Monday, June 27, 2016

အမေရိကပြည်ထောင်စု၏ ရွေးကောက်ပွဲ အခြေခံများ

အမေရိကနိုင်ငံတွင်းပြောင်းရွှေ့အခြေချနေထိုင်ကြသူမြန်မာတွေ(၄)နှစ်တစ်ကြိမ်ကျရောက်သောရွေးကောက်ပွဲကာလစတင်ကြပြီဆိုသည်ကို၊ မိမိတို့ အိမ်များသို့စာတိုက်မှတဆင့်၊ မဲဆန္ဒပေးခြင်းဆိုင်ရာအကြောင်းကြားစာ နှင့်များစွာသော၊ မဲဆွယ်မှုပေးစာများ ရောက်ရှိလာမှသာ စတင်သတိတရ ရှိကြသည်။ သို့သော်လည်း (၉၀)% ကျော် လောက်သောမြန်မာတို့က မဲစာရင်းကိုဖြည့်စွက်ခြင်း၊ မဲရုံများသို့သွားရောက်မဲထည့်ခြင်း၊ ရောက်ရှိလာ သောစာ ကိုလေ့လာဖတ်ရှုခြင်း၊ သတင်းစာ၊ တီဗွီအပါအ၀င် အင်တာနက်စသည်တို့တွင်လေ့လာခြင်းကားသာ၍ ဝေးသေးသည် ဟုဆိုရသော် လွန်အံ့မထင်ပါ။ အမှန်ဆိုရသော်အမေရိကပြည်ထောင်စုလူထုအများ၏ (၄၀)%မျှ ကသာ မဲဆန္ဒပြုကြသည် ဟုသုတေသီပညာရှင်များကတညီတညွတ်တည်းထုတ်ဖေါ်ပြောကြသည်။ အလွန်ဆုံး သိသည်ဟုဆိုငြားအံ့၊ သမ္မတအဖြစ်ရှင်ပြိုင်နေရာလုဆဲသူသုံးလေးဦးလောက်၏အမည်များကို ကြားဘူး သလို ရှိသည်ဟုဆိုကြသည်။ အမေရိကရောက်မြန်မာတို့အလွန်မဟုတ်ဟုဆိုရခြိမ့်မည်။
လက်လှမ်းမှီသလောက်ဖေါက်သယ်ချရမည်ဆိုလျင် ……
မည်သို့ရွေးကောက်သလဲ
တည်ဆဲအခြေခံဥပဒေက အမေရိကသမ္မတကိုပြည်သူကရွေးချယ်တင်မြှောက်သည်ဟုဆိုသော်ငြားလည်း၊ အမှန်အားဖြင့်၊ တိုက်ရိုက်ရွေးကောက်ခြင်းမဟုတ်ဘဲ၊ သွယ်ဝိုက်သောနည်းဖြင့်ရွေးကောက်ခြင်းဖြစ်ပါသည် (indirect voting system)။ အမှန်တကယ်ရွေးကောက်သူကား ရွေးချယ်တင်မြှောက်သူ (Electors) များပါ ၀င် သော Electoral College ခေါ်အစုအဖွဲ့ကတိုက်ရိုက် (direct voting) နည်းဖြင့်ရွေးချယ်ပါသည်။ သာမာန် အား ဖြင့်ဤ First-past-the-post (FTPT) စနစ်သည်မဲအများဆုံးရသူနိုင်သောစနစ်ဖြစ်သဖြင့်မဲဆန္ဒပြုရာတွင်၎င်း၊ ရေတွက်ရာတွင်၎င်းများစွာ လွယ်ကူသည်ဟုဆိုကြသည်။ သို့ရာတွင်အခြေခံ(primaries/caucuses/ conventions) နှင့် အထွေထွေရွေး ကောက်ပွဲကြီး (Election Day) တို့တွင်အဆိုပြုရာထားခြင်း (Nominated candidate) သို့မဟုတ် ရွေးကောက် ခံရခြင်း (Elected president/vice-president) ပြုရာတွင်လိုအပ်သော သတ်မှတ်မဲအရေအတွက်မရရှိပါက