလျင်မြန်မာနိုင်ငံကမော့ကြည့်ခြင်းမကမော့ကြည့်အားကျနေရသောအဆင့်ရှိ နေသည်ဟုဆိုသော်လွန်အံ့မထင်။ အဆက်ဆက်ပြောင်းလဲခဲ့သောစစ်အစိုးရနှင့်အရပ်သားအစိုးရအမည်ခံ ”ဘောင်းဘီချွတ်”အစိုးရတို့သည်၊ နိုင်ငံ၏ဖွံ့ဖြိုးမှုကိုကမ္ဘာ့အဆင့်အနိမ့်ဆုံးသို့ကျဆင်းသွားအောင်ဆွဲချသွား သည်မှာအံ့သြလောက်စရာပင်။ ကြိုးနီစနစ်နှင့်တသွေးတသံတမိန့်အောက်တွင်အညွန့်ကြိုးခဲ့ရသောနိုင်ငံ၏ဓန သည်၊ လက်တဆုပ်စာလူတန်းစားအတွင်းသာသက်ဆင်းခဲ့သည်။ ကွာခြားခြင်းမကကွာခြားသော၊ ၀င်ငွေနှင့်လူ နေမှုဘ၀များက၊ စာရိတ္တမဏ္ဍိုင်ကြီးကိုပါဖျက်ဆီးခဲ့သည်မှာနှစ်ပရိစ္ဆေဒများစွာကြာခဲ့သည်။ ခေတ်အဆက်ဆက် ဒါးမိုးအုပ်ချုပ်ခဲ့သော”ရေဘူးပေါက်တာမလိုချင်ဘူး၊ ရေပါတာဘဲလိုချင်တယ်”ဟူသောအထက်ကိုပြန်အထွန့် တက်ဝေဖန်မှုကိုတားဆီးပိတ်ပင်ခဲ့မှုတို့ကအရိုးစွဲခဲ့သည်။ ဥပဒေကိုလိုသလိုဆွဲသုံး၍၊ ဥပဒေအထက်တွင်အခွင့် ထူးခံခွင့်ရှိကြသူတွေ၊ အခွင့်ထူးခံချင်ကြသူတွေအလျှိုလျှိုပေါ်လာသည်။ မိမိရာထူးကိုသုံးလျက်၊ ချမ်းသာခြင်း မကချမ်းသာကြသူတွေပေါ်ပေါက်လာသည့်အတွက်၊ အဂတိလိုက်စားမှုသည်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက် ထက်တွင်အထွတ် အထိပ်သို့ရောက်ခဲ့သည်ဟုလေ့လာကြသူတွေကတညီတညွတ်တည်းအတည်ပြုကြသည်။
စစ်ဝတ်လဲသမ္မတဦးသိန်းစိန်လက်ထက်တွင်၊ အတိုက်အခံများထိမ်းသိမ်းရာမှလွှတ်ပေးခဲ့ပြီး၊ လွှတ်တော်အသီး သီးတွင်အရွေးခံဝင်ရောက်ခွင့်ရကြပြီး၊ ပွင့်လင်းမြင်သာမှုများနှင့်ထိန်းချုတ်ကန့်သတ်မှုများစွာတို့ကိုဖြေလျှော့ ပေးခဲ့သည်တို့က၊ ပြည်သူနှင့်ကမ္ဘာသို့ဒီမိုကရေစီရောင်နီသမ်းပြီဟူသောလက္ခဏာများပြသခဲ့သည်။ အထူးခြား
ဆုံးအချက်ကား၊ သမိုင်းတွင်သောအာဏာလွှဲပြောင်းမှုကိုတည်ငြိမ်အေးချမ်းစွာပြုလုပ်နိုင်ရန်လမ်းခင်းပေးခဲ့ခြင်း ကနိုင်ငံတွင်းနှင့်ဒေသတွင်းကိုနမူနာကောင်းပြနိုင်ခဲ့ခြင်းပင်။ ထိုနေ့ကား မတ်(၃၀)၊ ၂၀၁၆ ခုနှစ်။
ဆိုခဲ့သောရက်(၁၀၀)စီမံကိန်းသည်၊ နိုင်ငံပြုပြင်ပြောင်းလဲရေးနှင့်မြန်မာတိုင်းရင်းသားအားလုံးလူတိုင်းစေ့ မကြောင့်မကြနေထိုင်နိုင်သောမိသားစုလုံခြုံမှုဘ၀လမ်းကြောင်းပေါ်တင်ပေးနိုင်ရန်အစပျိုးသောခရီးအစပင်ဖြစ်ပါသည်။ ဤခရီးရှည်ကြီးသည်စာရေးစာဖတ်သူတို့သက်တမ်းတခုအတွင်းပေါ်ထွန်းလာချင်မှပေါ်ထွန်းလာ နိုင် မည်ဖြစ်သော်လည်း၊ အုတ်မြစ်ခိုင်မာသောအခြေခံကောင်းတခုတော့ဖြစ်လာနိုင်မည်မှာအမှန်။ ယင်းအခြေခံ ကောင်းတို့အတွက်အရေးကြီးဆုံးအချက်ကား၊ လူထုကိုယ်တိုင်ကအစိုးရ၏လုပ်ငန်းစဉ်များအပေါ် အားတက် သရော်ပူးပေါင်းလာမှု၊ အပြန်အလှန်ယုံကြည်ကိုးစားမှုတို့အပေါ်တွင်များစွာမူတည်နေသည်။ ရာစုတစ်ခုနီးပါး၊ အစိုးရလုပ်သမျှကိုယုံကြည်မှုကင်းမဲ့သောလူထု၏အမူအကျင့်ကိုလုံးဝပြင်ဆင်ရတော့မည့် အချိန်ဖြစ်သည်။ မင်းသားကြီးမလုပ်ရ၍ပါတ်မကြီးကိုဖျက်ဆီးလိုသောစိတ်ဓါတ်များခ၀ါချကြရမည့်အချိန်၊ ကျရာကဏ္ဍကပါ ကြရမည့်အချိန်ဖြစ်သည်။ ထစ်ခနဲရှိလမ်းပေါ်ထွက်ဆန္ဒပြကြရမည့်အချိန်မဟုတ်တော့။ ကိုယ်နှင့်ဘ၀တူလူမျိုး တွေဥပဒေပြုကဏ္ဍတွင်ဝင်ရောက်နေရာအကျယူပြီးချိန်ဖြစ်သည်။ ကိုယ်နှင့်စိတ်သဘော တူသူတွေအစိုးရအဖွဲ့ တွင်ရာထူးကြီးများထမ်းဆောင်နေချိန်ဖြစ်သည်။
ဤနေရာတွင်တပ်မတော်၏ကဏ္ဍသည်လည်းအလွန်အရေးပါလာသည်။ လှည်းနေလှေအောင်းမြင်းစောင်းမ ကျန်ကNLD ပေါ်အိပ်သွန်ဖာမှောက်မဲဆန္ဒပေးခဲ့ခြင်းကသက်သေထူထားပြီမို့၊ မိမိတို့တပ်မတော်၏သဘောထား နှင့်ရပ်တည်ချက်ကိုပြောင်းလဲရန်အရေးကြီးသောအချိန်ရောက်ပေပြီ။ အရာရာကိုမျက်စေ့ဒေါက်ထောက် ကြည့် ပြီး၊ လက်ညှိုးထိုးရမည့်အချိန်မဟုတ်တော့။ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကပေးထားသော၊ နိုင်ငံတော်အာဏာ ထိန်းသိမ်းခွင့်ကိုအကြောင်းရှိတိုင်းမျက်စောင်းထိုးခြင်းမှရှောင်ရှားကြရန်လိုပေပြီ။ ဝေါဟာရအသေးအမွှားစကား အသုံးအစွဲချွတ်ချော်မှုတို့ကို၊ ရေးကြီးခွင်ကျယ်လုပ်ရန်အလုပ်မဟုတ်တော့။ ကက်ဘိနက်အဖွဲ့တည်းမိမိတို့က အထင်ကရနေရာများယူထားသည်မို့၊ အတွင်းစည်းဝိုင်းတွင်းကအဖြေရှာသင့်သည်။ ငါတစ်ဦးတည်းသာသိ သည်ဟူသောစိတ်ဓါတ်ကိုခ၀ါချကာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါစံနှုန်းလွဲနေသောပြဌာန်းချက်များကိုပူးပေါင်း ပြင်ဆင်ကြရန်လိုသည်။ ယခင်ကလက်လွန်ချေလွန်လုပ်ခဲ့သမျှတွေကိုလက်ရှိအာဏာရပါတီခေါင်းဆောင် ပိုင်းကနောက်ကြောင်းပြန်အရေးယူခြင်းမလုပ်ပါဟူသောနိုင်ငံတကာစံနှုန်းမှီကတိတွေရှိထားပြီမို့၊ နောက်တွန့် မနေကြရန်အချိန်အခါကောင်းဖြစ်သည်။