ထပ်တစ်ကြိမ်မဲပေးခြင်း (Two-round system) ကိုသုံးကြရသည်။ သမိုင်း အဆိုအရ အခြေခံဥပဒေကိုရေးဆွဲ ခဲ့ကြသူ Founding Fathers တို့က လူထုအများဆန္ဒပြုကြသူတွေ၏ မဲ အများစုရရှိသူ (popular vote) သည်၊ နိုင်ငံတော်ကို ဦးဆောင်နိုင်မည့်အရည်အသွေးနှင့်စိတ်ချယုံကြည်ရ လောက်သူတစ်ဦးအဖြစ်သတ်မှတ်ခံရခြင်း အလို့ငှာ၊ Electoral College မှရွေးချယ်ခြင်းနည်းဖြင့်အတည် ပြု သောနည်းကိုအမျှော်အမြင်ရှိစွာပြဌာန်းခဲ့သည်မှာယနေ့တိုင်အောင်ပင်။
သမ္မတအဖြစ်အမည်တင်သွင်းခွင့်ရှိသူ
သမ္မတအဖြစ်ကြမ်းသစ္စာကြိမ်ဆိုမည့်နေ့ (Inauguration Day) တွင်အနည်းဆုံအသက်(၃၅)နှစ်ပြည့်ပြီး၊ အမေ ရိကနိုင်ငံအခြေခံဥပဒေစတင်အသက်ဝင်ချိန်မှစပြီး၊ အမေရိကနိုင်ငံနယ်ပယ်အတွင်းမွေးဖွားသူ (naturally
born citizen) ဖြစ်ရမည့်အပြင်၊ အမေရိကနိုင်ငံနယ်နမိတ်အတွင်း (၁၄)နှစ်တိတိတဆက်တစပ်တည်းနေထိုင်ခဲ့ သူမည်သူမဆိုသမ္မတအဖြစ်အရွေးချယ်ခံခွင့်ရှိသည်။ မဲဆွယ်ခြင်းကိုသက်ဆိုင်ရာပြည်နယ်များတွင် ကိုယ်စား လှယ်လောင်းများကမှတ်ပုံတင်ခြင်း၊ မဲဆွယ်တရားဟောခြင်း၊ Federal Election Commission (FEC) တွင် စက်တင်ဘာနောက်ဆုံးထား၍ မှတ်ပုံတင်ခြင်း ၊ မိမိတို့ပိုင်ဆိုင်သောဓနငွေကြေး၊ ၀င်ငွေအခွန်တင်သွင်းခြင်း မှတ်တမ်းများကြေငြာခြင်း၊တို့ကိုလုပ်ကြရသည်။ FEC၏အဓိကတာဝန်ကားကိုယ်စားလှယ်လောင်းများ၏ငွေရေး ကြေးရေး ရံပုံငွေလက်ခံရယူခြင်းနှင့်သုံးစွဲခြင်းတို့ကိုကြပ်မတ်စစ်ဆေးခြင်းဖြစ်သည်။ ရွေးချယ်ပွဲဝင်ရောက် ရှင်ပြိုင်ကြမည့်သူတို့က၊ သက်ဆိုင်ရာမဲဆန္ဒပြည်နယ်အစိုးရအတွင်းဝန် (Secretary of State) ထံစားရင်း တင်သွင်းပြီး၊ မဲဆန္ဒနယ်အလိုက်ခန့်ထားသောရွေးကောက်ပွဲအရာရှိ (Registrar of Voters) ကအတည် ပြုစားရင်းပေးပို့သူတို့ကိုလက်ရှိSecretary of State ကခန့်အပ်ကြေငြာခြင်းနည်းဖြင့်အရွေးချယ်ခံဖြစ်သွား ကြသည်။
ရွေးချယ်ပုံအဆင့်ဆင့်
(က) Primary election ခေါ် အခြေခံရွေးကောက်ပွဲများကိုပြည်နယ်အချို့တို့ကကျင့်သုံးကြသည်။ (ဥပမာ California State) ထိုရွေးကောက်ပွဲမျိုးတွင်မဲဆန္ဒရှင်များကမိမိတို့နှင့်ဆက်နွယ်ရာပါတီမှတဆင့်မိမိတို့ နှစ်သက် ရာ ကိုယ်စားလှယ်လောင်း (candidates) များကိုရွေးချယ်ကြသည်။