တောင်ပြိုကမ်းပြိုအနိုင်ရပြီးကာမှ၊ “နိုင်ငံတော်၏အတိုင်ပင်ခံ”ဟူသောရာထူး၊ “နိုင်ငံတော်၏အတိုင်ပင်ခံ ၀န်ကြီးဌာန”ဟူသောနေရာများကြံဖန်တီထွင်ရခြင်းမှာလည်း၊ သဘာဝမကျလှသောကိစ္စကြီးတခုပင်။ မိမိရရှိပြီးသောပိုင်ခွင့်ကိုရယူခွင့်မပေးသောဥပဒေဟူသည်ကားမည်သည့်ဥပဒေမျိုးနည်း? အမျိုးသား ရင်ကြား စေ့ရေးဟူသောကြွေးကြော်ချက်ကားခုမှပေါ်ပေါက်လာခြင်းမဟုတ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကကန့်သတ်ထား သောကန့်သတ်ချက်အချို့တို့သည်၊ ပုဂ္ဂိုလ်ရေးဆန်ပြီး၊ နိုင်ငံတကာ စံနှုန်းမမှီမှုကို၊ “တစ်နိုင်ငံနှင့်တစ်နိုင်ငံ
သမိုင်းနောက်ကြောင်းခံ၊ဖြစ်စဉ်မတူညီမှု” ဟူသောဝါးလုံးရှည်ဖြင့်  ငြင်းချက်ထုတ်၍ဘူးခံရမည့်အချိန် မဟုတ် တော့။ ပြည်သူတစ်ရပ်လုံးကသိသိကြီးနှင့်ခံနေရသောဘ၀၊ နိုင်ငံတကာတတ်သိပညာရှင်တို့ကလက်ညှိုးထိုးမှု ဘ၀တို့မှအမြန်ဆုံလွတ်ထွက်ရန်၊ ကြိုးစားကြရမည့်အချိန်ပင်။ နိုင်ငံ အုပ်ချုပ်စီမံခန့်ခွဲမှုကိုဒေါ်အောင်ဆန်းစု ကြည်မှဦးဆောင်ပြုလုပ်နေသည်မှာအထင်အရှားဖြစ်ချိန်တွင်၊ နိုင်ငံအကြီးအကဲ တာဝန် ကိုပေးရန်ဝန်လေးမှု ကား၊ တမင်တကာပြုလုပ်သည်မှာထင်ရှားလှပေသည်။ သို့သော်လည်းတပ်မတော် ၏နိုင်ငံ သမိုင်းကြောင်းတ လျှောက်တွင်၊ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ ပါဝင်လာခဲ့ခြင်းတည်းဟူ သောအချက်ကိုတော့ငြင်း၍ ရမည်မထင်။ တပ်မတော်၏အရေးပါမှုက အတိုင်းအတာရှည်သောမြန်မာ့အနာ ဂါတ်ကာလကြီးတခုအဖြစ်ဆက် လက်ရှိနေဦး မည်ကားအမှန်။