(ခ) Caucuses ခေါ်သက်ဆိုင်ရာပါတီများကစီမံသောစနစ်ကျင့်သုံးသောပြည်နယ်အချို့ (ဥပမာ - Ohio State) တွင်လူထုအစည်းအဝေးများမှဆွေးနွေးရွေးချယ်သောနည်းဖြင့် မိမိတိုနှစ်သက်ရာစနစ်ကိုသုံးကြသည်။
(ဂ) အဆိုပါ Primaries နှင့် Caucuses များကို အထွေထွေရွေးကောက်ပွဲကြီးပြုလုပ်မည့်နှစ်၏ ဇန္န၀ါရီမှစ၍ ဇွန်လကုန်အထိပြည်နယ်အလိုက် (အများအားဖြင့်)ရက်သတ္တတပါတ်၏အင်္ဂါနေ့ (Super Tuesdays ဟုပြည်နယ်ကြီးများကသမုတ်ကြသည်)တွင်ပြုလုပ်ပြီး၊ Candidates များသတ်မှတ်ကြသည်။ “Winner-takes-all” (Maine နှင့် Nebraska ပြည်နယ်များမှလွဲ၍) ဟူသောအဆိုအရ မဲပေးကြသူတွေမိမိမဲပေးသူတွေကမိမိ ကိုယ်စားလှယ်လောင်းကိုအစဉ်တစိုက်မဲ ပေးရန် ကတိက၀တ်ပြုကြရသည် (Pledged delegates)။ ထိုနည်းတူ (Unpledged or Super-delegates)ခေါ်မိမိတို့ နှစ်သက်ရာကိုသာ၊ ပါတီစွဲမထားဘဲမဲပေးမည့်ကိုယ်စားလှယ်မျိုး များ လည်းရှိ သည်။ ထိုသူတို့၏မဲကိုကိုယ်စား လှယ်လောင်းတို့ကရရန်လည်းလိုသည်။
(ဃ) မိမိတို့ပါတီအလိုက်ကိုယ်စားပြုမဲအရေအတွက်ရရှိကြသော Caucuses နှင့် Primaries များက ပါတီအ လိုက် National Conventions များကိုကျင်းပပြုလုပ်ကြမည်ဖြစ်သည်။
Constitution Party – Utah (Apr 13)
Libertarian Party – Florida (May 26)
Republican Party – Cleveland, Ohio (July 18)
Democratic Party – Philadelphia (July 25)
Green Paty – Texas (Aug 6)
ယခုလာမည့်နိုဝင်ဘာရွေးကောက်ပွဲကြီးတွင် ဒီမိုကရက်တစ်ပါတီကြီးကကိုယ်စားလှယ် (၂၃၈၃)ဦးအနည်း ဆုံးရရှိရန်လိုပြီး၊ ရီပါတ်ဘလစ်ကင်ပါတီကြီးက (၁၂၃၇)ဦးရရန်လိုအပ်သည့်အတွက်၊ အဆိုပါအခြေခံရွေး ကောက်ပွဲများတွင်မတိမ်းမယိမ်းရရှိကြပြီး၊ Convention သို့ရောက်လာသောတစ်ပါတီတည်းအပြိုင် ကိုယ်စား လှယ်လောင်းမျာအနေဖြင့်၊ အကြိတ်အနယ်ယှဉ်ပြိုင်ရဖွယ်ရှိနေပေသည်။
(င) ထို conventions များတွင်မိမိတို့နှင့်အတူအစိုးရဖွဲ့ရာတွင်ပါဝင်မည့်၊ ဒုတိယသမ္မတလောင်း (Running-mate) အမည်ကို ပါကိုယ်စားလှယ်လောင်း candidates များကကြေငြာရသည်။ ထိုဒုတိယသမ္မတလောင်းအ ဖြစ်တင်သွင်းသူ ၏နောက်ကြောင်းခံသည်လည်းမိမိသမ္မတအရွေးချယ်ခံနိုင်ခွင့်ကိုတမျိုးတဖုံပြောင်း လဲသွားစေ နိုင်သည်။
(စ) အဆိုပါ Conventions များမှရွေးချယ်လိုက်သော candidates များကို အများပြည်သူကဆိုခဲ့သည့်အတိုင်း ပြက္ခဒိန်နှစ်တစ်ခု၏ပထမတနင်္လာနေ့ပြီးနောက်ကျရောက်သော အင်္ဂါနေ့ (Election Day) တွင်မဲပေးရသည်။ ယင်းကိုအခြေခံဥပဒေကပြဌာန်းထားသည်။ ယခုနှစ်(၂၀၁၆) အတွက် November (8)ရက်နေ့ ဖြစ်သည်။ ဤရွေး ကောက်ပွဲကြီးကရွေးချယ်တင်မြှောက်ခံရသူသည် Popular votes အရရွေးချယ်ခံရသူဖြစ်ပြီး၊ သမ္မတ ဖြစ်ရန်ကြိမ်းသေပေါက်အမည်ပေါက်သူဟုဆိုရမည်။ သို့သော်လည်းသူကျော်ဖြတ်ရမည့် (အခြေခံဥပဒေက ပြဌာန်းထားသော) အဆင့်အချို့ကျန်နေသေးသည်။ယင်းနောက်သမ္မတလောင်းတို့အပြန်အလှန်ခုခံဆွေးနွေး သောDebates ရာသီဖြစ်သည်။
(ဆ) အမေရိကတ၀ှမ်းနေထိုင်ကြသူ ဒေသဖွား Naturally-born citizens များရော၊ ပြည်ပမှရောက်ရှိအခြေ ချကြသူ Naturalized citizens များပါမဲပေးခွင့်ရှိကြပြီး၊ မဲပေးမည့်နေ့တနေကုန်မဲရုံများတွင်၎င်း၊ ကြိုတင်မဲ အဖြစ်စာတိုက်မှ၎င်းမဲဆန္ဒပြုနိုင်ကြသည်။ Electoral College ဟူသည်ကားအမှန်တော့ အဖွဲ့အစည်းလည်း မဟုတ်၊ အားလုံးစုပေါင်းစည်းဝေးခြင်းလည်းမဟုတ်ပေ။ အခြေခံဥပဒေက Electors ရွေးချယ်ပေးသူများဟု သတ်မှတ်ထားပြီး၊ ပြည်နယ်အသီးသီးကမိမိတို့ဆန္ဒနည်းလမ်းတို့ဖြင့်ရွေးချယ်ထားသူ (၅၃၈)ဦးတို့က၊ မိမိ တို့ပြည်နယ်သတ်မှတ်နေရာများတွင်သာစုဝေးပြီး၊ သီးသန့်စီမဲပေးကြခြင်းဖြစ်သည်။ ထိုမဲပေးခြင်းကို ဒီဇင်ဘာ ဦးပိုင်းတွင်တပြိုင်တည်းပြုလုပ်ကြသည်။ ထိုတိုက်ရိုက်ရွေးချယ်ပွဲတွင်ကိုယ်စားလှယ် တစ်ဦးတည်းက အများစုမဲ (အရေအတွက်အားဖြင့် မဲ ၂၇၀)ရလျင်သမ္မတနှင့်ဒုသမ္မတဖြစ်သည်။
(ဇ) ထို Electoral College တွင်ဆန္ဒမဲလိုအပ်ချက်မပြည့်ပါကအောက်လွှတ်တော် (House of Representatives) ကပြည်နယ်တခုစီက တစ်မဲစီနှင့်သမ္မတကို၎င်း၊ အထက်လွှတ်တော် (senate) က ပြည်
နယ်တခုစီက တစ်မဲစီနှင့်ဒုတိယသမ္မတကို၎င်း၊ ရွေးချယ်ပေးသည်။ ယင်းအဖြစ်မျိုး (၄) ကြိမ်ရှိခဲ့ဘူးသည်ဟု ဆိုသည်။