သည်းညီးခံမှုတည်းဟူသောကိစ္စသည်သာမာန်လူမှုရေးကိစ္စတွင်လွယ်ကူသော်လည်း၊ နိုင်ငံရေးရာကိစ္စတွင် တိမ်မယောင်နှင့်နက်နဲလှသောကိစ္စကြီးဖြစ်သည်။ သက်ဆိုင်သူအားလုံး stakeholders အားလုံးတို့က၊ ပင်မရည်မှန်ူချက်ကိုမျက်ချေမပြတ်ကြဘို့လိုသည်။ အဆိုပါstakeholders ဆိုသောနေရာတွင်လူထုကကဏ္ဍ တခုအဖြစ်နေရာတိုင်းတွင်ပါဝင်နေသောကြောင့်၊ လူထု၏အခြေအနေမှန်ကိုအမှန်အတိုင်းမြင်နိုင်မှု၊ ဖြစ်ပေါ် တိုးတက်နေသောကမ္ဘာရေစီးကြောင်းပြောင်းလဲမှုဖြစ်စဉ်ကိုဗဟုသုတပြည့်ဝမှု၊ အထူးသဖြင့် လူမျိုးကြီး/ရေးဝါဒ နှင့်ဘာသာအယူဝါဒသီးမှုတို့လုံးဝကင်းစဉ်မှုတို့အပေါ်တွင်မူတည်သည်။
အစိုးရသစ်၏အဓိကအတားအဆီးကြီးများဖြစ်သော အဂတိတရားထူပြောအရိုးစွဲနေမှု၊ လူမျိုးရေး/ဘာသာရေး ၀ါဒပြင်းထန်လမ်းလွဲမှု၊ ဖက်ဒရယ်အခွင့်အရေးအလွန်အကျွံတောင်းဆိုလိုသောဆန္ဒကြီးမားမှု၊ တပ်မတော်၏ တသီး တသန့်နေလိုမှုတို့ကများစွာစိမ်ခေါ်နေဦးမည်ဖြစ်သည်။ တဖက်မှလည်း၊ အုပ်ချုပ်သူအစိုးရမှတက်ညီ လက်ညီရှိသော၊ အရည်အသွေးပြည့်ဝ၍၊ လူထုအပေါ်ဝန်ထုပ်ဝန်ပိုးဖြစ်နေသည့်၊ အုပ်ချုပ်မှုယန္တရားကြီးကို အမြန်ပြုပြင်ရန်အထူးလိုအပ်လှသည်။ အစိုးရမှအရာရာကိစ္စရပ်များတွင်ပါဝင်ပါတ်သက်၍၊ အများပြည်သူလုပ် ကိုင်နိုင်သောကိစ္စများတွင်အတင်းဝင်ရောက်နေရာယူချယ်လှယ်ခြင်းကိုလည်းအမြန်လက်ရှောင်ကြရန်လိုသည်။
ယခုစာဖတ်သူတို့ဤဆောင်းပါးဖတ်ရှုချိန်တွင်ရက်(၁၀၀)ပြည့်ရန်သုံးပုံတပုံလောက်သောကာလသာကျန်တော့ မည်ဖြစ်သည်။ ထင်သာမြင်သာသောပြောင်းလဲမှုများဖြစ်သည့်၊ ဌာနများပြင်ဆင်ဖွဲ့စည်းခြင်းများမြင်တွေ့ရသလို၊ လုပ်နည်းလုပ်ဟန်ပိုင်းဆိုင်ရာမမြင်သာသေးသောကိစ္စရပ်များပေါ်ထွက်လာမည်ဟုမျှော်လင့်ရသည်။ အစိုးရ အနေဖြင့်လည်းခေတ်အဆက်ဆက်၊ နံမည်ကြားကောင်းပြီးတန်ဆာဆင်သော”ပွဲတက်”ပြောင်းလဲမှုများ ကိုရှောင်ရှားလျက်၊ လူထုကိုတိုက်ရိုက်အကြိုးပြုသောအစီအမံများကိုတောင့်တလိုလားမျှော်လင့်ကြ မည်မှာ အမှန်ဖြစ်သည်။
ပန်းချီရေးဆရာတစ်ဦး၏ကောက်ကြောင်းတခုမှအစတည်သော၊ ပရိဿတ်ကိုဆွဲဆောင်မှုသရုပ်ဖေါ်နိုင် သော စွမ်းပကားကိုပရိဿတ်ကသာကောင်းကောင်းကြီးသိနိုင်သလို၊ အစိုးရသစ်၏ရက်(၁၀၀)စီမံကိန်းကြီးက၊ ၎င်းတို့ ပုံဖေါ်လိုသောနိုင်ငံမျက်နှာစာပုံရိပ်သစ်ကိုလူထုကစတင်မြည်းစမ်းခွင့်ရကြတော့မည်မဟုတ်ပါလား။ ။

No comments:

Post a Comment