(ဈ) အကယ်၍လွှတ်တော်များကမရွေးချယ်နိုင်ခဲ့လျင် အရွေးကောက်ခံဒုတိယသမ္မတအဖြစ်၎င်း၊ ဒုတိယ သမ္မတမရှိခဲ့ပါက၊ Presidential Succession Act (1947) အရ၊ လွှတ်တော်ဥက္ကဌ (Speaker of The House) တို့ကနောင်သမ္မတအဖြစ်လွှတ်တော်များမှရွေးချယ်နိုင်သည်အထိယာယီတာဝန်ယူကြရသည်။ သို့သော်ယင်း အဖြစ်မျိုးသမိုင်းတွင်မရှိခဲ့ဟုဆိုသည်။
(ည) နောက်ဆုံးပိတ်ရွေးချယ်တင်ျြေမှာက်လိုက်သောသမ္မတအဆိုပြုသူကိုလွှတ်တော်ကြီးကအတည်ပြုခြင်းကို ဇန္န၀ါရီပထမပါတ်လွှတ်တော်(၂)ရပ်ပေါင်းရှေ့တွင်၊ ဥက္ကဌကအတည်ပြုကြေငြာပေးခြင်းဖြင့် သမ္မတရွေးချယ်ခြင်း အဆုံးသတ်သည်။
သမ္မတအဖြစ်တရားဝင်ရောက်ရှိခြင်း (Inauguration Day)
ရွေးကောက်ခံပြီးသောသမ္မတရာထူးအတည်ပြုခံထားခြင်းခံရသူ (President-elect) သည်၊ ရောက်ကောက် ပွဲပြီးနောင်နှစ်ဇန္န၀ါရီ (၂၀) ရက် (တနင်္ဂနွေနေ့တွင်ကျရောက်ပါက -၂၁-ရက်နေ့)တွင် တာဝန်ထမ်းဆောင်ဆဲတ ရားလွှတ်တော်ချုပ်တရားသူကြီးချုပ်(သို့မဟုတ်) တရားသူကြီးတစ်ဦးဦးရှေ့မှောက်တွင် ကျမ်းသစ္စာကြိမ်ဆိုရပါ သည်။ ထိုနေ့နေမွန်တည့်အချိန်တွင်အမေရိကပြည်ထောင်စု၏သမ္မတနှင့်အစိုးရသစ်စတင်သက်ဝင်သော တရားဝင်နေ့လည်းဖြစ်သည်။
“အသည်းကြားမှမဲတစ်ပြား” ဟူသောဆိုရိုးစကားတွင်ရှင်သန်ခဲ့ကြသော မောင်မိုးညိုတို့မြန်မာတွေသည်လည်း၊ သူများပြောသမျှနားယောင်၍မဲထည့်ကြသောဘ၀မှလွတ်မြောက်ရေးကားသာ၍ပင်အရေးကြီးသေးသည်။ လွတ်လပ်၍တရားမျှတသောလောကပါလတရားလွှမ်းမိုးရာအမေရိကားသို့ရောက်ပြီးခါမှ၊ လေ့လာစူးစမ်းခြင်း အလျင်းမရှိသောအဖြစ်တွေကိုခ၀ါချကြရန်လိုအပ်ပေပြီ။ မည်သည့်သမ္မတလောင်းယှဉ်ပြိုင်သူတွေက၊ မိမိ တို့၏နေ့တဓူဝဘ၀ဖူလုံမျှတစေရေးကိုဆောင်ရွက်ပေးနိုင်မည်၊ ကာကွယ်ပေးနိုင်မည်ဆိုသည်တို့ကိုဓမ္မဓိဌာန် ကျကျကြည့်တတ်အောင်ကြည့်ရန်အထူးလိုအပ်ပေသည်။ မြန်မာတို့ မိရိုးဖလာစဉ်လာစရိုက်လွှမ်းမိုးမှု (conservatism) ကို၊ အမေရိကနိုင်ငံ၏ conservatism နှင့်ထပ်တူကျသည်ဟူသောအယူဝါဒလွဲမှားမှုကို ပြင်ဆင်ရန် လိုအပ်ချိန်ရောက်ပေပြီ။ လူမျိုးကြီးတစ်ယူသန်ဝါဒကြီးစိုးလာမှုမှရှောင်ရှားနိုင်ကြပါစေ။

No comments:

Post a Comment